DVB Logo
Home
မြန်မာသတင်း
အေအယ်လ်ပီကြေညာချက် ပြန်လည်ပြင်ဆင်ပေးရန် နယ်လုံဝန်ကြီးပြော
DVB
·
July 30, 2016
အေအယ်လ်ပီကြေညာချက် ပြန်လည်ပြင်ဆင်ပေးရန် နယ်လုံဝန်ကြီးပြော
Donate to DVB

ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ထိပ်တန်းအဆင့်မြင့်ခေါင်းဆောင်တဦးဖြစ်တဲ့ ခိုင်မျိုးထွန်းအဖမ်းခံရတာနဲ့ပတ်သက်လို့ ထုတ်ပြန်ခဲ့တဲ့ အေအယ်လ်ပီရဲ့ ကြေညာချက်ဟာ ပြန်းထန်လွန်းတာကြောင့် ပြန်လည် ပြန်လည်ပြင်ဆင်ထုတ်ပြန်ပေးဖို့ နယ်လုံဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဇူလှိုင် ၂၉ ရက်နေ့ ညနေပိုင်းကရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီကိုယ်စားလှယ်အဖွဲ့ နဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းတို့ တွေ့ဆုံမှုမှာ အခုလို ပြောဆိုလိုက်တာလို့ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီမှ ဗိုလ်ကြီးခိုင်နီလင်းက ပြောပါတယ်။

“ဦးထိန်လင်းပြောတာက၊ ခင်ဗျားတို့ အေအယ်လ်ပီရဲ့ ကြေညာချက်ကအရမ်းကိုပြင်းထန်လွန်းတယ်။ သူတို့အနေနဲ့လက်မခံနိုင်ဘူး။ ကန့်ကွက်ကြောင်း ပြောလာတယ်။ ဒါကိုရုပ်သိမ်းပေးဖို့ ဒါမှမဟုတ်ပြန်လည်ထုတ်ပြန်ပေးဖို့သူကပြောပါတယ်။ ကျနော်တို့က တဦးတယောက်တည်းသဘောထားနဲ့ ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာမဟုတ်တာကြောင့် ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီက(အေအယ်လ်ပီ) ပါတီရဲ့ ဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ထုတ်ပြန်တာလို့ ပြောဆိုခဲ့ပါတယ်။”

ဒါ့အပြင် ခိုင်မျိုးထွန်းကို ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးဖို့ ရခိုင်ပြည်နယ်လွတ်မြောက်ဘက်ကလည်း တောင်းဆိုထားတယ်လို့ ဗိုလ်ကြီး ခိုင်နီလင်းက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ အေအယ်လ်ပီက ခိုင်မျိုးထွန်းကို မတရား ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်။ အဲ့ဒီတောင်းဆိုတဲ့အခါမှာ ဗိုလ်ကြီးထိန်လင်းက ခိုင်မျိုးထွန်း ဖမ်းဆီးထားတာကို ပြေပြေလည်လည်ဖြစ်စေချင်တယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်လုပ်ပေးမယ်။ အကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ် လို့ပြောတယ်။ ဒါပေမယ် ဒီကြေညာချက်ကို ပြန်လည်ပြင်ဆင်ပြီး ထုတ်ပေးဖို့လိုတယ်လို့သူကပြောတယ်။ အဲ့ဒီအဖြေကို ကျနော်ချက်ချင်း မပေးခဲ့ဘူး။ ကတိကဝတ်လည်း မပေးခဲ့ဘူး။ နောက်တပတ်ဆွေးနွေးဖို့ ကျနော်တို့ ပြောလိုက်ပါတယ်။”

အခုလို ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ ထိပ်တန်းအဆင့်မြင့်ခေါင်းဆောင်တဦးဖြစ်သူ ကိုခိုင်မျိုးထွန်းကို ဖမ်းဆီးတာနဲ့ပတ်သက်လို့ ဇူလိုင် ၂၇ ရက်နေ့ နေ့စွဲနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီကကြေညာချက် တစောင်ထုတ်ပြန်ခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) အကြား တိုက်ပွဲတွေ ဖြစ်ပွားရာမှာ အစိုးရတပ်မတော်ဘက်က ပြည်သူတွေအပေါ် ပေါ်တာဆွဲတာနဲ့ လမ်းပြအဖြစ် ခေါ်ဆောင်တာတွေ ရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ခိုင်မျိုးထွန်းကို ဒေသကွပ်ကဲမှုစစ်ဌာနချူပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက မေလ ၆ ရက်နေ့မှာ တရားလို ပြုလုပ်ပြီးတော့ ပုဒ်မ ၅၀၅ (ခ) ၊ ၅၀၅ (ဂ) နှင့် စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက် ထားတာဖြစ်ပါတယ်။ သူ့ကို ဇူလိုင် ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီးတော့ ဇှုလှိုင်၂၇ ရက်နေ့ မနက် ၁၀ နာရီလောက်က ရုံးတင်စစ်ဆေးခဲ့တာပါ။

ရခိုင်လွတ်မြောက်ရေးပါတီ (အေအယ်ယ်လ်ပီ) ဟာ ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီးတော့ သီးခြားလွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်နေတာဖြစ်ပြီး ၂၀၁၂ ခုဧပြီ ၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးခဲ့တာပါ။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး စာချူပ်ကို ချူပ်ဆိုခဲ့တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်လာပါတယ်။

သတင်း၊ ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013