DVB Logo
Home
မြန်မာသတင်း
အစိုးရထုတ်ပြန်သည့် စီးပွားရေးမူဝါဒ အသေးစိတ် စောင့်ကြည့်ရမည်
DVB
·
August 5, 2016
အစိုးရထုတ်ပြန်သည့် စီးပွားရေးမူဝါဒ အသေးစိတ် စောင့်ကြည့်ရမည်
Donate to DVB

အစိုးရအဖွဲ့က ထုတ်ပြန်လိုက်တဲ့ စီးပွားရေးမူဝါဒတွေဟာ ခေါင်းစဉ်တွေသာဖြစ်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေက အသေးစိတ် လုပ်ဆောင်သွားမယ့် အစီအစဉ်ကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ စီးပွားရေး လေ့လာကျွမ်းကျင်သူတွေက ပြောဆိုလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဆိုင်ရာ မူဝါဒကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ခဲ့တဲ့ အစိုးရရဲ့ စီးပွားရေး မူဝါဒတွေဟာ ခေါင်းစဉ်တွေသာဖြစ်လို့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေက ထပ်မံ အသေးစိတ် လုပ်ဆောင်သွားရဖို့ ရှိတယ်လို့ စီးပွားရေး လေ့လာကျွမ်းကျင်သူတဦးဖြစ်တဲ့ ဦးရဲမင်းဦးက ထောက်ပြပြောပါတယ်။

“အစိုးရက သူ့မှာ Plan ရှိတယ်။ Plan ရှိတော့ သူက တဆင့်ချင်း ကြေညာမယ်ဆိုတဲ့ သဘောမျိုး သွားတာပေါ့။ လက်ရှိ မူဝါဒ ကြေညာတာက ခေါင်းစဉ်အရင် စကြေညာတာ။ ဒီခေါင်းစဉ်မှာ ဘယ်လောက်ပြည့်စုံသလဲကို ကျနော်တို့က ကြည့်ရမှာပေါ့။ ဒီခေါင်းစဉ်မှာ ဘယ်အချက်အလက်တွေ ကျန်ခဲ့သလဲ။ ဒီခေါင်းစဉ်မှာ ဘယ်အချက်အလက်တွေ ပါသင့်တာတွေ ပါနေသလဲ။ ပါသင့်တာ တော်တော်များများ ပါနေတယ်ဆိုရင် ကျနော်တို့က လက်ခံရမှာပေါ့။ ကြိုဆိုရမယ်ပေါ့။ ပြီးသွားမှ နောက်ထပ် Detail Plan ကို ဘယ်ဝန်ကြီးဌာနက ဘယ်လို ဆက်ရေးမှာလဲ။ အဲဒါ ဆက်ထွက်လာရင် ကျနော်တို့ အဲဒါကို ဆက်လေ့လာရမှာ။ ချက်ချင်းကြီးတော့ ခုဟာက အားလုံး အပြည့်အစုံ ပြောချင်တာက စီးပွားရေးမူဝါဒ ကြေညာပါတယ် ဆိုတာကို စာမျက်နှာ တရာလောက်ရှိတဲ့ စာအုပ်ကြီး ထွက်မလာတာတော့ သေချာတယ်ပေါ့။”

စီးပွားရေးလုပ်ငန်းရှင်တဦးလည်းဖြစ်ပြီး ကုန်သည်စက်မှုအသင်းချုပ်က ဒု-ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကတော့ အစိုးရက ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးမူဝါဒဟာ အများက ပြောဆိုနေကြသလို ယေဘုယျဆန်တာကြောင့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်စေတယ်လို့ ပြောပါတယ်။

“အများပြောသလို ကစားကွင်းတော့ ပေးပြီ။ ကစားကွက်ရယ်၊ ဥပဒေတို့ ဘာတို့ ချမှတ်ထားတာရယ်၊ နည်းဥပဒေတို့ ဘာတို့ အကုန်လုံး လုပ်ရမယ့် အသေးစိတ်ကို ဖော်ပြထားခြင်း မရှိတဲ့အတွက် ဘယ်လိုသွားရမလဲ၊ ဘယ်လမ်းစဉ်မျိုးနဲ့ ဘယ်လိုသွားမလဲ။ သူတို့ရဲ့ ရည်မှန်းချက်တွေရယ်၊ သူတို့ရဲ့ Mission, Vission ကို ဘယ်လိုဖော်ဆောင်မလဲဆိုတာ ပွင့်ပွင့်လင်းလင်း တိတိကျကျ မဖော်ပြထားတဲ့အတွက် လူတွေက စနိုးစနောင့် ဖြစ်ကြရပါတယ်။ ဒီကိစ္စတွေဟာ ဒီပေါ်လစီ မူဝါဒတွေဟာ အားလုံးက ပြည်တွင်းပြည်ပ မျှော်လင့်တောင့်တနေတဲ့ဟာပါ။ ဒါကြောင့်မို့ ထပ်မံပြီးတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက အသေးစိတ် တခုချင်းတခုချင်းကို ရှင်းလင်းပြီးတော့၊ ဖော်ပြပြီးတော့ ဘယ်လိုလုပ်လို့ရမယ်၊ ဘယ်ဟာကို ကစားခွင့်ပေးမယ်၊ ဘယ်ဟာကို ကန့်သတ်ထားတယ် ဆိုတာကိုတော့ တိတိကျကျနဲ့ ဖော်ပြသင့်ပါတယ်။”

အစိုးရအဖွဲ့က တိုင်းပြည်ရဲ့ စီးပွားရေးကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ချက် လေးချက်နဲ့အညီ စီးပွားရေး မူဝါဒ အချက် ၁၂ ချက်ကို ကဏ္ဍပေါင်းစုံ ဖြန့်ကျက်ပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013