DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းရဲဖမ်းဆီးမှု လုပ်ရိုးလုပ်စဉ်သာဖြစ်
DVB
·
July 31, 2016
ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းရဲဖမ်းဆီးမှု လုပ်ရိုးလုပ်စဉ်သာဖြစ်
1 / 2
Donate to DVB

ထိုင်းနိုင်ငံမှာ အခုရက်ပိုင်း မြန်မာအပါအ၀င် ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးနေတာဟာ လုပ်ရိုးလုပ်စဉ်သာဖြစ်တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အပြီး မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရတာ ပိုများလာတယ်ဆိုတဲ့ ပြောဆိုချက်ဟာ မှားတယ်၊ တကယ်တမ်း ထိုင်းမှာ ဥရောပနိုင်ငံတွေရဲ့ ဖိအားကြောင့် ရွှေ့ပြောင်းအလုပ်သမားများအရေးကို ဖိဖိစီးစီး ကိုင်တွယ်လုပ်ဆောင်နေတာသာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“‘ဒါ လုပ်ရိုးလုပ်စဉ်တွေလို့ပဲ ပြောလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဇွန်လ  ၂၃၊ ၂၄ ခရီးစဉ်ပြီးဆုံးပြီးနောက်ပိုင်း လွန်စွာမှ ဆိုးဝါးသည့်အခြေအနေများဖြစ်ပေါ် စသဖြင့်ပေါ့၊ အဲ့ဒီလိုတော့ မဟုတ်ဘူးခင်ဗျ။ ဒါ လုံးဝ မဟုတ်ပါဘူး။ ဒါတွေက နှစ်ပေါင်း ဆယ်စုနှစ်နဲ့ ချီပြီး ဒီအနေအထားမျိုး ကြုံတွေ့နေကျကိစ္စရပ်တွေပါ၊ နောက်အကြောင်းတခုက လက်ရှိ ထိုင်းနိုင်ငံအစိုးရကို ဥရောပသမဂ္ဂနိုင်ငံ ၂၈ နိုင်ငံနဲ့ အမေရိကားတို့က အရေးယူဒဏ်ခတ်ပိတ်ဆို့ထားတာတွေ ရှိနေတယ်။ လူ့အခွင့်အရေးချိုးဖောက်တာတို့၊ တရားမ၀င် အလုပ်သမားတွေ ခိုင်းစေတာတို့၊ လူမှောင်ခိုကူးတာတို့နဲ့ ဒဏ်ခတ်ပိတ်ဆို့ထားတာတွေရှိတော့ ထိုင်းအစိုးရက သူ့ကို နိုင်ငံတကာက အကောင်းမြင်လာအောင် စီမံချက်ချပြီး လုပ်နေတာပါ။”

ထိုင်းအစိုးရက မြန်မာအလုပ်သမားများသာ စစ်ဆေးဖမ်းဆီးနေတာမဟုတ်ဘဲ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံသားအလုပ်သမားတွေကိုလည်း ဖမ်းတယ်လို့ ပြောပါတယ်။

ပန်းရောင်ကတ်ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေဟာ အလုပ်ရှင် ပြောင်းလဲခွင့် မရှိတာ၊ နေထိုင်တဲ့ခရိုင်ကလွဲလို့ တခြားခရိုင်ကို သွားလာခွင့် မရှိတာ၊ မြန်မာနိုင်ငံကို ပြန်လည်သွားလာခွင့်မရှိတာ၊ ကတ်မှာပါတဲ့ အလုပ်ကလွဲလို့ တခြားအလုပ် သွားလုပ်လို့ မရတာ၊ စတဲ့ ကန့်သတ်ချက်တွေကို မသိကြတဲ့အတွက် အဖမ်းခံကြရတာ များပါတယ်။

ထိုင်းနိုင်ငံက မဟာချိုင်မှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမား ကိုမင်းသူ ဆိုသူက “ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ကတည်းပါပဲ၊ ဘန်ကောက် နဲ့အနီး နေရာတွေမှာ နေထိုင်ခွင့် အထောက်ထားမပြည့်စုံသူ ၉၀၀၀ ကျော် ဖမ်းခံရပါတယ်။ မြန်မာ ၃ ယောက်ပဲပါပါတယ်။ အဲဒါ ကြောင်မို့ ခုချိန်မှာ ကိုယ်မှာ ပြည်ပြည်.စုံစုံမရှိရင် မလိုအပ်ဘဲ အပြင်မသွားကြပါနဲ့” လို့ ပြောပါတယ်။

မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (အေအေစီ) က ကိုရဲမင်းကလည်း “ထိုင်းမှာ မြန်မာလုပ်သားတွေကို ဖမ်းဆီးမှုတွေ ရှိနေတာမှန်ပေမယ့် မမှန်ကန်တဲ့ပုံတွေ ဗွီဒီယိုတွေအစားထိုးပြီး လိုတာထပ်ပိုမဖွကြပါနဲ့။ ယခု ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးဖမ်းဆီးနေတာတွေက နေထိုင်ခွင့်အထောက်အထားမရှိသူများ မမှန်သူများ၊ ဝါ့ပါမစ်မရှိသူများ၊ သဌေးမတူ အလုပ်နေရာမတူသူများ၊ နိုင်ငံခြားသားအလုပ်သမားအတွက် သတ်မှတ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်ခြင်းမရှိသူများ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများ ကိုယ်ပိုင်ဈေးရောင်းသူများ၊ ကုန်တိုက်များတွင် ဈေးရောင်းသူများ (နိင်ငံခြားသားအလုပ်သမားများ သူဌေးကရောင်းခိုင်းလည်း ဈေးရောင်းမရပါ)၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေသူများ၊ လူမှောင်ခိုကူးမှုနဲ့ ပတ်သက်နေသူများကိုသာ သတ်မှတ်ထားသော ထိုင်းဥပဒေအတိုင်း ဖမ်းဆီးနေခြင်းဖြစ်ပြီး အထောက်အထားပြည့်စုံမှန်ကန်သူများနဲ့ ကောင်းမွန်စွာ နေထိုင်လုပ်ကိုင်စားသောက်သူ မြန်မာအလုပ်သမားများကို ဖမ်းဆီးခြင်းမရှိပါ။

“အရမ်းကြီးလည်း စိုးရိမ်စိတ်တွေ မဖြစ်ကြပါနဲ့၊ နှစ်စဉ်ဒီလိုပဲဖမ်းဆီးမှုတွေက ရှိပါတယ်။ နှစ်စဉ်အယောင်ပြ ဖမ်းဆီးပြတာတွေက ထိုင်းမှာထုံးစံဖြစ်နေပါပြီ။ ဒီနှစ်ကတော့ ထိုင်းဘက်က နည်းနည်းလေးပိုပြီးတော့ စိစိစစ်စစ်လေးလုပ်လာတဲ့ သဘောပါ။ တစ်လလောက်တော့ သတိလေးထားပြီး နေထိုင်သွားလာကြပါ။ ဒါကြောင့် ခုရက်ပိုင်း ထိုင်းမှာ ဖမ်းဆီးမှုတွေနဲ့ ပက်သက်လို့တက်လာတဲ့ သတင်းတွေကိုသေချာချင့်ချိန်ပြီးမှ ယုံပါ။ မြန်မာကိုပဲ ရွေးဖမ်းနေတာမဟုတ်ပါ၊ လာအို၊ ကမ္ဘောဒီးယားများအပါအဝင် အခြားနိင်ငံသားတွေကို စီမံချက်နဲ့ စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်ပါတယ်” လို့ သူ့ ဖေ့စ်ဘွတ်ခ်ကနေ သတိပေးရေးထားပါတယ်။

13876576_1337937776220435_9019976111587659971_nထိုင်းက အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဇူလိုင် ၂၉ ရက် နောက်ဆုံးထားပြီး အလုပ်လုပ်ခွင့် ပန်းရောင်ကတ်တွေ လုပ်ပေးခဲ့ပါတယ်။

အဲ့ဒီ ၂၉ ရက် မတိုင်မီနဲ့ ၂၉ ရက်နောက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေဟာ နိုင်ငံတ၀န်းလုံးရှိ ရွှေ့ပြောင်းအလုပ်သမားတွေကို လိုက်လံစစ်ဆေး ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၃ သန်းလောက် ရွှေ့ပြောင်းဝင်ရောက် လုပ်ကိုင်နေတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013