DVB Logo
Home
မြန်မာသတင်း
ပြည်နယ်မရှိသည့်လူမျိုးစုများ တန်းတူအခွင့်အရေးကိစ္စ တိုင်းရင်းသားလူငယ်များ မေးခွန်းထုတ်
DVB
·
July 28, 2016
ပြည်နယ်မရှိသည့်လူမျိုးစုများ တန်းတူအခွင့်အရေးကိစ္စ တိုင်းရင်းသားလူငယ်များ မေးခွန်းထုတ်
Donate to DVB

ရှမ်းပြည်နယ် ပင်လုံမြို့မှာ ကျင်းပနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံမှာ တက်ရောက်လာတဲ့ လူငယ်တွေက ပြည်နယ်မရှိတဲ့ လူမျိုးစုတွေရဲ့ တန်းတူ အခွင့်အရေးအခြေအနေကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

ညီလာခံဒုတိယနေ့အစီအစဉ်မှာ အထူးဖိတ်ကြားခြင်းခံရတဲ့ နိုင်ငံရေးအတွေ့အကြုံရှိသူ ပီအန်အယ်လ်အိုဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ၁၉၉၀ အမတ်ဟောင်း ဦးသိန်းဦးနဲ့ နိုင်ငံရေးသုတေသီ ဒေါ်ခင်မမမျိတို့ ၄ ဦးမှ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းခေါင်းစဉ်အောက်မှာ အန်စီအေ (တနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေး စာချုပ်)၊ ပဋိပက္ခဖြစ်ခြင်းနဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စတွေ ဟောပြောရှင်းလင်း ခဲ့ကြပါတယ်။

အဲဒီနောက် မေးဖြေကဏ္ဍမှာ တက်ရောက်လာသော တိုင်းရင်းသားလူငယ်ကိုယ်စားလှယ်တွေက ပြည်နယ်မရှိသော လူမျိုးစုများတန်းတူအခွင့်အရေးကိစ္စအပြင် ပင်လုံစာချုပ်နဲ့တကွ ဖက်ဒရယ် ဆိုင်ရာကိစ္စတွေ မေးမြန်းခဲ့တယ်လို့ ညီလာခံပြောရေးဆိုခွင့်ရှိသူ မင်းနှောင်ထောက ဒီဗွီဘီကို ပြောပါတယ်။

“မေးခွန်းအများစုကတော့ အာဏာခွဲဝေမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြည်နယ်မရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး မေးတယ်။ ပြည်နယ်မရှိလူမျိုးတွေရဲ့ တန်းတူ အခွင့်အရေး ဘယ်လိုရနိုင်မလဲ၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဘယ်လိုရှိသလဲဆိုတာတွေ မေးပါတယ်၊ အဲဒီမေးခွန်းကို ဒေါက်တာအေးမောင်က ဖြေပေးသွားတယ်။ သူက ကျနော်တို့ အနာဂတ် ဖက်ဒရယ်နိုင်ငံကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့အပေါ်မှာ အများကြီး အခြေခံတာပေါ့နော်၊ ဒေသကိုအခြေခံမလား။ လူမျိုးကို အခြေခံမလားဆိုတာကို ပြောတယ်။ မူအရကတော့ ရှိတာ ပေါ့နော်၊ ဒါပေမယ့် ၁၃၅ မျိုးသော လူမျိုးတွေကို ပြန်သုံးသပ်ရမယ်။ အဲဒါတွေ ဆန်းစစ်ပြီးမှ ဖက်ဒရယ်တည်ဆောက်ရေးကို ပြန်စဉ်းစားဖို့လိုတယ်လို့ ပြောပါတယ်။ ပေးလို့ရတဲ့ အနေအထား တွေ ဥပမာ လူဦးရေတို့ ရေမြေအနေအထားတို့ပေါ့။ ဒါက ကျနော်နားလည်သလောက်ပေါ့လေ။”

