DVB Logo
Home
မှုခင်း/မူးယစ်ဆေး
မောင်တောရဲကင်းမှာ စိတ်ကြွဆေးပြား ၃ သိန်း ဖမ်းဆီးရမိမှုရဲ့ နောက်ဆက်တွဲထူးခြားချက် - ဒေသခံတဦးနှင့် မေးမြန်းချက်
DVB
·
July 29, 2016
မောင်တောရဲကင်းမှာ စိတ်ကြွဆေးပြား ၃ သိန်း ဖမ်းဆီးရမိမှုရဲ့ နောက်ဆက်တွဲထူးခြားချက် - ဒေသခံတဦးနှင့် မေးမြန်းချက်
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နယ်ခြားစောင့်တပ်အပိုင်နယ်မြေထဲက ရဲကင်းတခုကနေ လွန်ခဲ့တဲ့ရက်ပိုင်က စိတ်ကြွမူး ယစ်ဆေးဝါး ၃ သိန်းနီးပါး ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီဖမ်းဆီး မှုနောက်ဆက်တွဲနဲ့ ဘင်္ဂလားနယ်စပ် မောင်းတောမြို့အခြေအနေကို ဒေသခံမြန်မာတဦးကို ဆက်သွယ်မေမြန်းခဲ့ပါတယ်။

မောင်တောရဲကင်းမှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုနဲ့ နောက်ဆက်တွဲ ထူးခြားချက်လေး ပြောပြပါလား။
“ကျောက်ပဲလူ ကင်းစခန်းပေါ့ အဲဒီမှာ သူက ဖမ်းထားတာက ၃၊ ၄ ရက်လောက်ရှိပြီပြောတယ်။ ကျနော်တို့ကြားတာကတော့ အဲဒါကို သူတို့က မူးယစ်ဆေးဝါး ၆ သိန်းလောက် ဖမ်းမိတယ်ပေါ့၊ ဖမ်းရတဲ့အချိန်မှာ ကယ်ရီ (သယ်သူ) သမားကို ၃ သိန်းလောက်ပေးလိုက်ပြီးတော့ သူတို့ ၃ သိန်းလောက် ယူထားလိုက်တယ်။ အဲဒါ ပိုင်ရှင်ကနေ ရဲမှူးကို ဖုန်းနဲ့တိုင်လိုက်တယ်၊ အဲလိုပဲ ကျနော်တို့ သတင်းကြားပါတယ်။ အဲဒါ သူတို့အချင်းချင်း မညီကြလို့ အဲဒီလိုလည်း ပြောသံကြားတယ်။ သူတို့ထဲက သတင်းပေါက်ကြားပြီးတော့ အဲဒီလိုပုံစံမျိုးဖြစ်တယ်၊ နောက်ပိတ်ဆုံး ပိုင်ရှင်က ရဲမှူးကို ဖုန်းဆက်ပြီးပြောလိုက်တယ်လို့ပြောတယ်။ ခုနှစ်ယောက်ကို တော့ ဖမ်းထားပြီးပြီ သူတို့ကိုလေ။”

အဲဒါ ရဲနဲ့ အုပ်ချုပ်ရေးပိုင်းက ကြားတာလား။
“ဒီမှာကလည်း ဘယ်လိုပြောမလဲဆိုတော့ ဒီနေရာက တကယ့်ကို မူးယစ်ဆေးဝါးနယ်မြေတခုလို ဖြစ်နေတယ်၊ အဲဒါ အကုန်လုံး ဒီလူချည်းပဲ ပြောင်းလိုက်။ သူတို့ပဲ အခြေခံလုပ်စားနေသလို ဖြစ်နေတယ်။ ကျနော်တို့ဒေသက တော်တော်လေးကို ဆိုးဝါးနေပြီ။ အေး အဲဒီလိုပဲ လက်နက်ကိုင်တွေကပဲ ကယ်ရီလုပ်တယ်။ သူတို့ကပဲ လာဘ်ပေးလာဘ်ယူ သူတို့လုပ်တယ်။ အဲလိုနဲ့ပဲ ကျနော်တို့ဆီမှာ လူငယ်တွေ တော်တော်လေးပျက်စီးနေကြတယ်။ ”

