DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်၌ ရွာပေါင်း ၈၀ ခန့်ရေနစ်မြုပ်၊ စားနပ်ရိက္ခာအကူ အရေးပေါ်လိုအပ်နေ
DVB
·
August 5, 2016
ပခုက္ကူမြို့နယ်၌ ရွာပေါင်း ၈၀ ခန့်ရေနစ်မြုပ်၊ စားနပ်ရိက္ခာအကူ အရေးပေါ်လိုအပ်နေ
Donate to DVB

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ  ကျေရွာအုပ်စု ၂၆ အုပ်စုက ကျေးရွာပေါင်း ၇၆ ရွာခန့်ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့   ရေဘေးကယ်ဆယ်ရေးစခန်း ၅၀ လောက်ကို ဖွင့်လှင့်ထားရတယ်လို့ ပခုက္ကူမြို့နယ် တိုင်းလွှတ်တော်အမတ် ဦးဟန်ဇော်ဝင်းက ပြောပါတယ်။

ရေကြီးတဲ့အတွက် ပခုက္ကူမြိုနယ်တခုထဲမှာတင် ရေဘေးသင့်သူ  ၃ သောင်းနီးပါးရှိနေပြီး ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ၀က် စတဲ့ တိရိစ္ဆာန်တွေ သောင်းချီ နေရာရွှေ့ပြောင်းထားရတယ်လို့လည်း ဦးဟန်ဇော်ဝင်းက ပြောပါတယ်။

“ရေက ဒီနေ့မှာ ၃ လက်မတော့ကျသွားတယ်။ အခုက ကျနော်တို့က ကုန်းတွေပေါ်မှာ တက်နေကြရတယ်။ ရေဘေးစခန်းက အကြီးရော၊ ဟိုစု၊ ဒီစုနဲ့နီးစပ်ရာနေရာတွေရော ဆိုရင် ၅၀ လောက်ရှိတယ်။ တမြို့နယ်လုံးပေါ့နော်။ ရေကြီးတာက မြို့ပေါ်ရပ်ကွက်တွေရောပါတယ်။ အားလုံးပေါင်း ကျေးရွာအုပ်စု ၂၆ အုပ်စုလောက်ရှိတယ်။ အုပ်စုတခုမှာကျေးရွာ ၅ရွာရှိတယ်၊ ၁၀ ရှိတယ်။ အမျိုးမျိုးပေါ့။”

ဒီဒေသမှာ ရေ၀င်ပြီး ရေကြီးရေလျှံတာ ၈ ရက်လောက်ရှိနေပြီဖြစ်တဲ့အတွက် တချို့နေရာတွေမှာ ဖျားနာပြီး တုတ်ကွေးရောဂါဖြစ်နေပြီး ဆေးဝါးနဲ့ သောက်သုံးရေအကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ရေကြီးမှုကြောင့် မူလတန်းကျောင်းအများစုအပါအ၀င် အခြေခံပညာ စာသင်ကျောင်းပေါင်း ၃၀ လောက် လည်း ပိတ်ထားရပါတယ်။

မကွေးမြို့နယ်ထဲက အိမ်ခြေ ၁၅၀ လောက်ရှိတဲ့  သဖမ်းဆိပ်ရွာမှာတော့  တရွာလုံးရေနစ်မြုပ်နေတဲ့အတွက် နေရေးထိုင်ရေးနဲ့ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သဖမ်းဆိပ်ရွာက  ဦးမင်းသိန်းက ပြောပါတယ်။

“ရွာကတောင်ဖက်၊ မြောက်ဖက် ၂ ခုရှိတာဆိုတော့  တောင်ဖက်ခြမ်းကတော့ လူ့လည်ပင်းလောက် အထိနစ်တယ်။ အိမ်ခြေတော်တော်အကုန်မြုပ်တယ်။ ဒီဖက်ခြမ်းကနေ ရေတွေ အကုန်ရောက်နေတယ်ဆိုတော့ အိမ်ခြေမြင့်တဲ့သူကတော့ အိမ်ပေါ်တက်နေပေါ့။ အကူအညီကတော့ လူမှုကယ်ဆယ်ရေးက လူတယောက်ကို ငွေကျပ်၉၀၀၊ သုံးရက်စာပေးတယ်။ ကျန်တာ ဘာအကူအညီမှမရဘူး။ ပြောရရင် ကျနော်တို့မှာ စားစရာတော်တော်ခက်ခဲ့တယ်။ မိုးရွာရင်နေစရာ ခက်ခဲ့တယ်။ တဲထိုးနေရတယ်ဆိုတော့ မိုးကာဘာညာမရှိရင် မိုးရွာရင် မိုးပေါက်ကျတော့ နေလို့မရဘူးပေါ့။ စားစရာကတော့ ဒီရွာမှာက အုတ်ကျင်းလုပ်တာဆိုတော့ အုတ်ကျဉ်းကပါအကုန်မြုပ်သွားတာဆိုတော့ ကျနော်တို့ ရွာမှာ စားစရာတော်တော်လေးကို ခက်ခဲနေတယ်။”

သြဂုတ် ၃ ရက်နေ့ထုတ်ပြန်တဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ လူပေါင်းတသိန်းခုနှစ်သောင်းကျော် ရေဘေးသင့်နေပြီး မကွေးတိုင်းမှာ တသိန်းနီးပါး ရေဘေးသင့်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013