DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးအတိုင်းအတာဖြင့် ရန်ကုန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံးဖြစ်
DVB
·
July 27, 2016
တနိုင်ငံလုံးအတိုင်းအတာဖြင့် ရန်ကုန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံးဖြစ်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၆၀၀ ကျော်ရှိပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အများဆုံးဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

အခု ၂၀၁၆ ခုနှစ် နှစ်စကနေ ဇူလိုင် ၁၈ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူဦးရေ ၆၁၈ ဦးရှိပြီး သေဆုံးသူဦးရေကတော့ ၄ ဦးရှိတယ်လို့  ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါဟာ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေနဲ့ယှဉ်ရင် အများဆုံးဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန သွေးလွန်တုပ်ကွေးရောဂါ နှိမ်နင်းရေး လုပ်ဆောင်နေတဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော်က ပြောလိုက်တာပါ။

အခုသွေးလွန်တုပ်ကွေးဖြစ်ပွားသူ တိုးလာတဲ့ နေရာဒေသတွေဟာ ရွှေ့ပြောင်းနေထိုင်သူများတဲ့ ဆင်ခြေဖုံးဒေသတွေနဲ့ မိုးရေတွေကို သိုလှောင်ပြီး သုံးနေရတဲ့ နေရာဒေသတွေမှာ ဖြစ်ပါတယ်။

“ရေသိုလှောင်တာပေါ့နော်။ မိုးရေကို ခံပြီးတော့ သုံးကြတယ်။ မိုးရေဆိုတာ အဓိကတော့ ရေရှားတဲ့အတွက် ၂၄ နာရီ ရေကို ပိုက်ဝါးတားစစ်စတမ် မရဘူးပေါ့။ မရနိုင်တဲ့အခါကျတော့ ရေကို သိုလှောင်ထားတယ်။ ရေကြည်ရေသန့်မှာပဲ သွေးလွန်တုပ်ကွေးက ပေါက်တဲ့အတွက်ကြောင့် သိုလှောင်ထားတဲ့ ရေတွေမှာပဲ သူက ပေါက်တာပေါ့နော်။ ပေါက်တဲ့အခါကျတော့ ဒီမှာ အများဆုံးတွေ့ရတယ်။ လှိုင်သာယာတို့၊ မှော်ဘီ၊ ဒဂုံတောင် ဒီလိုမျိုးတွေပေါ့နော်။ လူဦးရေထူထပ်များပြားနေတဲ့၊ အိမ်ခြေထူထပ်တဲ့ နေရာတွေမှာ ပိုပြီးတော့ များတာကို တွေ့ရတယ်” လို့ ဒေါက်တာ အေးမွန်မွန်ကျော်က ပြောပါတယ်။

အခုနှစ် သွေးလွန်တုပ်ကွေးဖြစ်ပွားပြီး သေဆုံးနှုန်းဟာ မနှစ်ကထက်စာရင် လျော့ကျသွားပေမယ့် မိုးရာသီ မကုန်ဆုံးသေးတာကြောင့် ဆက်လက်သတိထားဖို့တော့ လိုတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူတွေကို ကြည့်တဲ့အခါမှာ ၁ နှစ်အောက်ကလေးတွေ ပါဝင်သလို ၅ နှစ်ဝန်းကျင်ကလေးတွေနဲ့ ၁၆ နှစ်ဝန်းကျင်ရှိတဲ့ လူငယ်တွေပါ ပါဝင်နေပါတယ်။

“ဒါကြောင့်မို့ အစ်မဆိုလိုတဲ့သဘောက ကလေးတွေတင် မကဘူးပေါ့နော်။ ဖြစ်တာတွေက လူကြီးလည်း ဖြစ်နိုင်တယ်။ ဖြစ်ပြီးတော့ သေလည်းသေတတ်တဲ့အတွက်ကြောင့် မသိရင် အသက်အန္တရာယ်ဖြစ်နိုင်ခြေ အရမ်းကို မြန်လွန်းတယ်။ မြန်လွန်းတဲ့အခါကျတော့ အသက်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် ဖျားတာနဲ့ သွေးလွန်တုပ်ကွေးကို သံသယရှိပါ။ နောက်ပြီးတော့ တတ်ကျွမ်းတဲ့၊ နားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သွားရောက်ဆွေးနွေး အကြံဉာဏ်တွေ တောင်းခံပါ” လို့ ဒေါက်တာအေးမွန်မွန်ကျော်က ဆက်ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာအနေနဲ့ကတော့ ၁ ပတ်ကို ၂ ရက် လူထုထဲဆင်းပြီး သွေးလွန်တုပ်ကွေး တားဆီးနှိမ်နင်းရေးတွေ လုပ်နေသလို စာသင်ကျောင်းဗဟိုပြု ပညာပေးလုပ်ငန်းတွေလည်း လုပ်ဆောင်နေပါတယ်။

ပြည်သူလူထုအနေနဲ့လည်း မိမိအိမ် ပတ်ဝန်းကျင်မှာ ခြင်မပေါက်ပွားနိုင်အောင် လုပ်ဆောင်ဖို့လိုအပ်သလို ခြင်အကိုက်မခံရအောင် နေထိုင်ဖို့လည်း လိုအပ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013