မူးယစ်စိတ်ကြွဆေးက အဲဒီမှာ ဆေးတပြားကို ဘယ်လောက်ပေါက်လဲ။
“အဲဒါကတော့ သူ့ရဲ့အရည်အသွေးနဲ့ဆိုင်ပါတယ်။ အာရ် ဆဲဗင်းတို့ဘာတို့ဆိုရင် ၃ ထောင်ကျော်လောက်တောင်ရှိတယ်လို့ ကြားပါတယ်။ အာရ် ဆဲဗင်းဆိုတာ အကောင်းဆုံးလို့ ပြောကြတာပဲ။ ကျောင်းသားလူငယ်တွေရော အကုန်လုံးသုံးနေကြတယ်၊ ပြဿနာက အများကြီး။ အခုလို ရဲတွေက မူးယစ်ဆေးဝါးထဲမှာ ပါဝင်နေတာက အများစုဖြစ်နေတော့ တော်တော်လေး အခက်အခဲဖြစ်နေတယ်။”

မူးယစ်ဆေးဝါးတွေက ဘယ်ကိုသွားတာလဲ။ ဘယ်ကနေလာတာလဲ။
“ဟုတ်တယ်၊ ဘင်္ဂလားဒေ့ရှ်ကို သွားနေကြတာ။ ဒါပေမယ့်သွားနေကြတယ်ဆိုပေမယ့် ဒီဘက်မှာလည်း ကျန်ခဲ့တာတွေအများကြီးရှိတယ်။”

မူးယစ်ဆေး ဒီလိုအများအပြားဖမ်းဆီးရမိတာ အရင်ကရောဖြစ်ဖူးလား။ ဖြစ်ရိုးဖြစ်စဉ်ပဲလား။
“အရင်ကလည်း ဖမ်းမိတာတွေရှိတယ်။ ၅ သိန်းတို့၊ ၆ သိန်းတို့၊ ဆယ်သိန်းတောင်ရှိတယ်။”

ဖမ်းမိတဲ့အခါ ဘာဖြစ်လဲ။
“ဖမ်းမိတဲ့အခါ ဘာဖြစ်မလဲ၊ သူ့ဟာနဲ့သူပဲ (ရယ်လျက်)။ ဖမ်းမိတဲ့ကောင် ထောင်ကျတာ၊ ဒါပေမယ့် ဆက်စပ်တရားခံတွေကတော့ ဘာမှ တခါမှ ဖမ်းမိပြီးတော့ ကိုင်တွယ်တာ တခါမှ မရှိဘူး။ သူ့ဟာနဲ့သူပဲ (ရယ်လျက်) ပြီးသွားကြတာပဲ။ လက်ဝယ်တွေ့တဲ့ကောင်ပဲထိတာပေါ့။ လာဘ်ပေးလာဘ်ယူပေါ့ဗျာ။ ရာဇာတွေ ကြီးစိုးနေတာကိုး။”

