DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုတ၀န်း ညီမျှစွာ ဖွံ့ဖြိုးရေးလုပ်မည်ဟု အစိုးရ ကတိပြု
DVB
·
August 2, 2016
ပြည်ထောင်စုတ၀န်း ညီမျှစွာ ဖွံ့ဖြိုးရေးလုပ်မည်ဟု အစိုးရ ကတိပြု
Donate to DVB

ဗမာအများစုနေတဲ့မြို့ကြီးတွေ တိုးတက်ရေးသာမလုပ်ဘဲ ပြည်ထောင်စုတ၀န်း တတ်နိုင်သမျှ ညီတူညီမျှဖွံ့ဖြိုးရေး ရရှိအောင် ဆောင်ရွက်မယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးမူဝါဒများနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီးတွေ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ အခွန်ထမ်းကြီးများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ အပြည်ပြည်ဆိုင်ရာ မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ဇူလိုင် ၂၉ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အခြေခံတဲ့ စီးပွားရေးမူဝါဒကို အကောင်အထည် ဖော်သွားမယ်လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ စီးပွားရေးအရ တနိုင်ငံလုံး အတိုင်းအတာနဲ့ ညီညီမျှမျှ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်စားရမှာပါ။ ကျမတို့ရဲ့ စီးပွားရေးမူဝါဒတွေဟာ ဆက်သွယ်ရေးကောင်းတဲ့ မြို့ကြီးတွေ၊ တနည်းအားဖြင့်ပြောရင် အဖြစ်ကို အဖြစ်အတိုင်းပြောရင် တိုင်းရင်းသားတွေထဲမှာ ဗမာအများစုနေတဲ့ မြို့ကြီးတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆိုလို့ရှိရင် ကျမတို့ရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေကိုလည်း ထိခိုက်မယ်၊ အဲဒါနဲ့ တပြိုင်တည်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ရနိုင်မှာမဟုတ်ပါဘူး။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ သင့်မြတ်ရေးကို အခြေခံတဲ့ စီးပွားရေးမူဝါဒဆိုတာဟာ ပြည်ထောင်စုတ၀န်းမှာ တတ်နိုင်သမျှ ညီတူညီမျှ ဖွံ့ဖြိုးမှု ရရှိရေးပါပဲ။ တတ်နိုင်သမျှလို့ ကျမပြောရခြင်းဟာ လက်တွေ့ကျကျ ပြောတာပါ။ အားလုံးနေရာတိုင်းမှာတော့ ၀ုန်းကနဲဆိုပြီးတော့ အတူတူတိုးတက်သွားနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တတ်နိုင်သမျှ ညီညီမျှမျှ ကျမတို့ တိုးတက်သွားဖို့လိုပါတယ်” လို့ ပြောပါတယ်။

ဒီမူဝါဒဟာ နေပြည်တော်နဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုတွေအကြားမှာ ဖွံ့ဖြိုးမှုအနေအထား ကွာဟလွန်းနေတာကို ကျဉ်းမြောင်းစေဖို့အတွက် အစိုးရရဲ့ အစပျိုး ကြိုးပမ်းချက် ဖြစ်ပါတယ်။

မြန်မာ့စီးပွားရေးမူဝါဒ ကြေညာမှု နှောင့်နှေးရခြင်းကို ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံပြောကြားခဲ့ပြီး တက်ရောက်လာသူတွေက ၀ိုင်းဝန်းအကြံဉာဏ်ပေးကြဖို့ သူက ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးရေးဟာ စီးပွားရေးမူဝါဒရဲ့ အခြေခံဖြစ်ရမယ်လို့လည်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “နောက်တခုကတော့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေး၊ အဲဒါကလည်း ဆက်နွယ်နေပါတယ်၊ ဆက်နွယ်နေတယ်။ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးကို ကျမ ဘာကြောင့်မို့လို့ ဒီလောက် ဦးစားပေးလဲဆိုတော့ ဘယ်တော့မဆို ကျမကို စီးပွားရေးမူဝါဒနဲ့ ပတ်သက်လို့ မေးရင် ကျမ အလုပ်အကိုင် ဖန်တီးရေးကို အမြဲပဲ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ နိုင်ငံတ၀န်း ခရီးထွက်ပြီးတော့ မြို့လေးတွေ၊ ရွာလေးတွေထိ ဆင်းပြီးတော့ ပြည်သူလူထုနဲ့ တွေ့တဲ့အခါမှာ ကျမ အမြဲပဲမေးပါတယ်၊ အခွင့်အရေးရတိုင်း၊ ဘာအလိုချင်ဆုံးလဲဆိုရင် နံပါတ် ၁ က အလုပ်အကိုင်ပဲ။ သူတို့ အလုပ်အကိုင် လိုချင်တာပဲ ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်အကိုင်ရတယ်၊ ရှိတယ်ဆိုတာဟာ လူတယောက်အတွက် ဂုဏ်ရှိတယ်။ ဂုဏ်ရှိတယ်ဆိုတာဟာ ပိုက်ဆံဂုဏ်တင် မဟုတ်ဘူး။ သူ ဘယ်သူ့ကိုမှ အားမကိုးရဘူးဆိုတဲ့ ဂုဏ်၊ သူ့ဘာသာ သူ့ရဲ့ ဘ၀ရပ်တည်ရေးအတွက် သူလုပ်နိုင်တယ်၊ သူ့ရဲ့မိသားစုအတွက် သူတာဝန်ယူနိုင်တယ်။ အဲဒီဂုဏ် စိတ်ကျေနပ်မှုရဖို့က သိပ်အရေးကြီးတယ်။ ထမင်းစား ၀ဖို့အတွက်တင် မဟုတ်ဘူး။ သားသမီးတွေကို ပညာသင်ပေးနိုင်မယ်။ ကိုယ့်ရဲ့ မိဘအိုကြီးများ မမာမကျန်းဖြစ်လို့ရှိရင် သူတို့အတွက် ကျန်းမာရေးအတွက် ဂရုစိုက်နိုင်မယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဘယ်လိုပဲပြောပြော လူရိုသေ၊ ရှင်ရိုသေ အခြေအနေလေးမှာ နေနိုင်မယ်ဆိုတဲ့ အဲဒီလိုဂုဏ်မျိုးကို လိုချင်ကြတာပါ။ တခါတည်း ရွှေတွေ၊ ငွေတွေ သီးနေအောင် ၀တ်ချင်တဲ့ဂုဏ်မျိုး မဟုတ်ပါဘူး။ တချို့လည်း အဲဒီလိုလူမျိုးလည်း ရှိရင် ရှိမှာပေါ့လေ။ ဒါပေမယ့် အဓိက အရေးကြီးတာကတော့ ပြည်သူလူထုဟာ သိက္ခာရှိရှိနဲ့ ရပ်တည်ချင်တယ်။ အဲဒါအတွက် အလုပ်အကို်င်ရှိရမယ် ဆိုတဲ့ဟာကို နားလည်လို့ ကျမကို အမြဲပဲပြောတယ်၊ ပထမဆုံး သူတို့လိုအပ်ချက်က ဘာလဲဆိုတော့ အလုပ်အကိုင်ပဲတဲ့။ သူတို့ အလုပ်လုပ်လို့ရှိရင် သူတို့ ဘယ်သူ့ကိုမှ အားမကိုးရဘူး။ အားလည်း အားမကိုးချင်ဘူး။ ဒါကို ကျမက အခြေခံပြီးမှ အလုပ်အကိုင် ဖန်တီးရေးဟာ ကျမတို့ရဲ့ စီးပွားရေးမူဝါဒရဲ့ အခြေခံဖြစ်ရမယ်လို့ ကျမတို့ ဆုံးဖြတ်တာပါ။ ဒါကြောင့် ကျမတို့ရဲ့ စီးပွားရေးမူဝါဒတွေဟာ အလုပ်အကိုင် ဖန်တီးရေးကို ဦးစားပေးပြီးတော့ ချမှတ်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဦးစားပေးလုပ်ဆောင်ရမယ့်အပိုင်းနဲ့ ပတ်သက်လို့လည်း သူက “တခါတလေကျလို့ရှိရင် စီးပွားရေးအမြင်နဲ့ မဟုတ်ဘဲနဲ့ နိုင်ငံရေးအမြင်နဲ့ တချို့ဒေသတွေကို ကျမတို့ ဦးစားပေးပြီးတော့ လုပ်ဖို့လိုပါလိမ့်မယ်။ အဲဒါကိုလည်း ကျမတို့ မျက်ခြည်ပြတ်လို့ မရပါဘူး။ စီးပွားရေးအတွက်နဲ့ပဲ တွက်နေလို့ရှိရင် ကျမတို့နိုင်ငံအတွက် သင့်တော်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျမတို့ရဲ့ ပထမဦးဆုံး အရေးကြီးတဲ့ အချက်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာရေးအတွက် ဆောက်တည်ပေးမယ့် စီးပွားရေးမူဝါဒကို ကျမတို့ အခြေခံပါမယ်” လို့ ပြောပါတယ်။

လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများကို ဘက်ညီတိုးတက်စေရန် ဆောင်ရွက်သွားမယ့်အကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့်အတူ မြို့ပြဖွံ့ဖြိုးမှု ရရှိစေရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုရေး၊ နိုင်ငံရေးကိုပါ အားလုံး ပူးတွဲဆောင်ရွက်မှသာ ရေရှည်တွင် အောင်မြင်မှုရရှိနိုင်မည် ဖြစ်ပါကြောင်း ပြောပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးကို ညီမျှစွာ ဒေသခံပြည်သူများ လက်ခံနိုင်သည့် အခြေအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လျပ်စစ်ဓာတ်အားနဲ့ပတ်သက်လို့ ရှင်းလင်းပြောဆိုရာမှာ သူက “လျှပ်စစ်ဓာတ်အားနဲ့ပတ်သက်လို့ အများသိတဲ့အတိုင်းပဲ မြစ်ဆုံစီမံကိန်းက ဘယ်လောက်ထိ နိုင်ငံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအရ ဂယက်ရိုက်သွားလဲဆိုတာ။ အဲဒါတွေကြောင့်မို့လို့ ကျမတို့ဟာ အလုပ်တခုလုပ်ပြီဆိုလို့ရှိရင် အဘက်ဘက်ကနေ ကြည့်ဖို့လိုပါတယ်။ လျှပ်စစ်ရရင်ပြီးရော၊ ကျန်တဲ့ဟာ လှည့်မကြည့်ဘူးဆိုပြီး အဲလိုလုပ်လို့ မရဘူး။ ဒါပေမယ့် တချိန်တည်းမှာပဲ လျှပ်စစ်မရရင်လည်း နေပါစေလို့ ပြောလို့လည်း မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မီးလင်းရေးဟာ ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေတင် မကဘူး၊ လူသားများအတွက် အင်မတန်မှ အရေးကြီးပါတယ်။ နောက် စိတ်ဓာတ်ဆိုင်ရာကိစ္စပါ။ မီးလင်းနေတဲ့နေရာမှာ နေရတာနဲ့ အမှောင်ကျနေတဲ့နေရာမှာ နေရတာ လုံးဝမတူပါဘူး။ ညမိုးချုပ်တာနဲ့ အမှောင်ကျသွားပြီး ဘာမှ ဆက်လုပ်လို့မရဘူး ဆိုတဲ့နေရာမျိုးမှာ ကြီးပြင်းပြီးတော့ နေခဲ့ရတဲ့လူတွေရဲ့ စိတ်ဓာတ်နဲ့ အမှောင်ကျလို့ရှိရင် အမှောင်ကို ဖြိုခွင်းနိုင်တဲ့ ကိုယ့်စွမ်းအင်ဆိုတဲ့ ခလုတ်ကလေး နှိပ်လိုက်ရုံနဲ့ လူတွေရဲ့စိတ်ဓာတ်နဲ့ လုံးဝမတူပါဘူး။ အဲဒါကြောင့်မို့လို့ ကျမတို့ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်က ကြည့်တယ်၊ နိုင်ငံရေးဘက်ကကြည့်တယ် ဆိုတာလည်း နောက်ဆုံးကျတော့ ရေရှည်မှာ စီးပွားရေးတိုးတက်မှုအရ ကြည့်တာလည်း ဖြစ်ပါတယ်။ ကျမတို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်မယ်။ လုပ်တဲ့အခါမှာ မျှမျှတတလုပ်မယ်။ ချိန်ခွင်လျှာညီမျှအောင် လုပ်မယ်။ ဒေသခံပြည်သူလူထုများ လက်ခံနိုင်မယ့်ပုံစံနဲ့ ကျမတို့ လုပ်သွားမှာ ဖြစ်ပါတယ်။ တိုးတက်ရင်ပြီးရော၊ ဒေသခံတွေ ဘာထင်ထင်ဆိုတာ အဲဒါမျိုးဟာ ရေရှည်မှာ ပြဿနာတက်မယ့်ကိစ္စမျိုး ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍနှင့် အခြေခံအဆောက်အုံ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍများသည် အရေးကြီးသည့်အတွက် မူဝါဒ သီးခြားထုတ်ပြန်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရှင်းလင်းပွဲမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက နိုင်ငံတော်၏ စီးပွားရေးမူဝါဒမှာ အခြေခံမယ့် မူဝါဒ ၁၂ ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူတွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013