DVB Logo
Home
မြန်မာသတင်း
ဦးခိုင်မျိုးထွန်းအား ရုံးထုတ်၊ တရားလို ဒုဗိုလ်မှူးကြီးကို စစ်ဆေး
DVB
·
August 5, 2016
ဦးခိုင်မျိုးထွန်းအား ရုံးထုတ်၊ တရားလို ဒုဗိုလ်မှူးကြီးကို စစ်ဆေး
1 / 3
Donate to DVB

တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြေငြာချက်ထုတ်ပြန်သူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ပြန်ကြားရေး တာဝန်ခံ ဒုတိယဥက္ကဋ္ဌ (ဟောင်း) ဦးခိုင်မျိုးထွန်းကို စစ်တွေမြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးရာ သံဃာတွေအပါအ၀င် လူရာနဲ့ချီပြီး လာရောက်စုရုံးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ရခိုင်ပြည်နယ်တွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပြီး အစိုးရတပ်ဘက်က ရွာသားတွေကို ဖမ်းဆီးနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ကြောင်း သူတို့ပါတီက မေ ၂၄ ရက်နေ့ ကြေငြာချက်ထုတ်ပြန်ခဲ့ရာမှာ တပ်မတော်ကို အများပြည်သူအကြည်ညိုပျက်အောင် မမှန်မကန်စွပ်စွဲပြောဆိုမှုနဲ့  ဒုဗိုလ်မှူးကြီး တင့်နိုင်ထွန်းက ပုဒ်မ ၅၀၅ (ခ)၊ ၅၀၅ (ဂ) တွေနဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ တရားခွင်မှာ ဥပဒေအရာရှိက သက်သေခံဥပဒေအရ တရားလို ဒုဗိုလ်မှူးကြီး တင့်နိုင်ထွန်းကို ဦးစွာစစ်ဆေးခဲ့ပြီး တရားလိုကလည်း သက်သေခံ ထုတ်ပြန်ကြေညာချက် စာရွက်နဲ့တကွ တပ်မတော်ဘက်က တာဝန်အရဆောင်ရွက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုမရှိကြောင်း လျှောက်ထားခဲ့တယ်လို့ ဦးခိုင်မျိုးထွန်းဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးဦးကျော်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

"၂၀၁၆ ခုနှစ် ဧပြီလ ၂၄ ရက်နေ့  ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ သဘောထားထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ခိုင်မျိုးထွန်းကို တရားစွဲတဲ့အကြောင်း၊ အဲဒီစာရွက်ကို သက်သေခံ (က) အဖြစ်အရင်တင်သွင်းတယ်၊ ကြေညာချက်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ အရင်ဆုံးတွေ့ရတယ်ပေါ့နော်၊ ပြီးတော့ အစိုးရအနေနဲ့ လတ်တလောဧပြီလမှာဖြစ်တဲ့ စစ်ပွဲမှာရော အရင်ကဖြစ်တဲ့ စစ်ပွဲတွေမှာရော ပေါ်တာဆွဲတာမရှိဘူး၊ သူတို့ဘက်က ဥပဒေနဲ့အညီ လုပ်ခဲ့တာဖြစ်တယ်၊ ဘာမှ ကျူးလွန်ခြင်းမရှိဘူးပေါ့၊ ဒီစတိတ်မဲန့်က အများပြည်သူအကြည်ညိုပျက်အောင် မမှန်မကန်ပြောဆိုတယ်၊ မမှန်မကန်စွပ်စွဲတယ်၊ အဲဒီပေါ်မှာ သူတို့တရားစွဲရခြင်းဖြစ်တယ်လို့ ပြောတယ်။"

ဦးခိုင်မျိုးထွန်းဘက်ကတော့ ပြောဆိုတင်ပြတာ မရှိကြောင်း၊ ဒီကနေ့ စစ်ဆေးချက်မှာ အဓိက စစ်မေးခြင်းတ၀က်ပဲ ပြီးမြောက်ခဲ့ပြီး နောက်လာမယ့် တတိယအကြိမ် ရုံးထုတ်စစ်ဆေးခြင်းကို သြဂုတ် ၁၂ ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်တယ်လို့ သူက ဆက်ပြောပါတယ်။

ဦးခိုင်မျိုးထွန်းရင်ဆိုင်နေရတဲ့ အမှုမျိုးဟာ အများဆုံးထောင်ဒဏ် ၂ နှစ်သာ ကျခံရမှာဖြစ်ကြောင်း၊ ဒါပေမယ့် သူတို့ဘက်ကတော့ တရားမျှတရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အာမခံရဖို့ လျှောက်ထားကြောင်း၊ ဒါပေမယ့် ဒီကနေ့ထိတော့ အာမခံမရသေးဘူးလို့ ဆိုပါတယ်။

ဦးခိုင်မျိုးထွန်းဘက်ကနေ လိုက်လံလျှောက်လဲချက်ပေးမယ့်ရှေ့နေမှာ သူအပါအ၀င် တရား လွှတ်တော်ရှေ့နေ ဒေါ်မေသက်ခိုင် နဲ့ အထက်တန်းရှေ့နေ ဦးမျိုးမြင့်သိန်းတို့ပါ ၃ ဦးရှိပါတယ်။

ဒီနေ့ရုံးထုတ်ရာမှာ တချို့က တရားခွင်ထဲလာရောက်နားထောင်သလို တချို့က အပြင်ကနေ ဦးခိုင်မျိုးထွန်းကို လာရောက် အားပေးခဲ့ကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013