DVB Logo
Home
မြန်မာသတင်း
တပ်ကို အရပ်ဘက်အုပ်ချုပ်ရေးအောက်တွင်ထားရန် တိုင်းရင်းသားများသဘောတူ
DVB
·
July 29, 2016
တပ်ကို အရပ်ဘက်အုပ်ချုပ်ရေးအောက်တွင်ထားရန် တိုင်းရင်းသားများသဘောတူ
Donate to DVB

ပြည်ထောင်စုတပ်မတော်အား အရပ်ဘက်အုပ်ချုပ်မှုအောက်မှာ ထားရှိဖို့အတွက် ကချင်ပြည်နယ် မိုင်ဂျာယန်မှာကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စုံညီအစည်းအဝေးက ဇူလိုင် ၂၈ ရက်မှာ သဘောထားတရပ် ချမှတ်ခဲ့ပါတယ်။

စုံညီအစည်းအဝေးရဲ့ တတိယနေ့မှာ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) နဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့မှ တင်သွင်းလာကြတဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံမူများ စာတမ်းနှစ်စောင်အပေါ် အခြေခံဆွေးနွေးပြီး ဘုံသဘောထား ချမှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံသားတွေကို ကာကွယ်ရေး အပါအ၀င် အခြားအခြေခံအချက် ၁၀ ချက်ကို ဘုံသဘောထားအဖြစ် စုစည်းပြီး ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေးတဲ့ အခြေခံမူတွေကို စုစည်းဖို့အတွက် အလုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ စုံညီအစည်းအဝေးအပြီး သဘောထားထုတ်ပြန်ချက်က ဆိုပါတယ်။

လက်ရှိကာလမှာတော့ တပ်မတော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ရယူထားပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပါဝင်ရွေးချယ်ခံစရာမလိုဘဲ ပြည်ထောင်စုလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော် အသီးသီးမှာ လွှတ်တော်ကိုယ်စားလှယ်ဦးရေရဲ့ ၂၅ ရာခိုင်နှုန်းကို ရယူထားပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးပိုင်းတွေဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုသူကို နိုင်ငံတော်သမ္မတက အတည်ပြု ခန့်အပ်ပေးရပါတယ်။

မိုင်ဂျာယန်အစည်းအဝေးကို မူလက ဇူလိုင် ၂၆ ရက်နေ့ကနေ ဇူလိုင် ၂၉ ရက်ထိ ကျင်းပဖို့ စီစဉ်ထားခဲ့ရာက ဇူလိုင် ၃၀ ရက်နေ့ထိ တရက်ထပ်တိုးခဲ့တယ်လို့ အစည်းအဝေး တာဝန်ရှိသူတွေက မီဒီယာတွေကို ပြောပါတယ်။

အစည်းအဝေးအပြီးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်း မရှိပါဘူး။

မနက်ပိုင်းက အခမ်းအနားအဖွင့်မှာတော့ သဘာပတိ ချင်းအမျိုးသားတပ်ဦး ဒု-ဥက္ကဋ္ဌ ဆလိုင်းလျန်မုန်းဆာခေါင်းက “ယနေ့ ၂၁ ရာစု ပင်လုံညီလာခံကြီးမှာ ကျနော်တို့ ပြင်ဆင်တဲ့ အခါမှာ ကျနော်တို့ရဲ့ ပြင်ဆင်ချက်က ဒီတောင်းဆိုချက် ပင်လုံကတည်းက ယနေ့အထိ ကျနော်တို့ အဆက်ဆက်သော တောင်းဆိုချက်ထဲက အဓိက အရေးကြီးဆုံးဖြစ်တဲ့ သုံးချက်ကို ဆက်ပြီး တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ အဲဒီသုံးချက်ကတော့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ဖြစ်ပါတယ်။ အဲဒီသုံးချက် အခွင့်အရေးသုံးရပ်ကို ကျနော်တို့က စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့ပဲ ထူထောင်လို့ရမယ်လို့ ကျနော်တို့ ခံယူထားပါတယ်။ ထို့အတွက်ကြောင့် အခုကတည်းက ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြည်ထောင်စုကြီးတခုလုံး ကမ္ဘာကြီးကိုရော ကျနော်တို့ ကြေညာချင်ပါတယ်။ ကျနော်တို့ တောင်းဆိုတဲ့ တိုက်ပွဲ၊ ကျနော်တို့ဆင်နွှဲတဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ဒီသုံးချက်ကို မရမချင်း ဆက်လက်တိုက်ပွဲဝင်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

တရုတ် - မြန်မာနယ်စပ် ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အစည်းအဝေး ကျင်းပနေသလို ရှမ်းပြည်နယ် ပင်လုံမြို့မှာလည်း တိုင်းရင်းသား လူငယ်ညီလာခံ ကျင်းပနေပါတယ်။

တချိန်တည်းမှာ ဒီကနေ့မှာ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကောင်းဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ မိုင်းလားအထူးဒေသ ၄ က တာဝန်ရှိသူတွေလည်း နေပြည်တော်မှာ ရောက်ရှိပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013