DVB Logo
Home
မြန်မာသတင်း
ကချင်တွင် စစ်ရှောင်ဒုက္ခသည် ၄ သောင်းခန့် ရှိဟု နယ်စပ်ရေးရာဒုဝန်ကြီးပြော
DVB
·
August 5, 2016
ကချင်တွင် စစ်ရှောင်ဒုက္ခသည် ၄ သောင်းခန့် ရှိဟု နယ်စပ်ရေးရာဒုဝန်ကြီးပြော
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နယ်မြေလုံခြုံရေးအရ စစ်ရှောင်ဒုက္ခသည်ဦးရေ ၃၉၃၇၆ ဦးရှိတယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ပြောပါတယ်။

“ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်ဇွန်လမှစတင်ပြီး ပဋိပက္ခများဖြစ်ပွားခဲ့ရာ နယ်မြေလုံခြုံရေး အခြေအနေအရ စစ်ရှောင်ဒုက္ခသည် မိသားစုများအတွက် မြစ်ကြီးနား၊ ဝိုင်းမော်၊ ကန်ပိုက်တီး၊ ချီဗွေ၊ ပန်ဝါ၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ကာမိုင်း၊ ဗန်းမော်၊ မိုးမောက်၊ လွယ်ဂျယ်၊ မန်စီ၊ ရွှေကူ၊ ဒေါ့ဖုန်းယန်၊ ပူတာအို၊ ဆွမ်ပရာဘွမ်ဒေသများတွင် ၂၀၁၆ခုနှစ် ဇွန်လ အထိစုစုပေါင်းကယ်ဆယ်ရေးစခန်း ၉၄ ခု ဖွင့်လှစ်ခဲ့ပြီး အဆိုပါကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စု (၈၀၉၈) စု၊ စုစုပေါင်းရွှေ့ပြောင်းနေထိုင်သည့်လူဦးရေ (၃၉၃၇၆) ဦးရှိကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တင်ပြချက်အရသိရှိရပါတယ်။” လို့ဆိုပါတယ်။

မြစ်ကြီးနား မဲဆန္ဒနယ်မှ ဦးအင်ထုံးခါးနော်ဆမ်က နယ်စပ်ဒေသများ၌ တိုက်ပွဲများ ဖြစ်နေခြင်းကြောင့် စစ်ရှောင် ဒုက္ခသည်များအတွက် မည်သို့ ဆောင်ရွက်ပေးနေကြောင်းနဲ့ နှစ်ဖက် လက်နက်ကိုင်အဖွဲ့ အကြီးအကဲများထံသို့ ညှိနှိုင်းဖြေရှင်းပေးရန်နဲ့ပတ်သတ်တဲ့ ကြယ်ပွင့်ပြမေးခွန်းကို ဖြေဆိုရာမှာထည့်သွင်းဖြေကြားသွားတာပါ။

အစိုးရအနေနဲ့ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဇွန်လကစပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကယ်ဆယ်ထောက်ပံ့မှုတွေဆောင်ရွက်ပေးခဲ့ရာ ၂၀၁၆ ခုနှစ် မေလအထိ စားဝတ်နေရေးအတွက် လတ်တလောထောက်ပံ့ငွေကျပ် ၃၀၈၃.၆၀၅ သန်းနဲ့ ပစ္စည်းတန်ဖိုးငွေကျပ် ၁၅၁၃၀.၅၁၃ သန်း ထောက်ပံ့ဆောင်ရွက်ခဲ့တဲ့အနက် နယ်စပ်ရေးရာဝန်ကြီးဌာနက ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ပစ္စည်းနဲ့ ငွေသားထောက်ပံ့မှု ကျပ် ၁၇၈.၁၃၆ သန်း ထောက်ပံ့ပြီးခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။

ထို့ပြင် ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ၂၀၁၁ခုနှစ် သြဂုတ်လမှစတင်ပြီး ၂၀၁၆ခုနှစ် မေလအထိစုစုပေါင်း ရိက္ခာဆန် (၈၂၅၀၄.၈၃၂)တန်၊ ဆီ (၅၂၀၁.၁၆၅၆)တန်၊ ပဲ (၁၁၂၀၇.၈၉ ၈၆)တန်၊ ဆား (၉ ၁၂.၁၇၅)တန်၊ အာဟာရမှုန့် ၆၁.၅၆၇တန်နဲ့ အားဖြည့်ဘီစကစ် (၁၅.၇၉ ၁)တန် တို့အား ဖြန့်ဝေထောက်ပံ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကချင်ပြည်နယ်က စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေမှာ မိုးရာသီဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး၊ နေထိုင်ရေးနဲ့ စားဝတ်နေရေးတွေမှာ အခက်အခဲဖြစ်နေတယ်လို့ မြစ်ကြီးနားမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ် ကဆိုပါတယ်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ စားနပ်ရိက္ခာထောက်ပံ့မှုကို ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP)နဲ့ ၂၀၁၅ခုနှစ်ကနေ ၂၀၁၈ခုနှစ်အထိ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ထောက်ပံ့မှုတွေပြုလုပ်ဖို့ နားလည်မှုစာချွန်လွှာ(MOU) ထိုးထားတယ်လို့ လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013