DVB Logo
Home
မြန်မာသတင်း
ဝပြည်သွေးစည်းညီညွတ်ရေးပါတီက ၂၁ ရာစုပင်လုံညီလာခံကိုထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်အား ပြောဆို
DVB
·
July 29, 2016
ဝပြည်သွေးစည်းညီညွတ်ရေးပါတီက ၂၁ ရာစုပင်လုံညီလာခံကိုထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်အား ပြောဆို
1 / 2
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေး ပါတီက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံကြောင်း  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ကြပါတယ်။

ဝ အထူးဒေသ (၂) နဲ့ မိုင်းလား အထူးဒေသ (၄) ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ ထောက်ခံကြောင်းပြောဆိုခဲ့ကြတာဖြစ်ပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်နိုင်ရေးအတွက် လာမယ့်ရက်တွေမှာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆက်လက်ဆွေးနွေးကြမှာဖြစ်တယ်လို့ တွေ့ဆုံပွဲအပြီးမှာ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက မီဒီယာတွေကို ပြောပါတယ်။

ဦးဇော်ဌေးက “ဒီတွေ့ဆုံပွဲမှာ အဓိကကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ရှိ ၂၁ ရာစုပင်လုံညီလာခံနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာတွေနဲ့ပတ်သက်ပြီးတော့ ရှင်းပြတာပေါ့။  အထူးဒေသ ၂ နဲ့အထူးဒေသ ၄ ကတော့ သူတို့ရဲ့တလျောက်လုံးမှာ ငြိမ်းချမ်းရေးဆောင်ရွက် ခဲ့တဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ရပ်တည်ချက်တွေ၊ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ရှင်းပြတယ်။ နောက်ဆုံး တတိယမြောက်အချက်ကတော့ ၂၁ ရာစုပင်လုံ ညီလာခံနဲ့ပတ်သက်လို့ အထူးဒေသ ၂ ရော၊ အထူးဒေသ ၄ ရော နှစ်ဖွဲ့လုံးက ထောက်ခံတယ်၊ ကြိုဆိုတယ်” လို့ ပြောပါတယ်။

ဘယ်လိုပူးပေါင်းပါဝင်နိုင်မလဲဆိုတာကို ဒီနှစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ နောက်ရက်တွေမှာ အသေးစိတ်ဆက်လက်ဆွေးနွေးကြမယ်လို့ဆိုပါတယ်။

ဒီတွေ့ဆုံမှုဟာ အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ သူက  “ကျနော်တို့ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ဒီအဖွဲ့အစည်းတွေကြားမှာ ရင်းနှီးမှု၊ ယုံကြည်မှုတည်ဆောက်တဲ့ဟာဖြစ်ပါတယ်။ တော်တော်လေးကို အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုလို့ပြောလို့ရပါတယ်။” လို့ ပြောပါတယ်။

ဝခေါင်းဆောင်တွေနဲ့ မိုင်းလားခေါင်းဆောင်တွေဟာ ဒီကနေ့ နေ့ခင်းပိုင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံကြမှာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းက ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအထူးဒေသ ၂ ကို ထိန်းချုပ်ထားတဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီဟာ ၁၉၉၃ ခုနှစ်ကကျင်းပတဲ့ ညောင်နှစ်ပင်ညီလာခံကို တက်ရောက်ခဲ့ပြီး ၀ ပြည်နယ်အဆင့်ပေးဖို့တောင်းဆိုထားပါတယ်။ လက်နက်ကိုင်အင်အား ၃ သောင်းကျော်၊ အရန်တပ်ဖွဲ့ဝင် ၂ သောင်းခန့်နဲ့ စစ်လက်နက်ပ စ္စည်းကောင်းမွန်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီဟာ ပြည်ထောင်စုအစိုးရ အုပ်ချုပ်မှုအောက်ကနေ သီးခြား ကင်းလွတ်နေပြီး တရုတ်ငွေကြေးကိုသုံးစွဲသလို၊ တရုတ်ဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွေအရ လက်ရှိ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ စုံညီအစည်းအဝေးကျင်းပနေပါတယ်။ တချိန်တည်းမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ လူငယ် ၁ ထောင်ခန့်ကလည်း ရှမ်းပြည်နယ်ပင်လုံမြို့မှာ ဆွေးနွေးနေကြပါတယ်။

အစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမယ့်သြဂုတ်လ နောက်ဆုံးပတ်ထက်နောက် မကျပဲကျင်းပနိုင်ဖို့ ကြိုးပမ်းနေပြီးပါဝင်သင့်သူတွေပါဝင်ခွင့်ရအောင် ဆွေးနွေးညှိနှိုင်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013