DVB Logo
Home
မေးမြန်းခန်း
တတိယရေကြီးကာလ ကြုံတွေ့နိုင်ဟု ပညာရှင်ပြော
DVB
·
October 3, 2011
တတိယရေကြီးကာလ ကြုံတွေ့နိုင်ဟု ပညာရှင်ပြော
Donate to DVB

အရှေ့ဘက်ကလာတဲ့ မုန်တိုင်း အကြွင်းအကျန်တွေကြောင့် အောက်တိုဘာလအတွင်း တတိယ ရေကြီးကာလ ကြုံတွေ့နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

[caption id="attachment_13531" align="alignleft" width="300" caption="ဦးထနြ်းလငြ် (photo-www.tunlwin.com)"][/caption]

ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေ၀သ အခြေအနေတွေနဲ့ ပတ်သက်လို့ ဦးထွန်းလွင်ကို မေးမြန်းထားပါတယ်။

ဒီရက်ပိုင်း မုန်တိုင်း အကြွင်းအကျန်တွေကလည်း ဖြတ်သန်းနေတော့ ကျနော်တို့ နိုင်ငံကြုံတွေ့နိုင်တဲ့ ရာသီဥတု အခြေအနေနဲ့ ပတ်သက်လို့ ပြောပြပေးပါလား။

“ရာသီဥတုက လောလောဆယ်တော့ မိုးမပြတ်ရွာတယ်။ နောက်ပြီးတော့ ဟိုတလောက NESAT မုန်တိုင်းပေါ့။ သူကတော့ မြောက်ဘက်ချော်ထွက်သွားတယ်။ အနောက်ဘက် တည့်တည့်သာလာရင် အကြီးအကျယ်ရွာတယ်။ မြောက်ဘက်ကျော်ပြီး ကျနော်တို့ဆီ မရောက်တရောက်မှာပဲ အားပျော့သွားတော့ အဲဒီကောင်က သူ့အရှိန်လေးနဲ့တော့ မုတ်သုန်ဆန်တယ်။ မုတ်သုန်တော့ မရှိတော့ဘူး။ ထွက်သွားပြီ။ ဒါပေမယ့် မုတ်သုန်ဆန်တဲ့ ရာသီဥတုတော့ ရှိသေးတယ်။ အဲဒီပုံစံဖြစ်ပြီးတော့ အောက်ပိုင်းမှာ မိုးနည်းနည်းလိုက်တယ်။ အဲဒီ နီးစပ်ရဲ့ အောက်မှာတော့ ၂၂ လုံးမြောက် မုန်တိုင်းက ကပ်လာတယ်။ ဖိလစ်ပိုင်မှာ ဆော်လိုက်ပြီ။ သေတဲ့သတင်းတွေဘာတွေ ကြားပြီးပြီ။ ဒီဘက်ကိုရောက်ပြီးတော့ ဗီယက်နမ်ကို ဦးတည်တယ်။ ကျနော်တို့ ခန့်မှန်းချက်အရ ဗီယက်နမ်ကို ၆ ရက်နေ့ ညနေလောက် ဖြစ်မယ်။ မြန်မာပြည်ကို ၉-၁၀ ရက်နေ့လောက် ရောက်မယ်။ အဲဒီကောင်က မိုးတော်တော် သတိထားရမယ့်ကောင်။ ရှေ့ကသွားတဲ့ မုန်တိုင်းနဲ့ သူနဲ့ကွာတာက သူက လတ္တီကျု့ ပိုနိမ့်တယ်။ တောင်ဘက်ပိုကျတော့ မြန်မာပြည်ကို ပိုပြီးတော့ ဖြတ်ဖို့အလားအလာ များတယ်။ တခုရှိတာက ဗီယက်နမ်ဖြတ်ပြီး ကုန်းတွင်းပိုင်းမှာ တဖြည်းဖြည်းနဲ့ အပြောင်းအလဲ ဖြစ်သွားတာက တမျိုးပေါ့။ လောလောဆယ်တော့ ခန့်မှန်းတာက ၉- ၁၀ ရက်လောက်ဆို မိုးရွာဦးမယ်။”

