DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စုအတွက် တိုင်းရင်းသားလူငယ်များမဟာမိတ်ဖွဲ့စည်း
DVB
·
August 2, 2016
ဖက်ဒရယ်ပြည်ထောင်စုအတွက် တိုင်းရင်းသားလူငယ်များမဟာမိတ်ဖွဲ့စည်း
Donate to DVB

မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ရရှိဖို့အတွက် ရှမ်းပြည်နယ် ပင်လုံမြို့မှာ ၆ ရက်တာ ကျင်းပပြီးစီးသွားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကနေ တိုင်းရင်းသား လူငယ်များ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီအဖွဲ့မှာ တိုင်းရင်းသားလူမျိုးပေါင်း ၂၆ မျိုးက ကိုယ်စားလှယ် ၃ ဦးစီပါဝင်တဲ့ ဗဟို ကော်မတီဝင် ၇၈ ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂၆ ဦး နဲ့ လုပ်ငန်းစုအဖွဲ့ ၇ ဖွဲ့ကို ဖွဲ့စည်းလိုက်တာပါ။

ဒါဟာ အစိုးရက လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဒေသတွင်းရှိ လူငယ်အဖွဲ့တွေ အနေနဲ့ တဖက်တလမ်းက ပါဝင်ကူညီထောက်ပံ့ပေးဖို့ဖြစ်တယ်လို့ တိုင်းရင်းသား လူငယ်ညီလာခံ ပြောခွင့်ရ ကိုခိုင်လမင်းက ပြောပါတယ်။

“ကျနော်တို့ဒီညီလာခံကနေပေါ်လာတဲ့ အဖွဲ့ကနေပြီးတော့ အဓိကက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူငယ်ရဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ပြီးတော့မှ နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံ့ပေးနိုင်ဖို့ ကျနော်တို့ ရည်ရွယ်ထားပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းစစ်တွေမှာဆိုရင် အများဆုံး ခံနေရတာက အမျိုးသမီးတွေ၊ ကလေးတွေ၊ လူငယ်တွေဖြစ်တယ်၊ ဒါကြောင့် လူငယ်တွေရဲ့ ပါဝင်မှုကလည်း အရေးကြီးတယ်ပေါ့နော်၊ လာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ လူငယ်တွေရဲ့ အသံနဲ့ ဆွေးနွေးချက်ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်ရရေး ထည့်သွင်းစဉ်းစားပေးဖို့ ပါဝင်မှုတွေ ရှိလာဖို့လည်း သဘောထားရှိပါတယ်။”

မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ကိုသွားမယ်ဆိုရင် မတူကွဲပြားတဲ့တိုင်းရင်းသားပေါင်းစုံ အတူတကွသွားဖို့ လိုအပ်ကြောင်း ဘုံသဘောတူချက်ကိုလည်း ရရှိခဲ့တယ်လို့လည်း ကိုခိုင်လမင်း ကပြောပါတယ်။

ညီလာခံမှာ ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်တွေ တင်သွင်းလာတဲ့ အစီရင်ခံစာပေါ် အခြေခံပြီး လုပ်ငန်းစဉ်ဆောင်ရွက်ရေးကော်မတီဖွဲ့ခဲ့တာဖြစ်ပြီး လုပ်ငန်းကော်မတီ ၇ ခုကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။

လုပ်ငန်းကော်မတီတွေကတော့ အမျိုးသားတန်းတူရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကော်မတီ၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့ အခွင့်အရေးကော်မတီ၊ မူးယစ်ဆေးဝါးဆိုင်ရာ တိုက်ဖျက်ရေးကော်မတီ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း နေထိုင်ရ သူတွေကို ပြန်လည်နေရာ ချထားပေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စာပေနဲ့ ယဉ်ကျေးမှုကော်မတီ၊ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတရင်းနှီးမြှုပ်နှံမှု ထိန်းသိမ်းကာကွယ်ရေး ကော်မတီ၊ တိုင်းရင်းသားရေးရာယဉ်ကျေးမှု နဲ့ လူငယ်ရေးရာမူဝါဒကော်မတီတွေ ဖြစ်ပါတယ်။

ညီလာခံအပြီးထုတ်ပြန်တဲ့ သဘောထားကြေညာချက်မှာတော့ ကျင်းပဖို့ရှိနေတဲ့ ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံဟာ နိုင်ငံရေးပြဿနာကို အဖြေရှာမယ့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်လို့ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ကထိုးစစ်ရပ်ပြီး အမျိုးသားတန်းတူရေး ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်သင့်တယ်လို့ အကြံပြုထားပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်တဲ့ကာလအတွင်း ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင် အထည်မဖော်နိုင်တဲ့ကာလမှာ အကြီးစားသယံဇာတ ထုတ်ယူသုံးစွဲတဲ့ စီမံကိန်းတွေ အားလုံး ရပ်ထားဖို့လည်း တိုင်းရင်းသားလူငယ်တွေက တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို ရှမ်းပြည်နယ် ပင်လုံမြို့မှာ ဇူလိုင် ၂၇ ရက်က နေ သြဂုတ် ၁ရက်ထိ ကျင်းပခဲ့တာဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုပေါင်း ၂၆ မျိုးက ကိုယ်စားလှယ် ၅၀၀ ကျော်နဲ့ လေ့လာသူတွေအပါအ၀င်လူပေါင်း ၇၆၀ ကျော် ပါဝင် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013