DVB Logo
Home
မြန်မာသတင်း
ဧည့်စာရင်း တိုင်ကြားရမည့်ကိစ္စ ပယ်ဖျက်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုမည်
DVB
·
August 1, 2016
ဧည့်စာရင်း တိုင်ကြားရမည့်ကိစ္စ ပယ်ဖျက်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုမည်
Donate to DVB

ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေကြမ်းမှာ ဧည့်စာရင်းတိုင်ကြားရမယ့်ကိစ္စ ပြန်ပါလာတာကို ပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တင်ပြသွားမယ်လို့ ဆိုပါတယ်။

ဧည့်စာရင်းတိုင်ကြားရမယ့်စနစ်ကို ပယ်ဖျက်ထားတဲ့ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေကြမ်းကို တတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ ဧည့်စာရင်း တိုင်ကြားရမယ်ဆိုတဲ့ အချက်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြန်လည် ထည့်သွင်းလိုက်ပါတယ်။

အခုလို ထည့်သွင်းလိုက်တဲ့အတွက် အရပ်ဘက်အဖွဲ့အစည်း ၄၀ က ကိုယ်စားလှယ်တွေ သြဂုတ် ၁ ရက်နေ့မှာ   လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ဒါကို ပယ်ဖျက်ပေးဖို့ တောင်းဆိုသွားမှာပါ။

“ဧည့်စာရင်းကိစ္စက ဘာပဲပြောပြော အမျိုးသားလွှတ်တော်မှာ ပယ်ဖျက်ခဲ့ပေမယ့်လို့ ပြည်သူ့လွှတ်တော်မှာ ပြန်လည်ပြီးတော့ ပါလာမယ်ဆိုရင် ကျနော်တို့ အရပ်ဘက် အဖွဲ့အစည်းတွေက အကြံပြုထားတဲ့ အကြံပြုချက်တွေနဲ့ ကွဲလွဲနေတာပေါ့။ ဒီအပေါ်မှာ သွားပြီးတော့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေမှာ ၀င်ရောက်ဆွေးနွေးဖို့ သူတို့ အမည်စာရင်းပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့မယ်။ သူတို့တွေကို ဘာကြောင့် ပယ်ဖျက်သင့်တယ်ဆိုတဲ့ အချက်ရယ်၊ နောက်ပြီးတော့ ဒီ ရပ်/ကျေးဥပဒေမှာပါတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီသေးတဲ့ အချို့အချက်အလက်တွေကို ပြင်ဆင်နိုင်ဖို့အတွက် အဓိက ဦးစားပေး ၁၀ ချက်ပေါ့နော် ထုတ်ထားတယ်။ အဲဒီ ၁၀ ချက်ကိုလည်း ကျနော်တို့ သူတို့ကို နှိုင်းယှဉ်ဇယားတွေနဲ့ Presentation လေး သွားလုပ်ဖို့ရှိပါတယ်” လို့ ၂၀၀၇ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင်က ပြောပါတယ်။

တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ ဒီအချက်ကို အမျိုးသားလွှတ်တော်က ပယ်ဖျက်ထားပြီးဖြစ်ပေမယ့် အခြား ရပ်ကွက် ကျေးရွာတွေက လာရောက်တည်းခိုသူတွေနဲ့ ပတ်သက်ပြီး ဧည့်စာရင်းတိုင်ကြားဖို့ ပျက်ကွက်ရင် အရေးယူခံရမယ်ဆိုတဲ့ အချက်ကို လုံခြုံရေး အကြောင်းပြချက်နဲ့ ပြန်လည်ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

“တနိုင်ငံတည်းမှာ နေနေပြီးတော့ ဟိုသွားလည်း ဧည့်စာရင်းတိုင်၊ ဒီဘက်ရပ်ကွက်ကနေ ဟိုဘက်ရပ်ကွက်ကူးပြီးတော့ သူငယ်ချင်းအိမ် သွားအိပ်မယ်ဆိုရင်တောင် ဧည့်စာရင်း တိုင်နေရတာကို ကျနော်ကတော့ အဲဒါကို မရှိစေချင်ဘူး” လို့ တောင်ဥက္ကလာပမြို့နယ်မှ ကိုဇော်မင်းမောင်က ပြောပါတယ်။

ကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ ဦအေးမြင့်ကလည်း “ကျနော့်သဘောအရတော့ မရှိသင့်ဘူးလို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အတွက် လွတ်လပ်စွာ နေထိုင်ခွင့်ရှိတယ်။ နောက်ပြီး ကိုယ့်မှာ မှတ်ပုံတင်ရှိတယ်။ စိစစ်ရေးကတ်ပြား အပြည့်အစုံရှိတယ်။ တိုင်ဖို့မလိုဘူးလို့ ကျနော်ထင်တယ်” လို့ ဆိုပါတယ်။

သြဂုတ်လအတွင်း ပြည်သူ့လွှတ်တော်မှာ ဒီဥပဒေကြမ်းကို ဆွေးနွေးသွားဖို့ ရှိနေပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့အကြား သဘောထားကွဲလွဲမှုတွေ ရှိနေရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီး အဆုံးအဖြတ် ခံယူရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013