DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးကော်မရှင်အသစ် ပြန်ဖွဲ့ရန် လွှတ်တော်တွင် ဆွေးနွေး
DVB
·
July 28, 2016
လူ့အခွင့်အရေးကော်မရှင်အသစ် ပြန်ဖွဲ့ရန် လွှတ်တော်တွင် ဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၁၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဝေဖန်ထောက်ပြ ဆွေးနွေးခဲ့ကြပြီး ကော်မရှင်အသစ်တခု ပြန်ဖွဲ့ဖို့အထိ ဆွေးနွေးတင်ပြခဲ့ပါတယ်။

ဇူလိုင် ၂၅ ရက်က လွှတ်တော်ထံတင်သွင်းခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင် အစီရင်ခံစာကို ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အပြီးသတ်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ကိုယ်စားလှယ် တွေရဲ့ ဝေဖန်ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ ကော်မရှင်ဘက်ကလည်း ခုခံကာကွယ် ပြောဆိုခဲ့ပါတယ်။

ကိုယ်စားလှယ်အများစုက လူ့အခွင့်အရေးကော်မရှင်ဟာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်တဲ့အပိုင်း အားနည်းတယ်၊ ကော်မရှင်က တင်ပြချက်တွေကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေက ပူးပေါင်းလုပ်ဆောင်မှု အားနည်းတယ်၊ လတ်တလောဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာလည်း ကော်မရှင်က ထိထိရောက်ရောက် ဟန့်တားကာကွယ် နိုင်ခြင်း မရှိဘူး၊ အထူးသဖြင့် အကျဉ်းထောင်တွေမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားကာကွယ်နိုင်ခြင်း မရှိဘူးလို့ ၀ိုင်းဝန်းထောက်ပြ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက လက်ရှိကော်မရှင်ကို အသစ်ပြန်ဖွဲ့ဖို့ထိ ခုလို ဆွေးနွေးခဲ့ပါတယ်။

“လူ့အခွင့်အရေးတွေ ဆက်ပြီး မဆုံးရှုံးရအောင် ဒီ ကော်မရှင်လူကြီးတွေ အားလုံးကို အတွေးသစ် အမြင်သစ်ရှိတဲ့ လူတွေနဲ အပြုအမူ အဆောင်အရွက်တွေ ပြောင်းလဲဖို့ အတွေးအခေါ် အယူအဆတွေ ပြောင်းလဲဖိုကော်မရှင်တဖွဲ့လုံးကို ပြောင်းလဲပစ်ဖို့သာလျင် အရေးတကြီး လိုအပ်ပါတယ်။”

လူ့အခွင့်အရေးကော်မရှင်အစီရင်ခံစာတင်သွင်းခဲ့တဲ့ ကော်မရှင်ဘက်က ဥက္ကဋ္ဌဦးဝင်းမြက ကော်မရှင်အနေနဲ့ ကော်မရှင်ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နေတာ ၃ လသာ ရှိသေးပြီး တတ်နိုင်သလောက် လုပ်ဆောင်နေတဲ့အကြောင်း လွှတ်တော်ထဲ ခုခံကာကွယ် ပြောဆိုခဲ့ပါ တယ်။

ဒါ့အပြင် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို ကော်မရှင်ဘက်က စာနဲ့ အသေးစိတ် ရှင်းပြခွင့်ပေးရန်လည်း လွှတ်တော်နာယကထံ ခွင့်တောင်းသွားပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်တွင်း ဆွေးနွေးခဲ့ကြတဲ့ ကိုယ်စားလှယ်တချို့ဟာ ဆွေးနွေးတဲ့ အကြောင်းအရာနဲ့ မပတ်သက်တာတွေ ဆွေးနွေးခဲ့ကြလို့ လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ၂ ကြိမ်ထက်မနည်း သတိပေးတားမြစ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လွှတ်တော်ထံ တင်သွင်းခဲ့တဲ့ ၂၀၁၅ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာမှာ အခန်း ၉ ခန်း၊ အကြောင်းအရာ ၁၁ ခုနဲ့ စာမျက်နှာ ၆၀ ကျော် ပါဝင်ပါတယ်။

ကော်မရှင်အစီရင်ခံစာအရ ကော်မရှင်ထံရောက်ရှိလာတဲ့ တိုင်ကြားစာ ၁၂၀၀ ကျော်အနက် ၂၀၀ ကျော်ကိုပဲ ကော်မရှင်က သက်ဆိုင်ရာကို တင်ပြနိုင်ခဲ့ပါတယ်။

ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြရဲ့ ဒီနေ့ လွှတ်တော်တွင်း ရှင်းလင်းချက်အရလည်း သက်ဆိုင်ရာဌာနတွေရဲ့ ပူးပေါင်း ပါဝင်မှုဟာ ၂၉ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုပါတယ်။

ကော်မရှင်ကို ၂၀၁၁ ခုနှစ်မှာ သမ္မတ အမိန်နဲ့ ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ တခါ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ ပါဝင်တဲ့ပုဂ္ဂိုလ် အားလုံးလိုလိုဟာ အစိုးရအငြိမ်းစားအရာရှိတွေချည်းလိုလိုဖြစ်နေပြီး ကော်မရှင်မှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေ ပါဝင်ခြင်း မရှိတဲ့အပေါ် ဝေဖန်ပြစ်တင်ခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013