DVB Logo
Home
မြန်မာသတင်း
ဧရာဝတီ မြစ်ရေတိုး၍ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာအချို့ စိုက်ခင်းများ ပျက်စီးဆုံးရှုံး
DVB
·
August 2, 2016
ဧရာဝတီ မြစ်ရေတိုး၍ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာအချို့ စိုက်ခင်းများ ပျက်စီးဆုံးရှုံး
Donate to DVB

ဧရာဝတီမြစ်ရေ တိုးလာတာကြောင့် ပွင့်ဖြူမြို့နယ်၊ ကျေးရွာပေါင်း ၁၃ ရွာက နွေစပါးစိုက်ခင်းတွေ မရိတ်သိမ်းလိုက်ရဘဲ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပွင့်ဖြူမြို့နယ်အတွင်းက နွေစပါးစိုက် တောင်သူတွေ စပါး စတင်ရိတ်သိမ်းနေချိန်ဖြစ်ပြီး ဧရာဝတီမြစ်ရေ တိုးလာတာကြောင့် ရိတ်သိမ်းဆဲ စပါးခင်းတွေ ရေနစ်မြုပ်ရသလို လုံးဝမရိတ်သိမ်းရတဲ့ စပါးခင်းတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

“သံကိုင်းရှိမယ်ခင်ဗျ။ သိမ်ကုန်း၊ ကျောင်းစု၊ ကန်လှ၊ ပေါက်ကုန်း၊ ဇီးကျွန်း၊ ငတောကုန်း အစရှိတဲ့ ၁၂ ရွာ ၁၃ ရွာလောက်တော့ ရှိမယ်ပေါ့။ ဧကပေါင်းအနေနဲ့ ပြောရမယ် ဆိုရင်တော့ ဧကပေါင်း ၁၅၀ လောက်တော့ ရှိလိမ့်မယ်၊ ပျက်စီးသွားတဲ့ ဧကပေါ့” လို့ ကျောင်းစုကျေးရွာမှ တောင်သူတဦးဖြစ်တဲ့ ဦးထွန်းလွင်က ပြောပါတယ်။

ကုန်းဇောင်းကျေးရွာမှ တောင်သူ ဦးမြင့်လွင်ကလည်း “ရေရဲ့ အနေအထားကတော့ မြင်တဲ့အတိုင်းပဲ။ ခုရက်မှ တော်တော်လေး တိုးတက်လာတာပေါ့နော်။ အရင်ရက်ကတော့ ပုံမှန်ပဲ တက်နေတာပေါ့။ အဲလိုမျိုး တက်နေတဲ့အတွက်ကြောင့် မရိတ်သိမ်းနိုင်လိုက်တဲ့ တောင်သူတွေလည်း ရှိပါတယ်။ ကျနော်ကိုယ်တိုင်ကိုပဲ မရိတ်သိမ်းရတာ ၈ ဧကလောက် ကျန်နေခဲ့တယ်။ တော်တော်များများတော့ ရိတ်သိမ်းပြီးပြီပေါ့။ လက်ရှိလည်း ရိတ်သိမ်းဆဲပဲ” လို့ ပြောပါတယ်။

ဧရာဝတီမြစ်ရေဟာ နှစ်စဉ် ၇ လပိုင်းမှာ ပုံမှန်တိုးနေကျ ဖြစ်တာကြောင့် ဆည်ရေသောက်လယ်တွေ အနေနဲ့ တလပိုင်းမှာ ရေလွှတ်ပေးရင် မြစ်ရေတိုးတာနဲ့ ရှောင်ရှားနိုင်တယ်လို့ ဆိုပါတယ်။

မဲဇလီဆည်ကနေ နှစ်စဉ် ၃ လပိုင်းမှ ရေလွှတ်ပေးတဲ့အတွက် တောင်သူတွေ လုပ်ကိုင်ရတာ ၂ လလောက် နောက်ကျနေရတာ ဖြစ်ပါတယ်။

“ကျနော်တို့ ဒီပွင့်ဖြူမြို့နယ်မှာ ၇ လပိုင်းရောက်ရင် ဧရာဝတီမြစ်ရေက ဒီလိုပဲ ပုံမှန် တက်နေကျ။ အဲလို ဧရာဝတီမြစ်ရေ တက်လာရင် တောင်သူတွေလုပ်ထားတဲ့ လယ်တွေ အကုန်လုံးက နှစ်တိုင်း ရေဘေးနဲ့ကြုံရတယ်။ လယ်ဧက တော်တော်များများ ပျက်စီးဆုံးရှုံးတယ်။ အဲဒါရဲ့ တကယ့်အကြောင်းအရင်းက ကျနော်တို့ ဒီအောက်က လယ်တွေက ဆည်မြောင်းသောက်လယ်တွေ ဖြစ်တဲ့အတွက် ဆည်မြောင်းရေကသာ တကယ်လို့ ၁ လပိုင်းမှာ ရေလွှတ်ပေးမယ်ဆိုရင် ဒီတောင်သူတွေက စောစောပျိုးထောင်နိုင်မယ်၊ စောစော စိုက်ပျိုးနိုင်မယ်။ အဲဒါဆိုရင် အခု ၇ လပိုင်းတက်တဲ့ရေက အမြဲတမ်းလွတ်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပွင့်ဖြူမြို့နယ်ရဲ့ ဒီမြစ်နားတလျှောက်ရှိတဲ့ လယ်တွေ ရေနစ်တဲ့ဘေးက လွတ်အောင်ဆိုရင် ပွင့်ဖြူမြို့နယ် ဆည်မြောင်းအနေနဲ့ ရေကို စောစောလွှတ်ပေးမယ်ဆိုရင် ဒီရေဘေးအန္တရာယ် မကြုံရတော့ဘူး။ စိုက်ပျိုးသီးနှံတွေ မဆုံးရှုံးရတော့ဘူး။ ဒါကြောင့်မို့ နိုင်ငံတော်သမ္မတကြီးနဲ့ မကွေးတိုင်းဝန်ကြီးချုပ် သိစေချင်တာကတော့ ဒီမြစ်နားတလျှောက်က ပွင့်ဖြူမြို့နယ်က လယ်တွေ ရေနစ်ဆုံးရှုံးမှု မဖြစ်အောင် နှစ်စဉ်နှစ်စဉ် ၁ လပိုင်းမှာ စိုက်ပျိုးရေ လွှတ်ပေးနိုင်မယ်ဆိုရင် အားလုံးက တော်တော်လေး ၀မ်းသာပြီးတော့ ပျက်စီးဆုံးရှုံးမှုတွေ နည်းသွားမယ်ဆိုတာ နိုင်ငံတော်သမ္မတကြီးနဲ့ မကွေးတိုင်းဝန်ကြီးချုပ် သိစေချင်ပါတယ်” လို့ ကုန်းဇောင်းကျေးရွာမှ တောင်သူ ဦးလှထွန်းက ပြောပါတယ်။

အခုအခါ နွေစပါးစိုက် တောင်သူတွေအနေနဲ့ တဧကကို တင်း ၈၀ လောက်ထွက်ရှိပြီး စပါးတတင်းကို ၄၅၀၀ ကျပ် ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013