DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း မှုခင်းအဖြစ်အများဆုံး ၈ မြို့နယ်ကို စီမံချက် စတင်
DVB
·
August 3, 2016
ရန်ကုန်တိုင်းအတွင်း မှုခင်းအဖြစ်အများဆုံး ၈ မြို့နယ်ကို စီမံချက် စတင်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မှုခင်းအဖြစ်အများဆုံး မြို့နယ်တွေကို ဆန်းစစ်ပြီး မြို့နယ် ၈ မြို့နယ်ကို ရွေးချယ်ကာ မှုခင်းကျဆင်းရေး စီမံချက်ကို အခု သြဂုတ် ၁ ရက်နေ့ကစလို့ ၁ လစီမံချက်နဲ့ စတင်နေပြီလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။

“အခု ဒီစီမံချက်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လက်ရှိ ပြီးခဲ့တဲ့ စီမံချက်မစခင် တလအတောအတွင်းမှာ ကျနော်တို့ ဆန်းစစ်ချက်အရပေါ့၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မှုခင်းအများဆုံး သူ့ရဲ့ သက်ဆိုင်ရာ ခရိုင်အလိုက်ပေါ့၊ မှုခင်းအများဆုံး ဖြစ်ပေါ်နေတဲ့ မြို့နယ်တွေကို ကျနော်တို့ ဆန်းစစ်ပြီးတော့ လက်ရှိ ၈ မြို့နယ်ပေါ့။ အရှေ့ပိုင်းခရိုင်မှာဆိုရင် ဒဂုံမြောက်နဲ့ သာကေတ၊ အနောက်ပိုင်းခရိုင်မှာဆိုရင် စမ်းချောင်းနဲ့ မရမ်းကုန်း၊ တောင်ပိုင်းခရိုင်မှာဆိုရင် ဒလနဲ့ တွံတေး၊ မြောက်ပိုင်းခရိုင်မှာဆိုရင် အင်းစိန်နဲ့ မင်္ဂလာဒုံ၊ အမှုတွေများတဲ့ မြို့နယ်တွေထဲက လက်ရှိ ၈ မြို့နယ်ကို ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲမှူးလှဝေက ပြောပါတယ်။

အခု ၈ မြို့နယ် စီမံချက်က ဒုတိယအကြိမ် လုပ်တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့မှာ ပြည်သူလူထုအခြေပြု မှုခင်းကျဆင်းရေး စီမံချက်ကို တောင်ဒဂုံ၊ ကမာရွတ်၊ လှိုင်သာယာ၊ သန်လျင် ၄ မြို့နယ်ကို တလအတွင်း ဆောင်ရွက်ခဲ့ပါတယ်။

စီမံချက်ကာလအတွင်း အဲဒီမြို့နယ်တွေအတွင်းက အမှုအခင်းတွေ တ၀က်နီးပါး ကျဆင်းသွားတယ်လို့ သူက ဆက်ပြောပါတယ်။

“စီမံချက်လုပ်ကိုင်ခဲ့တဲ့ ၄ မြို့နယ်အတွင်းမှာ အမှုကြီးဆိုရင် ကျနော်တို့ ယခင်လက မလုပ်ခင်လက ၁၅ မှုရှိရာကနေပြီးတော့ ကျနော်တို့ စီမံချက်စတဲ့ ကာလမှာ ၈ မှုပဲ ဖြစ်တဲ့အတွက်ကြောင့် ၇ မှုထိ လျော့နည်း ကျဆင်းသွားတာကို တွေ့ရပါတယ်။ အဲလိုပဲ အခြားအမှုဆိုရင်လည်း အမှု ၃၀ ကျော်လောက် လျော့နည်း ကျဆင်းသွားပါတယ်။ ကြိုတင်ကာကွယ်မှုဆိုလည်း ၁၁၀ မှုလောက် ကျနော်တို့ ကြိုတင်ကာကွယ်ပြီးတော့ ဖမ်းဆီးနိုင်ခဲ့ပါတယ်” လို့ ရဲမှူးလှဝေက ဆက်ပြောပါတယ်။

လက်ရှိ ၄ မြို့နယ်စီမံချက် ပြီးသွားပေမယ့် စီမံချက်ကာလအတိုင်းပဲ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်နေတာပါ။

အခု ၈ မြို့နယ် စီမံချက်ပြီးရင်လည်း တခြားမြို့နယ်တွေကို ရွေးချယ်ကာ မှုခင်းကျဆင်းရေး စီမံချက်တွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013