
ဧရာဝတီမြစ်ရေ တက်လာတာကြောင့် ညောင်ဦးခရိုင် တောင်ဘီလယ်ယားအုပ်စုမှာ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ အရှေ့ဆယ်လန်တရွာလုံး ပြောင်းရွှေ့နေရပြီး မြစ်ရေမြင့်တက်မှုနဲ့အတူ လူနေအိမ် ၁၀ လုံးထက်မနည်း မျောပါဆုံးရှုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကတည်းက ဆယ်လံရွာသားတွေက နေအိမ်တွေ စတင်ရွှေ့ပြောင်း နေကြပေမယ့် အခုချိန်ထိ မရွှေ့နိုင်သေးတဲ့အိမ်တွေ ရှိနေဆဲပါ။
ရေဘေးနဲ့ကြုံနေတဲ့ အရှေ့ဆယ်လံရွာသားတွေဟာ ပုဂံမြို့ဟောင်း နတ်ထောင့်ကျောင်း၊ မြသီတာကျောင်း၊ ကမ္မကျောင်း၊ ရွှေကျောင်း၊ မြို့တောင်ကျောင်း၊ ရတနာမာန်အောင်ကျောင်း တွေမှာ နေထိုင်နေကြပါတယ်။
အိမ်ထောင်စု ၃၁၅ စုနဲ့ လူဦးရေ ၁၂၈၉ ရှိပြီး နေထိုင်စားသောက်ရေး အကူအညီတွေ လိုအပ်နေပါတယ်။ ဒီအရှေ့ဆယ်လန်ကျေးရွာဟာ ကုန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ရေကြီးပြီးနောက်ပိုင်း ကတည်းက ကျေးရွာပြောင်းရွှေ့ဖို့ သက်ဆိုင်ရာကို တင်ပြထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်းနှင့်ဓာတ်ပုံ - မြင့်နိုင်











