DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေကြီးမှုကြောင့် မြို့ ၃ မြို့ ရေကြီးရေလျှံ
DVB
·
July 28, 2016
ချင်းတွင်းမြစ်ရေကြီးမှုကြောင့် မြို့ ၃ မြို့ ရေကြီးရေလျှံ
Donate to DVB

ချင်းတွင်းမြစ်ရေကြီးမှုကြောင့် စစ်ကိုင်းတိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင် မြို့တွေ ရေဖုံးလွှမ်းနေပြီး တခြားမြို့တွေဖြစ်တဲ့ မော်လိုက်၊ မင်းကင်း၊ ကလေးဝတို့မှာလည်း မြို့တွင်းရာချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပါတယ်။

ဒီလိုရေကြီးရေလျှံမှုဟာ ဇူလိုင်လအတွင်း ဒုတိယအကြိမ်ရေကြီးတာဖြစ်ပြီး အရင်တခေါက်ထက် ရေက ပိုမြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခန္တီမြို့မှာ ရေမြင်တက်လာတ ၄ ရက်လောက်ရှိပြီဖြစ်ပြီး ဒီကနေ့မှာ ရေအနည်းငယ်ကျသွား ပေမယ့် ဒေသခံပြည်သူတွေ ကယ်ဆယ်ရေးစခန်းမှာနေနေရဆဲဖြစ်သလို စားရေးသောက်ရေး အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တူးက ပြောပါတယ်။

“ကျန်းမာရေးအခြေအနေကတော့ လောလောဆယ် ၀မ်းလျှောဝမ်းပျက်နည်းနည်းဖြစ်နေ တယ်။ လောလောဒီကရှိတဲ့ဆေးမှူးတွေနဲ့လိုက်ပြီး ကုသပေးနေတယ်ပေါ့နော်။ ပျက်စီးဆုံးရှုံးမှု ကျတော့ လူတိုင်းရှိပါတယ်။ ဒါပေမယ့် သေဆုံးတာတွေတော့မရှိဘူး။ အခက်အခဲကတော့ လောလောဆယ် ရွေ့ပြောင်းထားတဲ့လူတွေက စားဝတ်နေရေးက တော်တော်ခက်ခဲတယ်။ ကျနော်တို့ လိုက်စစ်ဆေးကြည့် သလောက်ဆိုရင်တချို့ဆိုရင် ညမနက် ထမင်းထက်စားစရာ မရှိတဲ့အခက်အခဲလည်းရှိတယ်။ အလှူရှင်သာရှိရင် ဆန်တို့ ဘာတို့ လှူပေးရင်တော့ ကောင်းတယ်ပေါ့နော်။ ”

ခန္တီးမြို့မှာ မြစ်ကြောင်းတလျှောက်ကျေးရွာ ၂၄ ရွာရှိပြီး အဲဒီတလျှောက်လုံးလည်း ရေကြီးရေ လျံမှုတွေ ဖြစ်ပွားနေသလို စိုက်ပျိုးထားတဲ သီးနှံစိုက်ခင်းတွေလည်း ပျက်စီးကုန်တယ်လို့ ဦးမောင်တေးက ပြောပါတယ်။

အလားတူ ဖောင်းပြင်မြို့မှာလည်း တမြိုကလုံး ရေလွမ်းနေတာ ၁၀ ရက်ကျော်နေပြီး ကျောင်းတွေ ပိတ်ထားရတာလည်း တလလောက်ရှိနေပြီလို့ ဒေသခံလွှတ်တော်ကိုယ်စား လှယ် ဒေါ်အိအိဖြိုးက ပြောပါတယ်။

“ရေဘယ်လောက်ကြီးနေလဲဆိုတော့ အခု တမြို့ကလုံး လွမ်းမိုးသွားပြီ။ ၁၇ ရက်နေ့က တည်းက စတက်တာ။ ပထမတရေက ဇူလိုင်လ ၅ ရက်နေ့က တက်တယ်။ ၁၅ ရက်နေ့ လောက်ကို ပြန်ကျပြီး ၁၇ ရက်နေ့မှာ တခါပြန်တက်တာ အခုချိန်ထိမကျသေးဘူး။ လက်တလုံးလောက်တိုးနေတုန်းပဲ။ ရေမြုပ်ကုန်တဲ့အခါကျတော့ ကယ်ဆယ်ရေးစခန်း ၆ နေရာဖွင့်ထားတယ်လေ။ အဲဒီမှာ သွားနေကြတယ်။ အိမ်နှစ်ထပ်ရှိတဲ့သူကတော့ အပေါ်ထပ် မှာ နေကြတယ်။ ”

ရေကြီးမှုကြောင့် ဖောင်းပြင်မြို့နယ် ရွာပေါင်း ၃၀ လောက် ရေနစ်မြုပ်နေပြီး မြို့အတွင်းက ကျောင်းပေါင်း ၃၄ ကျောင်း ဇူလိုင်လ ၅ ရက်နေ့ကတည်းက ပိတ်ထားရာကနေ အခုချိန်ထိ ပြန်မဖွင့်နိုင်သေးဘူးလို့လည်း ဒေါ်အိအိဖြိုးက ပြောပါတယ်။

ရေကြီးနေတာ တလနီးပါဖြစ်တဲ့အတွက် ဒေသခံတွေက ဖျားနာမှုများနေတယ်လို့လည်း ပြောပါတယ်။

မော်လိုက်မြို့မှာတော့ မြို့နယ်ရဲ့ ၃ချိုး ၂ ချိုး ရေနစ်မြုပ်နေပြီး မြို့နယ်အတွင်းက ရွာပေါင်း ၁၄ ရွာလောက် ရေကြီးနစ်မြုပ်နေတယ်လို့ ဒေသခံ ဦးလှိုင်မြင့် ပြောပါတယ်။

ရေကြီးလို့ ရွာတွေနစ်မြုပ်တဲ့အပြင် ကမ်းပါးပြိုလို့ ရွေ့ပြောင်းရမှုတွေရှိတယ်လို့လည်း ဦးလှိုင်မြင့်က ပြောပါတယ်။
“ရေတော်တော်ကြီးနေတယ် ပြန်လည်းမကျသေးဘူးဗျာ။ ချင်းတွင်းမြစ်ရေက ခါတိုင်း တော့လည်း ကြီးတတ်ပါတယ်။ ဒါပေမယ့် ဒီဟာက ရုတ်တရက်ကျဘဲနဲ့ ခံနေတာပေါ့လေ။ ကျေးရွာတွေကလည်း ကမ်းတွေပြိုတာတွေရှိတယ်။ ”

ကလေးဝမြို့မှာလည်း ရေကြီးမှုကြောင့် မြို့တွင်းအနိမ့်ပိုင်းတွေ ရေ၀င်နစ်မြုပ်ပြီး မြို့နယ်အတွင်းက ကျေးရွာ ၁၀ လောက်ရေကြီးရေလျှံမှုဖြစ်နေတယ်လို့ ကလေးဝမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းကျော်က ပြောပါတယ်။

ချင်းတွင်းမြစ်ရေမြင်တက်မှုကြောင့် မြစ်ဘေးတလျောက်က ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့်လည်း မြစ်ကြီးနား၊ ဗန်းမော်မြို့တွေမှာလည်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013