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာရော မူးယစ်ဆေးဝါးနှိမ်နင်းမှုပုံစံက ဘယ်လိုလဲ၊ တင်းကျပ်လား။
“သူတို့လည်း တော်တော်လေးလုပ်တာပဲ၊ ဒါပေမယ့် မနိုင်ဘူးလေ။ ကျနော်တို့ မူးယစ်ဆေးဝါး ကြောင့် ဒီဘက်မှာတောင် လက်နက်တွေ စိမ့်ဝင်လာတာ တွေ့ရတယ်။ ဘာကြောင့်ဆို ကျနော်တို့ တလကျော် ၂ လလောက်က မောင်တောနဲ့ ငါးမိုင်လောက်ကွာတဲ့နေရာမှာဖြစ်သွားတဲ့ဟာ၊ ဖားဝဲချောင်းထက် ရယက ရုံးမှာ သေနတ်နဲ့ လုပ်ကြံသွားတဲ့ကိစ္စ၊ မနက်ကိုးနာရီလောက်ကြီး။ အဲဒါဆို ကျနော်တို့တာ ကျနော်တို့ဘ၀မှာ ကြားတောင် မကြားဖူးဘူး။ ရယကရုံးကိုလာပြီးတော့ ၀ါနူဟာရင်ဆိုတာ ဘယ်သူလဲဆိုပြီးတော့ နာမည်ဘယ်သူပါဆိုတာနဲ့ ဆိုင်ကယ်နဲ့ ၂ ယောက်လာပြီး ရယကရုံးမှာ အစည်းအဝေးလုပ်နေတုန်း ဆယ့်ငါးပေအကွာလောက်ကနေ ပစ္စတိုနဲ့ ၃၊ ၄၊ ၅ ချက်လောက်ပစ်လိုက်တာ အကုန်လုံး အချက်တိုင်းထိတယ်။ ပစ်ပြီး ဆိုင်ကယ်ပြန်မောင်းပြီးပြေးသွားရော။ အဲဒီတရားခံလည်း အခုထက်ထိ ရှာလို့မရသေးဘူး။ ကုလားအချင်းချင်းပေါ့။ ဒါပေမယ့် ကုလားအချင်းချင်းပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် လုံခြုံရေး ကျိုးပေါက်တာပေါ့။”

မြန်မာဘက်ကနေ ဘင်္ဂလားဘက်ကို နယ်စပ်ကုန်အရောင်းအ၀ယ်တွေရော ကောင်းရဲ့လား။
“ကုန်အရောင်းအ၀ယ်ဘာမှမရှိဘူးလေ၊ ကုန်အရောင်းအ၀ယ်ဆိုလို့ အရင်တုန်းက ပုစွန်တို့ ဘာတို့ နည်းနည်းပါးပါး။ အခုလည်း နည်းနည်းပါးပါးလောက်ပဲသွားတာပါ၊ မပြောပသလောက်ပဲ။ သူ့ဆီကကျတော့ စားကုန်တွေပြန်ဝင်တယ်။ ဘီစကွတ်တို့၊ အချိုရည်တို့၊ ကိုကာကိုလာတို့၊ ပလပ်စတစ်ပုံးတွေ၊ ရေတကောင်း၊ အိုးတွေ၊ သွပ်ထည်တွေလောက်ပါပဲ၊ ကြီးကြီးမားမားတော့ မရှိပါဘူး။”

အစိုးရသစ်က တဖွဲ့လုံးလိုလို ရခိုင်ပြည်နယ်အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးရေးလာလုပ်နေတာ ဘာထူးခြားလဲ။
“ဘာထူးခြားမလဲ၊ ဘာမှ မထူးခြားဘူး။ အကူအညီတွေလည်း ဘာမှမလာဘူး။ အပြောပဲရှိကြ တယ်၊ လုပ်တဲ့ကိုင်တဲ့အထဲမှာလည်း တ၀က်၊ တ၀က် အဲဒီလို။ လမ်းတွေလုပ်တယ်၊ တံတားတွေဆောက်တယ်ဆိုရင် အကုန်လုံး ဖြတ်၊ ဖြတ်၊ ဖြတ်၊ ဖြတ်နဲ့ အဲဒါ ပိုက်ဆံတရာလောက်ဆိုရင် ၅၀ လောက်နဲ့ပဲ ဒီမှာ အလုပ်လုပ်နေကြတာ။ အဲဒီလို အကုန်လုံး ဟိုကဖြတ်၊ ဒီကဖြတ်နဲ့ အဲလိုအများကြီး။”

