
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြစ်မြေရွာကို မေ ၂၇ ရက် မွန်းလွဲ ၁၂ နာရီခွဲမှာ စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်လို့ ၃ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ ဒရုန်းဟာ နမခ စစ်တပ်အတွင်းကနေ လာရောက်တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
မျက်မြင်တွေ့သူ ဒေသခံရွာသားတယောက်က “စစ်ရှောင်အိမ်ပေါ်ကို ကြဲချသွားတာ။ သားအမိ ၂ ယောက်ကတော့ နေရာတင် သေဆုံးတာ။ ၃ နှစ်အရွယ် ကလေးနဲ့ သူ့ရဲ့အမေဗျ။ အမေအမည်က မဂျစ်လို့ ခေါ်တယ်။ ကလေးအမည်ကတော့ မသိဘူး။ အလောင်း ၂ လောင်းစလုံးကတော့ အူတွေ ပွင့်ထွက်သလို ဦးနှောက်တွေ ပွင့်ထွက်ဒဏ်ရာတွေနဲ့ သေဆုံးတယ်။ မြင်ရက်စရာကို မရှိပါဘူးဗျာ။ စိတ်ကို မကောင်းဘူး။ နောက်ထပ် ဒဏ်ရာရတဲ့သူ ၂ ဦးကလည်း အခြေအနေက စိုးရိမ်ရတယ်။ တဦးက ဗိုက်ပွင့်ပြီး အူတွေပါ ထွက်ကျနေတာ” လို့ ပြောပါတယ်။
မြစ်မြေရွာဟာ ချောင်းဦးမြို့ အနောက်ဘက် ၃ မိုင်ခန့်အကွာမှာရှိတဲ့ ကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၀၀ နီးပါးခန့်ရှိတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။
ချောင်းဦးမြို့နယ် ပကဖ တာဝန်ရှိသူတယောက်က “စကစ စိုးမိုးထားတဲ့ ချောင်းဦးမြို့နဲ့ နီးကပ်နေတဲ့ ရွာပဲဗျာ၊ ကျနော်တို့ ဘယ်လို စစ်ရေးလှုပ်ရှားမလဲ၊ စစ်ရေးလှုပ်ရှားမှုမရှိဘဲ ဘလိုင်းကြီး ကြဲချတာ။ ဆူဆိုက်ဒရုန်းနဲ့ ဗုံးသီးကြဲတာအပြင် ပါရာမော်တာ ၂ စီးနဲ့ပါ ထပ်လာဗုံးကြဲချသေးတာ။ အဲဒါကတော့ ထိခိုက်သူမရှိခဲ့ဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ကတော့ ချောင်းဦးမြို့အနောက်ခြမ်းကို မေ ၁၃ ရက်က စတင်ပြီး ချောင်းဦးမြို့အတွင်းကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေလည်း နေ့စဉ် ပြုလုပ်နေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေသလို လူနေအိမ် ပျက်စီးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။










