Home မြန်မာသတင်း ဗိုလ္ခ်ဳပ္ပံုပါ တဆယ်တန်ငွေစက္ကူတရွက် ကျပ်တသောင်းပေး လိုက်ဝယ်နေ
ဗိုလ်ချုပ်ပုံပါ တဆယ်တန်ငွေစက္ကူတရွက် ကျပ်တသောင်းပေး လိုက်ဝယ်နေ
ရွှေအောင်
·
October 5, 2011
10 kyat မန္တလေး၊ မုံရွာ၊ ရွှေဘို စတဲ့မြို့နယ်တွေဘက်မှာ ဗိုလ်ချုပ်ပုံပါ တဆယ်တန်တွေ လိုက်ဝယ်နေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းပုံပါ တဆယ်တန်တရွက်ကို ကျပ်တသောင်းပေးမယ်ဆိုပြီး လိုက်ဝယ်နေတယ်လို့ ရွှေဘိုမြို့က နည်းပညာတက္ကသိုလ်ကျောင်းပြီးထားတဲ့ လူငယ်တဦးက ပြောပါတယ်။
ရွှေဘိုမှာ အခုသုံးလေးရက်အတောအတွင်း အိမ်တိုင်ရာရောက် လာရောက်မေးမြန်း လိုက်လံဝယ်ယူနေတာဖြစ်ပြီး လာဝယ်တဲ့သူတွေက မြို့ခံမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
“အရင်က ပိုက်ဆံငွေတဆယ်တန်တွေ လိုက်ဝယ်နေတာ၊ ဘာကိစ္စမှန်းမသိဘူး။ ကျနော်ကြားနေတာ အဲဒီပိုက်ဆံတွေနဲ့ နိုင်ငံခြားက ဘဏ်တခုမှာ ဗိုလ်ချုပ်က အပ်ထားတဲ့ရွှေချောင်းတွေကို အဲဒီပိုက်ဆံနဲ့ ထုတ်ယူလို့ ရတယ်လို့ကြားနေတာ။ အဲဒါကြောင့် တဆယ်တန်တရွက်ဆိုရင် တသောင်းလောက်ပေးပြီး ဝယ်နေကြတာ။”
မန္တလေးနဲ့ မုံရွာမြို့တွေဘက်မှာလည်း အခုရက်ပိုင်း ဗိုလ်ချုပ်ပုံပါ တဆယ်တန်တွေ လိုက်ဝယ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လိုက်ဝယ်နေတယ်ဆိုတဲ့ တဆယ်တန်က ဗိုလ်ချုပ်ပုံပါပြီး ငွေစက္ကူပေါ်မှာ ဒီငွေစက္ကူကို ငွေစက္ကူထုတ်ရာ ဌာနတိုင်း၌ လဲလှယ်ခွင့်ရှိကြောင်း အာမခံပါသည်ဟု ရေးသားထားပြီး စံလင်းဆိုသူက လက်မှတ်ရေးထိုးထားတဲ့ တဆယ်တန်ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မန္တလေးမှာနေတဲ့ စာရေးဆရာ သတင်းစာဆရာ ဆရာကျော်ရင်မြင့်က ငွေစက္ကူလိုက်ဝယ်နေတာ ဟုတ်မှန်ကြောင်း၊ အဲ့ဒီငွေစက္ကူတွေ အမြောက်အမြား လက်ဝယ်ရှိထားသူ တဦးဦးကသော်လည်းကောင်း၊ တဖွဲ့ဖွဲ့ကသော်လည်းကောင်း မဟုတ်မမှန် သတင်းလွှင့်ပြီး သူတို့လက်ထဲရှိတဲ့ အဲ့ဒီငွေစက္ကူကို ထုတ်ရောင်းတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပြောဆိုပါတယ်။
ဆက်စပ်သတင်းများ