DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၁၇၀ ကျော် ရေဘေးသင့် ကယ်ဆယ်ရေးပစ္စည်းတင် စက်လှေနစ်မြုပ်
DVB
·
July 29, 2016
ကျပ်သိန်း ၁၇၀ ကျော် ရေဘေးသင့် ကယ်ဆယ်ရေးပစ္စည်းတင် စက်လှေနစ်မြုပ်
1 / 4
Donate to DVB

ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ စက်လှေတစီး မင်းပြားမြို့ မရောက်ခင် ကြပ်စင်တံတားအနီးမှာ စက်လှေကို ရပ်ထားရာကနေ တိမ်းစောင်းနစ်မြုပ်သွားပါတယ်။

စစ်တွေမြို့ကနေ မင်းပြားမြို့နယ်ကို ရေးဘေးသင့် ပြည်သူတွေအတွက် ကယ်ဆယ်ရေး ပစ္စည်း ထောက်ပံ့ပေးဖို့အတွက် စားနပ်ရိက္ခာတွေ တင်ဆောင်လာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP မှ စက်လှေတစီး ဇူလှိုင် ၂၈ ရက်နေ့ နေ့လယ် ၃ နာရီလောက် တိမ်းစောင်း နစ်မြုပ်ခဲ့တာဖြစ်ပြီး စက်လှေပေါ်ပါ ဆန်အိတ် ၆၃၇ အိတ်နဲ့ စားနပ်ရိက္ခာအချို့ ရေထဲက ပြန်လည်ဆယ်ယူခဲ့ရပါတယ်။

မင်းပြားမြို့ နာရေးကူညီမှုဖောင်ဒေးရှင်း ကိုစောမိုးကျော်က “ကြပ်စင်တံတားအနီး စက်လှေတစီး တိမ်းမှောက်တယ်လို့ သတင်းရရချင်းပဲ ကျနော်တို့လိုက်သွားပါတယ်။ စစ်တွေမြို့ က မင်းပြားမြို့နယ်ဘက် ကယ်ဆယ်ရေးပေးဖို့ လာတာလို့ပြောပါတယ်။ အဲ့ဒီမှာစက်လှေမှာ ပန်ကာ (ဒလက်) ကျိုးပဲ့ပြီးတော့ ကမ်းကပ်ထားတာပေါ့လေ။ ကျန်တဲ့အပိုင်းကိုတော့ ကျနော်တို့ မသိပါဘူး။ မင်းပြားမြို့နယ်ဘက်က ရွာတွေကို ကယ်ဆယ်ရေးပေးဖို့ လာတယ်လို့ပြောတယ်။ ထိခိုက်ဒဏ်ရာရသူတွေတဦးမှ မရှိပါဘူး” လို့ ပြောပါတယ်။

မင်းပြားမြို့ မြို့မရဲစခန်း တာဝန်ရှိရဲအရာရှိတဦးက “ဆန် ၆၃၇ အိတ်ရယ်၊ ပဲထောပတ်အိတ် ၈၁ အိတ်ရယ်၊ စားဆီ ၁၉၄ ပါကင်နဲ့ ဆားသုံးအိတ်ပါတယ်။ ပစ္စည်းအားလုံး စုစုပေါင်းတန်ဖို့ကတော့ ၁၇၁ သိန်း၊ အဲ့ဒီ စက်လှေမှာ ပါတယ်လို့ပြောပါတယ်။ အကုန်ကယ်ဆယ်ရေးပစ္စည်းတွေပါ။ စက်လှေကမ်းကို ကပ်ထားတဲ့အခါမှာ ရေးစီးအားသန်းလို့ စက်လှေတိမ်းစောင်းသွားတာပါ။ စက်လှေက ရေခန်းလာတဲ့အခါမှာ စောင်းပြီးရေစီးအားနဲ့ မှောက်သွားတဲ့သဘောပါပဲ၊ ပစ္စည်းတွေ အကုန်ပြန်ရပါတယ်။ ဆန်အိတ်တွေအကုန် ရေထဲနစ်သွားတာ ပေါ့လေ။ အကုန် ရေစိုသွားတာပေါ့။”

ရခိုင်ပြည်နယ် မြို့နယ် ၅ မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးမှုတွေ ကြောင့် နေအိမ်နဲ့ လူနေအိမ်ခြေ ၅၀၂၉ လုံးနစ်မြုပ်သွားခဲ့ပြီး လူဦးရေ ၂၁၄၇၉ ဘေးလွှတ်ရာမှာ ခိုလှုံခဲ့ကြရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ နစ်မြုပ်အိမ်တွေနဲ့ ရေနစ်မြုပ်မှုကြောင့် ဘေးလွှတ်ရာကို ပြောင်းရွှေ့ခဲ့ရသူ အမ်းမြို့နယ်မှာ လူနေအိမ် ၁၁၄၅ အိမ်၊ လူဦးရေ ၄၆၈၇ ဦး၊ မင်းပြားမြို့နယ်မှာ လူနေအိမ်ခြေ ၂၈၉၃၊ လူဦးရေ က ၁၂၀၁၀ ဦး၊ ဘူးသီးတောင်မြို့နယ်မှာတော့ လူနေအိမ်ခြေ ၉၀ အိမ်၊ လူဦးရေ ၄၂၈ ဦး၊ ကျောက်တော်မြို့နယ်မှာ လူနေအိမ် ၁၃၀ အိမ်၊ လူဦးရေ ၆၅၈ ဦး၊ မြောက်ဦးမြို့နယ်မှာတော့ လူနေအိမ် ၇၇၁ အိမ်၊ လူဦးရေ ၃၆၉၆ ရှိပြီးလို့ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနကပြောပါတယ်။

သတင်း - ၀ဏ္ဏခွာညို၊ ဓာတ်ပုံ- စောမိုးကျော်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013