နောက်ဆက်တွဲ မြစ်ရေကြီးတာတွေ ဖြစ်နိုင်သေးလား။

“ဖြစ်နိုင်တယ်။ ပြဿနာက မြစ်တွေက ရေကပြည့်နေတယ်။ မိုးကလည်း ကောင်းလာတယ်။ ရေခံကောင်းတယ်ပေါ့။ မိုးက ကျနော့်အထင် ၂ ရက်၊ ၃ ရက်၊ ၄ ရက်လောက် ဆက်တိုက်ရွာမယ်ဆိုရင်တော့ အထူးသဖြင့် အောက်မြန်မာပြည်က မြစ်တွေပါ၊ အထက်မြန်မာပြည် မြစ်တွေတော့ သိပ်မပါဘူး။ သံလွင်တို့ စစ်တောင်းတို့၊ င၀န်တို့ နောက်ပြီးတော့ ပဲခူးမြစ်တို့ အဲဒီမှာတော့ ဖြစ်နိုင်တယ်။ မိုးသုံးလေးရက် ဆက်တိုက်ရွာတဲ့အပေါ်မှာ ဖြစ်ပါလိမ့်မယ်။”

အိမ်နီးချင်း ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ အဲလို မုန်တိုင်း အကြွင်းအကျန် ထပ်ပြီး မြစ်ရေတွေ ကြီးပြီးတော့ ရေဘေးဒုက္ခတွေ ခံစားရတယ်။ အဲဒါမျိုး ဖြစ်နိုင်သလား။

“အဲဒါမျိုးက ကျနော့်အနေနဲ့က မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။ ဖြစ်နိုင်တယ်လို့ပဲ ပြောရမယ်။ ကံကောင်းဖို့က နှစ်ချက်ပဲရှိတယ်။ ထိုင်းကတော့ ကျနော်တို့ အရှေ့ဘက်ကျတော့ မုန်တိုင်းလာတာပေါ့။ သူ့ဆီကလာပြီးတော့ ကျနော်တို့ဘက်လာရင်တော့ အားပျော့သွားမယ်။ အဲဒါမျိုးတော့ အကျိုးခံစားနိုင်ပါတယ်။ နောက် လမ်းကြောင်းနည်းနည်း လွဲသွားတာတို့၊ ကိုယ့်ဆီရောက်တော့ အားပျော့သွားတာတို့၊ ဒါဆိုရင်တော့ ရေကြီးမှုတွေ လျော့သွားတာပေါ့။ အားကောင်းကောင်းနဲ့ ၀င်မယ်ဆိုရင် ခုနပြောသလို ဖြစ်နိုင်တယ်။ ဒါပေမယ့် ထိုင်းလောက်တော့ မဆိုးနိုင်ပါဘူး။ ထိုင်းကတော့ တော်တော်ဆိုးပါတယ်။”

အကျဉ်းချုပ်ပြီး ပြန်ပြောပြပါလား။

“အကျဉ်းချုပ်ပြီးပြောရရင် သုံးခုပါ။ အရှေ့ဘက်က လာတဲ့မုန်တိုင်း အကြွင်းအကျန်။ လောလောဆယ် နောက်တခုလည်း လာဖို့ရှိတယ်။ ၁၀ ရက်နေ့လောက် ရောက်မယ်။ နောက်ထပ် နှစ်ကုန်တဲ့အထိဆို ၂ ခုက ၃ ခုထိ လာဖို့ရှိတယ်။ အဲဒါက တစ်၊ နှစ်ကတော့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ဖို့ ရှိတယ်လို့ ကျနော်ယုံထားပါတယ်။ အဲဒါက လောလောဆယ် မဖြစ်သေးဘူး။ နောက်တတိယ ရေကြီးကာလ အခုအောက်တိုဘာလထဲမှာ ဖြစ်နိုင်ပါတယ်။ အဲဒီ သုံးခုပါ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013