DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားတဦးကို လူတစုမှ ဖမ်းဆီးခေါ်ဆောင်ပြီး ဘတ်ငွေတသိန်းခွဲ ထုတ်ယူ
DVB
·
August 3, 2016
မြန်မာအလုပ်သမားတဦးကို လူတစုမှ ဖမ်းဆီးခေါ်ဆောင်ပြီး ဘတ်ငွေတသိန်းခွဲ ထုတ်ယူ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်မြို့မှာ သူတို့ကိုယ်သူတို့ တရားမ၀င် အလုပ်သမား နှိမ်နင်းရေး အထူးအဖွဲ့ကလို့ ပြောဆိုပြီး မြန်မာအလုပ်သမားတဦးကို ဖမ်းဆီးခေါ်ဆောင်ကာ ငွေညှစ်ယူခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ငွေညှစ်ခံရသူ အသက် ၄၀ အရွယ် ကိုမောင် (အမည်ရင်းမဟုတ်) ဆိုသူကို သူ့ရဲ့ အလုပ်ရှင်သူဌေးက သြဂုတ် ၂ ရက်နေ့ မနက်ပိုင်းမှာ ဖူးကက်ရဲစခန်းကို ခေါ်ဆောင်လာပြီး အမှုဖွင့် တိုင်ကြားပေးခဲ့ပါတယ်။

ကိုမောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက် နေ့ခင်းပိုင်းက ပချားခုမ်းခန်းမဆောင်အနီး ရှိနေစဉ် လူ လေးငါးဦးခန့် ရောက်လာပြီး သူတို့ကိုယ်သူတို့ တရားမ၀င်အလုပ်သမား ဖမ်းဆီးနှိမ်နင်းရေး အဖွဲ့ကလို့ ပြောဆိုကာ သူ့ကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူ့ကို အလုပ်အကိုင်နေရာ မှားယွင်းတယ်ဆိုပြီး တကိုယ်လုံး ရှာဖွေစစ်ဆေးကာ တယ်လီဖုန်းနဲ့ အေတီအမ်ကတ်ကို သိမ်းယူလိုက်တယ်လို့ ပြောပါတယ်။

အဆိုပါ လူတစုက ကိုမောင်ကို ကားတစီးနဲ့ တင်ဆောင်ကာ ကော်ဆီလယ်ကျွန်း လမ်းခွဲအရောက်မှာ အနောက်ကလိုက်လာတဲ့ ကားတစီးပေါ်က လူ သုံးလေးဦး ဆင်းလာပြီး သူ့ဆီက ဘတ်ငွေ ၂ သိန်း တောင်းခဲ့တယ်လို့ ဆိုပါတယ်။

ကိုမောင်က သူ့မှာ ငွေမရှိဘူးလို့ ပြောတဲ့အတွက် ငွေမပေးရင် တရားဥပဒေအရ အရေးယူခံရမယ့်အကြောင်း၊ မြန်မာပြည်ကို ပြန်ပို့မယ့်အကြောင်း ပြောဆိုပြီး တဘက်ကလည်း ရဲစခန်းမှူးဆီကို ဖုန်းဆက်တဲ့ပုံစံလုပ်ကာ သူ့ကို ဘယ်လိုအရေးယူမယ် ဆိုတာတွေကို ပြောဆိုနေတယ်လို့  ပြောပါတယ်။

အဲဒီနောက် သူ့ကို ပီတီတီဓာတ်ဆီဆိုင်နား ခေါ်သွားပြီး အေတီအမ်ကတ် လျှို့ဝှက်နံပါတ်မေးကာ စက်ထဲကနေ ၆ ကြိမ်၊ စုစုပေါင်း ဘတ်ငွေ ၁ သိန်း ၂ သောင်း ထုတ်ယူသွားကြောင်း၊ ကတ်ထဲမှာ နောက်ထပ် ဘတ်ငွေ ၅ သိန်း ကျန်ပေမယ့် ငွေထုတ်လို့ရတဲ့ ပမာဏနဲ့ အကြိမ် ပြည့်သွားတဲ့အတွက် ထပ်ထုတ်လို့ မရတော့ဘူးလို့ ဆိုပါတယ်။

ငွေရတာနဲ့ အဲဒီလူတစုက သူ့ကို ၀ိချစ်ရပ်ကွက် ၀ပ်နားခါဘုန်းကြီးကျောင်းရှိ ဈေးအနီးမှာ ပြန်လွှတ်ပေးပြီး ဒီအကြောင်း ဘယ်သူ့ကိုမှ မတိုင်ရ၊ မပြောရဘူးလို့ ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။

ကိုမောင်ဟာ လုပ်ငန်းခွင်မှာ ဘယ်သူ့ကိုမှ စကားမပြောဘဲ မူမမှန်စွာ မှိုင်နေတဲ့အတွက်  သူဌေးက ခေါ်မေးမှ အကျိုးအကြောင်း ပြောပြတာလို့ သူ့အလုပ်ရှင်က တာဝန်ရှိရဲတွေကို ပြောပြပါတယ်။

အဲဒီနောက် တာဝန်ရှိသူတွေက သူတို့ဆီမှာရှိတဲ့ ရဲဝန်ထမ်းပုံ၊ အုပ်ချုပ်ရေးရုံးရှိ လူတွေရဲ့ ဓာတ်ပုံတွေ ထုတ်ပြပြီး သူ့ကို လိမ်သွားတဲ့သူ ပါမပါ ကြည့်ခိုင်းကြောင်း၊ သူက ၀န်ထမ်းတယောက်ကို မှတ်မိကြောင်း လက်ညှိုးထိုးပြတဲ့အတွက် အဲဒီလူကို ခေါ်ယူစစ်ဆေးကာ ကျန်တဲ့လူတွေကိုပါ ဖော်ထုတ်စစ်ဆေး အရေးယူသွားမယ်လို့ ရဲစခန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013