DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ၀တ်ပြုကိုးကွယ်ဆောင် မီးရှို့သူများကို အရေးယူမည်
DVB
·
August 4, 2016
ဖားကန့်တွင် ၀တ်ပြုကိုးကွယ်ဆောင် မီးရှို့သူများကို အရေးယူမည်
Donate to DVB

ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့ခင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အစ္စလာမ်ဝတ်ပြု ကိုးကွယ်ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့သူတွေကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ အရေးယူမယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြေညာပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာရှိ နိုင်ငံတော်ပိုင် မြေလွတ်မြေလပ်နှင့်မြေရိုင်း ဧက၀က်ပေါ်မှာ ခွင့်ပြုချက်မဲ့ အစ္စလာမ်ဝတ်ပြုအဆောက်အအုံ အပါအဝင် အဆောက်အအုံ လေးလုံး ကျူးကျော်ဆောက်လုပ်ထားကြောင်း၊ တာဝန်ရှိသူတွေက ဖျက်ခိုင်းရာမှာ သုံးလုံးကိုသာဖျက်ပေးပြီး တလုံးကျန်ရစ်ကြောင်း၊ အဲဒီတလုံးဟာ မူလ အဆောက်အအုံဖြစ်တာကြောင့် ဘာသာရေး အယူအဆအရ ဖျက်သိမ်းရန် ငြင်းဆန်ခဲ့သဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေစဉ်မှာပဲ ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့ ညနေမှာ  လူတစုက မီးရှို့ဖျက်ဆီးမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဖော်ပြပါတယ်။

အဆိုပါ ဝတ်ပြုကိုးကွယ်ဆောင်အား တရားမဝင် လွှဲပြောင်းပေးအပ်သူတွေကိုလည်း တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူမယ်လို့  ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီအဆောက်အအုံတွေရဲ့ ဖြစ်တည်မှုအစဟာ ၁၉၈၅ ခုနှစ်မှာ လုံးခင်းကျေးရွာနေ အစ္စလာမ် ဘာသာဝင်တဦး (ကွယ်လွန်) ရဲ့ တောင်းဆိုချက်အရ လုံးခင်းကျေးရွာအုပ်စု ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ(ကွယ်လွန်)က ယာယီအိမ်ဆောက်ခွင့်ပြုပြီး ကွယ်လွန်ရင် အလိုလိုပျက် ပြယ်မယ် ဆိုတဲ့ကတိနဲ့ နေထိုင်ခွင့်ပြုခဲ့တဲ့နေရာဖြစ်ပါတယ်။

ဥရုချောင်းတံတားဆောက်တဲ့ ၂၀၁၄ စက်တင်ဘာကစလို့ အဲဒီနေရာကို ကာရံထားစဉ် အင်ဂျင်နီယာ ဦးဆန်နီသိန်း (အစ္စလာမ် ဘာသာဝင်) က ဂေါပကတွေနဲ့ပူးပေါင်းပြီး အဲဒီနေရာမှာ အဆောက်အဦ ၄ လုံးဆောက်ပြီး ၀တ်ပြုဆောင်အဖြစ်သုံးခဲ့တာလို့ဆိုပါတယ်။

ဥရုချောင်းတံတားဖွင့်လှစ်တဲ့ ဒီနှစ်မတ်လ ၂၈ ရက်နေ့ကျမှ ဘာသာရေးအဆောက်အအုံတွေ ထင်ထင် ရှားရှားတွေ့မြင်ရတဲ့အတွက် ဒေသရှိ သံဃာတော်တွေနဲ့ ရွာသားတွေက ကန့်ကွက်တားမြစ်ခဲ့ကြသလို့ သက်ဆိုင်ရာထံတင်ပြခဲ့လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့တာဝန်ရှိသူတွေက ဇွန်လ ၂၅ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ အစ္စလာမ်ဝတ်ပြုကျောင်းဆောင်ဂေါပကအဖွဲ့ဝင်တွေနဲ့ဆွေးနွေးပြီးတဲ့နောက် နိုင်ငံပိုင် မြေလွတ် မြေလပ်နဲ့မြေရိုင်းကျူးကျော်မှု ဆိုင်ရာဥပဒေအရ အရေးယူဖို့နဲ့ မလိုက်နာပါက တရားစွဲဆိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီနောက် အစ္စလာမ်ဝတ်ပြုကျောင်းအဖွဲ့က အဆောက်အအုံလေးလုံးအနက် ၃ လုံးကို ဖျက်ပေးပြီး တလုံးကို ဖျက်ဖို့ငြင်းဆန်ကြောင်းနဲ့ ဒီအပေါ် လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်နေစဉ်မှာ လူတစုက မီးရှို့ခဲ့တာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကြေညာချက်ထဲမှာ  ဘာသာအသီးသီး တရားမ၀င်အဆောက်အအုံတွေကို ဘာသာမခွဲ ခြားဘဲ အရေးယူဆောင်ရွက်မှုတွေကိုလည်း ထည့်သွင်းဖ်ာပြပါတယ်။ နေပြည်တော်ကောင်စီ နယ်မြေထဲက ကျူးကျော်ဘုန်းကြီးကျောင်း ၂၄ ကျောင်ကို ရှင်းလင်းဆောင်ရွက်ခဲ့တယ်၊ ထပ်မံကျူးကျော်တဲ့ ဘုန်းကြီးကျောင်းတွေကိုလည်း စိစစ်အရေးယူနေ တယ်လို့ ဆိုပါတယ်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်ဘုန်းကြီးကျောင်း ၁၇၃ ကျောင်း၊  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျူးကျော် ဘုန်းကြီးကျောင်း ၈၆ ကျောင်း၊ ကိုးကွယ်ရာဘာသာ အသီးသီးရဲ့ ကျူးကျော်ဘာသာရေးအဆောက်အအုံတွေကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်း တွေနဲ့အညီ ဖယ်ရှားရှင်းလင်းနေတယ်လို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013