
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို သြဂုတ် ၆ ရက် သန်းခေါင်အချိန်မှာ စစ်တပ်က ဗုံးကြဲတာကြောင့် စာသင်ကျောင်းဆောင်တွေအပါအဝင် လူနေအိမ်တွေပျက်စီးပြီး အိမ်မွေး တိရိစ္ဆာန်တွေလည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေး က “ညသန်းခေါင် ၁၂ နာရီမှာ ဝက်လက်အရှေ့ခြမ်းက ကမ်းဖြူရွာစာသင်ကျောင်းနားကို ဖိုက်တာ ၁ စင်းက Air Strike လုပ်သွားလို့ စာသင်ဆောင်အကြီး ၂ ဆောင်နဲ့ ပတ်ဝန်းကျင်က အိမ် ၃ လုံးပျက်စီးသွားပါတယ်။ နွား ၁၃ ကောင် သေဆုံးခဲ့ပြီးတော့ ရွာကပြည်သူတွေက စစ်ရှောင်နေကြတာလည်းကြာပြီဆိုတော့ စာသင်ကျောင်းကလည်းပိတ်ထားတာပါ။ အဲဒါကြောင့် ပြည်သူထိခိုက်တာမရှိဘူးလို့သိရပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့လကုန်ပိုင်းကစလို့ ဝက်လက်အရှေ့ခြမ်းကို လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
ဝက်လက်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “စစ်တပ်စစ်ကြောင်းက အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာတွေရဲ့အရှေ့ဘက် သစ်ဆိမ့်ရွာမှာအထိုင်ချနေတာ ၇ လ လောက်ရှိနေပြီ။ ရှေ့ဆက်တိုးတာတွေဘာတွေလည်းမရှိဘူး။ အဲဒီအထိုင်စစ်ကြောင်းလှုပ်ရှားဖို့ လေကြောင်းကနေ မကြာခဏ ပစ်ကူပေးနေတာဖြစ်နိုင်တယ်။ တိုက်ပွဲဖြစ်နေတာတော့မရှိပါဘူး။ တင်းမာနေတယ်လို့တော့ ပြောလို့ရတယ်” လို့ DVB ကို ပြောပါတယ်။
ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့ ဝက်လက်မြို့နယ်အရှေ့ခြမ်းက ဒေသခံ ပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန် အန္တရာယ်တွေကို အထူးသတိပြုနေထိုင်ကြဖို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာရှိကြတဲ့ ငါးပတ်ချောင်းကျေးရွာ အနောက်မြောက်ဘက်ကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် လုပ်ခဲ့တာကြောင့် အသက် ၇၆ နှစ် အရွယ် ဦးသန်းလွင် ဦးခေါင်းထိမှန်ဒဏ်ရာရရှိခဲ့သလို ဇူလိုင် ၃၁ ရက်နေ့မှာပဲ အဲဒီကျေးရွာ ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထပ်လုပ်ခဲ့ကာ မင်းကုန်းကြီးကျေးရွာအနီးကိုလည်း ဇူလိုင် ၃၁ ရက်နေ့နဲ့ သြဂုတ် ၂ ရက်မှာ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါသေးတယ်။