မောင်တောမှာ လျှပ်စစ်မီး မဟာဓာတ်အားလိုင်းက လာလား၊ ဘယ်ဈေးရှိလဲ။
“မရှိဘူး၊ မရှိဘူး၊ မဟာဓာတ်အားလိုင်း ကျနော်တို့ဆီမှာ မရောက်သေးဘူး ခုထက်ထိ၊ ကျနော်တို့က ကိုယ့်မီးလင်းရေးကို ကိုယ်လုပ်ပြီးတော့ အဲဒီလိုတရက်မှ လေးနာရီလောက်ပဲ ပေးနိုင်တယ်။ ဓာတ်ဆီ၊ ဒီဇယ်နဲ့ပဲ မောင်းတာပေါ့။

၂၀၁၂ ခုနှစ်ပိုင်းက အခင်းနဲ့ဆက်စပ်ပြီး မောင်တောဒေသခံတွေအကြား စိတ်လုံခြုံမှုအခြေအနေ ဘာသံတွေကြား၊ ဘယ်လိုရှိသလဲ။
“ဘာသံတွေရယ်တော့ သိပ်တော့မရှိတော့ဘူး။ ဒါပေမယ့် ဟိုဘက်မှာ အိုင်အက်စ်တွေ ၀င်နေတာနဲ့ ဘင်္ဂလားဒေ့ရှ်အခြေအနေလည်း သိတဲ့အတိုင်းပဲ။ ဘယ်နေ့ဝင်လာမလဲမသိဘူး ဆိုတဲ့ အကြောက်တရားတွေနဲ့ပဲ နေနေရတာပေါ့။ ရတက်မအေးပေါ့။ စိတ်လုံခြုံမှိုကတော့ ပြော မယ်ဆိုလို့ရှိရင် ပြောစရာပဲ။ လူများပြီးတော့ ပွဲမစည်ဖြစ်နေတယ်။ လုံခြုံရေးအဖွဲ့က ချထားတာ နည်းတာမဟုတ်ဘူး။ ဒါပေမယ့် ချထားတဲ့အတိုင်းလည်း သစ္စာရှိဖို့လိုတယ်လေ။ ဟုတ်တယ် မဟုတ်လား။ ပိုက်ဆံ ၂ ထောင်ပေးရင်လည်း ၀င်ခိုင်းလိုက်၊ တသောင်းလောက်ပေးရင်လည်း ၀င်ခိုင်းလိုက်နဲ့ အဲဒီလိုပဲ ၀င်လာမစဲ တသဲသဲနဲ့၊ ထွက်ရင်လည်းထွက်၊ ၀င်ရင်လည်းဝင် အဲဒီလို။ အဓိကအဲဒီအပိုင်းတွေပေါ့။ ကျနော်တို့ ဒီ လုံခြုံရေးကျိုးပေါက်တယ်ဆိုတာ သစ္စာမဲ့လို့ပေါ့။ ကျနော်တို့ နတ်မြစ်တလျှောက်ပေါ့။ နတ်မြစ်ကမ်းရိုးတန်းတလျှောက်ပေါ့။ ဒါတွေကိုထိန်းချုပ်ဖို့အ တွက် သစ္စာရှိဖို့လိုပါတယ်။ ကျနော်တို့က လူမျိုးခွဲခြားစိတ်လည်းမရှိဘူး။ ကိုယ့်နိုင်ငံမှာနေလို့ရှိရင် ကိုယ့်နိုင်ငံဥပဒေကို လေးစားလိုက်နာရမယ်၊ ဟုတ်တယ်မဟုတ်လား။ နိုင်ငံသားဆို နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသားဆို တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံခြားသားဆို နိုင်ငံခြားသားအခွင့် အရေး ကိုယ့်ဟာနဲ့ကိုယ် ကိုယ်စီကိုယ်စီ။ ကိုယ့်အခွင့်အရေးနဲ့ကိုယ်ပဲ ဖြစ်သင့်တယ်ပေါ့။ ဒါတွေကိုအများကြီးလုပ်ဖို့ လိုပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013