ရှမ်းလူငယ်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ စိုင်းလွိုင်ခမ်းပန်ကလည်း ဒုတိယပင်လုံမှာ အားလုံးပါဝင်တဲ့သဘောတူညီချက်တွေနဲ့ ပထမပင်လုံကတိကဝတ်တွေကို အကောင်ထည်ဖော်ဖို့လိုအပ်ကြောင်း ဒေါက်တာအေးမောင်ရဲ့ ပြောဆိုချက်အပေါ် ခုလို ပြန်ပြီးမေးခွန်းထုတ်ခဲ့တယ်လို့ ပြောပါတယ်။

“ဒေါက်တာအေးမောင်က ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို ထားခဲ့ပြီး တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံမှာ ၀ိုင်းဝန်းကြိုးပမ်းရမယ်လို့ ပြောတယ်။ ကျနော်ကလည်း ပင်လုံစာချုပ် ချုပ်ဆိုခဲ့တာ ၆၉ နှစ်ရှိပြီး အခုထက်ထိ အကောင်အ ထည်မေ ဖ်ာနိုင်သေးဘဲ အသစ်ထပ်ပြီး လုပ်မယ်ဆိုတာ သင့်တော်ပါရဲ့လားပေါ့။ ပြီးတော့ တကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ ၁၉၄၇ ပင်လုံစာချုပ်ဟာ ပျက်ပြယ်သွားမှာလားလို့ ကျနော် မေးခွန်း ထုတ်ခဲ့တယ်။”

ဒါ့အပြင် တခြားတိုင်းရင်းသားလူငယ်များမှလည်း ၁၄ ယူနစ် ပြည်ထောင်စု၊ ၇ ယူနစ် ပြည်ထောင်စု အားနည်းအားသာချက်၊ မြန်မာပြည်နယ်သတ်မှတ်ခြင်း စတဲ့ ကိစ္စတွေ မေးမြန်း ခဲ့ကြပါတယ်။ မေးခွန်းတွေမှာ များပြားတဲ့အတွက် သတင်းရေးသားချိန် (ညနေ ၅ နာရီထိ) ဖြေကြားလို့ မပြီးဆုံးသေးပါဘူး။

ဒီနေ့ ညပိုင်းအစီအစဉ်မှာတော့ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် အကြောင်း နဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်လာဖို့ အကြောင်းရင်းတွေကို အထူးအစီအစဉ်အဖြစ် ရှင်းလင်းတင်ပြဖို့ ရှိပါတယ်။ အဲဒီနောက် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အဖြစ် ညီလာခံတက်ရောက်လာသူတွေမှ တိုင်းရင်းသား အကတွေနဲ့ တင်ဆက်ပေးဖို့ ရှိနေပါတယ်။

မနက်ဖြန်မှာတော့ တိုင်းရင်းသားလူငယ်ကိုယ်စားလှယ်အသီးသီးမှ တင်သွင်းတဲ့ စာတမ်းတွေကို ဖတ်ကြားပြီး နောက်ရက်တွေမှာတော့ တိုင်းရင်းသားလူငယ်များအားလုံးရဲ့ ဘုံသဘောထား ရယူဖို့ ဆက်လက်ဆွေးနွေးသွားကြမယ်လို့ မင်းနှောင်ထောက ပြောသွားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို ဇူလိုင်လ ၂၇ မှ ၃၁ ရက်နေ့ထိ ၅ ရက်တိုင် ကျင်းပသွားမှာဖြစ်ပြီး ပလောင်၊ ပအိုဝ်း၊ ကိုးကန့်၊ ကဒူး၊ ကနန်း၊ ဆလုံ၊ ထားဝယ်၊ ရှမ်းနီ၊ နာဂ၊ မြောင်စီး၊ သက်၊ ခမီ၊ အင်းသား အစရှိသော တိုင်းရင်းသားလူမျိုးပေါင်း ၂၈ မျိုးမှ ကိုယ်စားလှယ် ၇၀၀ ကျော် တက်ရောက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013