DVB Logo
Home
မြန်မာသတင်း
အာဇာနည်နေ့အထိမ်းအမှတ် ဘုရားပန်းကပ်မိ၍ ကျောင်းထုတ်ခံရသူ ၄ ဦးကို ဂုဏ်ပြုမည်
DVB
·
August 2, 2016
အာဇာနည်နေ့အထိမ်းအမှတ် ဘုရားပန်းကပ်မိ၍ ကျောင်းထုတ်ခံရသူ ၄ ဦးကို ဂုဏ်ပြုမည်
Donate to DVB

အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဘုရားကို ပန်းကပ်မိလို့ ကျောင်းထုတ်ခံခဲ့ရတဲ့ နည်းပညာတက္ကသိုလ် ကျောင်းသား ၄ ဦးကို ဟင်္သာတမြို့သားတွေက ဂုဏ်ပြုပွဲလုပ်ဖို့ ပြင်ဆင်နေကြပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် စစ်အုပ်ချုပ်ရေး ကာလအတွင်းက ဟင်္သာတမြို့ နတ်မော် ရွှေသာလျောင်းဘုရားမှာ အာဇာနည်နေ့ အထိမ်းအမှတ် စာရေးပြီး ပန်းလှူခဲ့လို့ အဲဒီနေ့မှာပဲ ကျောင်းထုတ်ခံခဲ့ရတဲ့ နည်းပညာတက္ကသိုလ် ကျောင်းသား ၄ ဦးကို ဟင်္သာတမြို့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေက ဦးဆောင်ပြီး အခုသြဂုတ်လထဲမှာ ဂုဏ်ပြုပွဲ ပြုလုပ်ပေးဖို့ ပြင်ဆင်နေကြတာပါ။

“ဒီ အညတရ သူရဲကောင်းအဖြစ် ဟင်္သာတမြို့သူ မြို့သားတွေကနေပြီးတော့ သူတို့ကို၊ ဘာပဲဖြစ်ဖြစ် သူတို့ကို ကျောင်းကနေပြီးတော့ ကျောင်းထုတ်ခံရတဲ့အချိန်မှာ သူတို့အားလုံး ကွဲကွာသွားကြတယ်။ သူတို့ရဲ့ ပြန်လည်ပေါင်းစည်းမှု သဘောမျိုးနဲ့ ပွဲလေးတပွဲ လုပ်ပေးဖို့ အစီအစဉ်ရှိတယ်။ လုပ်ပေးမယ့်နေရာကတော့ အကြမ်းဖျဉ်း ခန့်မှန်းထားတာကတော့ ဟင်္သာတမြို့ အာရှလူငယ်တွေ အရိုးချခဲ့တဲ့ အာဇာနည်ကုန်းမှာပဲ ကျင်းပဖို့ အကြမ်းဖျဉ်းတော့ စီစဉ်ထားတယ်” လို့ ဟင်္သာတမြို့ ၈၈ (ငြိမ်း/ပွင့်) မှ ကိုစိန်သောင်းက ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် အာဇာနည်နေ့ကို နိုင်ငံအနှံ့မှာ နိုင်ငံတော်အခမ်းအနားအနေနဲ့ စည်ကားစွာ ကျင်းပခွင့် ရနေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ် အတိတ်ကာလမှာတော့ အာဇာနည်ကြီးတွေရဲ့ နာမည်ကို မပြောရဲခဲ့၊ ဓာတ်ပုံ မချိတ်ရဲခဲ့တဲ့ အမှောင်ကာလအချိန်တွေ ရှိခဲ့ပြီး အထိမ်းအမှတ် ပန်းကပ်လှူရုံနဲ့ ကျောင်းသား ၄ ဦး ကျောင်းထုတ်ခံခဲ့ရတာပါ။

“ဒီကာလက အာဇာနည်ခေါင်းဆောင်တွေကို ဘယ်သူမှ နှုတ်ကတောင်မှပဲ ပြောဖို့ တော်တော် ခက်ခက်ခဲခဲ ရှိနေတဲ့အချိန်မှာ တကယ်ပေးဆပ်ခဲ့ရတဲ့ ဒီကလေးတွေရဲ့ သမိုင်းကြောင်းကလည်း မသိသလောက် ဖြစ်နေတယ်။ ဒီကလေးတွေကို စုံစမ်းသိရှိပြီး ပေါ်ပေါက်လာတဲ့အချိန်မှာ ဒီကလေးတွေကို ဂုဏ်ပြုသင့်တယ်လို့ ကျနော်ကတော့ အဲလိုထင်ပါတယ်” လို့ အမေ့အိမ် ပညာဒါနမှ ကိုစောဝင်းက ပြောပါတယ်။

ကျောင်းထုတ်ခံရချိန်ကနေစပြီး တကွဲတပြားဖြစ်သွားကြတဲ့ သူတို့နဲ့ အဆက်အသွယ် ပြန်ရဖို့ အခမ်းအနား စီစဉ်သူတွေက ကြိုးပမ်းနေပါတယ်။

သူတို့ထဲက ၁ ဦးက ကျောင်းထုတ်ခံရချိန်ကစပြီး ဒီနေ့အထိ ရဟန်းဘောင် ၀င်သွားခဲ့သလို နောက် ၁ ဦးကတော့ စင်ကာပူနိုင်ငံမှာ အလုပ်သွားလုပ်နေခဲ့ပါတယ်။

ကျန်တဲ့ ၂ ဦးကတော့ အင်ဂျင်နီယာဖြစ်ဖို့ ရည်မှန်းခဲ့ပေမယ့် ကျောင်းထုတ်ခံလိုက်ရလို့ နယ်မှာပြန်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေခဲ့ကြပါတယ်။

“၂၀၀၆ တုန်းက ကျနော်တို့ လုပ်သင့်လုပ်ထိုက်တယ်ထင်လို့ လုပ်ခဲ့တာကို သူတို့က နိုင်ငံရေးပယောဂနဲ့ စွပ်စွဲတယ်ဆိုတော့ ကျနော့်အနေနဲ့ ရင်ထဲမှာတော့ မခံစားနိုင်ဘူးပေါ့။ မခံနိုင်တဲ့အတွက် အနာသာပျောက်ချင် ပျောက်သွားမယ်။ ဒီအမာရွတ်ကတော့ ကိုယ့်ရဲ့ စိတ်ထဲမှာ နှစ်တိုင်းနှစ်တိုင်း၊ ဒီရာသီကို ရောက်လာတိုင်း ၀မ်းနည်း ကြေကွဲခြင်းတွေနဲ့အတူ နှစ်ကြိမ်ထပ်ပြီး ၀မ်းနည်းခဲ့ရပါတယ်” လို့ ကျောင်းထုတ်ခံရသူတွေထဲက တဦးဖြစ်တဲ့ ကိုစိန်ဌေးက ပြောပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ စစ်အာဏာရှင်တွေကို ကျောင်းသားသမိုင်း အဆက်ဆက်မှာ နည်းမျိုးစုံနဲ့ တွန်းလှန်ပုန်ကန်ခဲ့ကြပြီး လူမသိ သူမသိ အသက်တွေ၊ ဘ၀တွေ ပေးဆပ်ခဲ့တဲ့ အညတရ သူရဲကောင်းတွေ များစွာ ရှိခဲ့ပါတယ်။

စိုးရ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013