DVB Logo
Home
မြန်မာသတင်း
စိတ်ကြွဆေးပြား ၃ သိန်းခန့် ၀ှက်ထားမှုဖြင့် နယ်ခြားစောင့်ရဲ ၇ ဦးကိုဖမ်းဆီး
DVB
·
July 27, 2016
စိတ်ကြွဆေးပြား ၃ သိန်းခန့် ၀ှက်ထားမှုဖြင့် နယ်ခြားစောင့်ရဲ ၇ ဦးကိုဖမ်းဆီး
1 / 2
Donate to DVB

ကျပ်ငွေ သိန်းပေါင်း ငါးထောင့်ရှစ်ရာကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၃ သိန်းနီးပါးကို အပ်နှံခြင်းမရှိပဲ သိုဝှက်ထားမှုနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျောက်ပန္တု(နတလ)ရဲကင်းစခန်းမှာ ရဲကင်းစခန်းမှူးအပါအ၀င် တပ်ဖွဲ့ဝင် ၇ ယောက်ကို ဇူလိုင် ၂၆ ရက်ညနေပိုင်းမှာ စိတ်ကြွဆေးပြား ၃ သိန်းခန့်ကို လက်ဝယ်ထားရှိမှုနဲ့ အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတာပါ။

ဒီဗွီဘီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကို မေးမြန်းရာမှာ “ဟုတ်ပါတယ်။ ရဲကင်းထဲမှာ ၀ှက်ထားတာ။ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးက အလုံးရေ ၂ သိန်းကိုးသောင်းကျော်ပါ”လို့ ပြောပါတယ်။ ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ စစ်တွေမြို့နယ်အကြား ရေလမ်းခရီးသွားနေတာကြောင့် စက်သံကြောင့် အသေးစိတ် မေးမြန်းနိုင်ခြင်း မရှိပါဘူး။

ကျောက်ပန္ဒုရဲကင်းစခန်းမှာ WY ဆေးပြားတွေသိမ်းဆည်းထားတယ်လို့ သတင်းရတဲ့အတွက် ဇူလိုင် ၂၆ ရက်နေ့မှာ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူး (ယာယီ)ဒုရဲမှူးကြီး တင့်ဇော်ဦးနဲ့ အဖွဲ့ဟာ ရဲကင်းစခန်းမှာ ၀င်ရောက်ရှာဖွေခဲ့ပါတယ်။

ရဲကင်းစားရိပ်သာအတွင်းမှာ မြေကြီးထဲမြှုပ်ပြီးဝှက်ထားတဲ့ ပီနံအိတ်အထုပ် တစ်ထုပ်ကို တွေ့ပြီး စစ်ဆေးတဲ့အခါ ကာလတန်ဖိုး ကျပ်သိန်း ၅၈၅၀ တန်တဲ့ WY စိတ်ကြွဆေးပြား အရေအတွက် ၂၉၂၅၀၀ ကိုတွေ့ရှိခဲ့ပါတယ်။

ကနဦးစစ်ဆေးချက်အရ ဇူလိုင် ၂၃ ရက်နေ့က မောင်တော အငူမော်လမ်းဘေးမှာ တွေ့ရှိလို့ ရဲကင်းမှူး ရဲတပ်ကြပ်မောင်မောင်လေးနဲ့ တပ်ဖွဲ့ဝင်နှစ်ယောက်တို့က ရဲကင်းကိုယူလာပြီး နောက်တစ်နေ့မှာ စားရိပ်သာမှာ မြေမြှုပ်ပြီး ၀ှက်ထားခဲ့တာလို့ သိရပါတယ်။

စိတ်ကြွဆေးပြားတွေကို ရဲကင်းစခန်းထဲမှာ မြေမြှုပ်သိုဝှက်ထားတဲ့ ကျောက်ပန္တုရဲကင်း စခန်းမှူးရဲတပ်ကြပ် မောင်မောင်လေး အပါအ၀င် ရဲကင်းစခန်းက နယ်ခြားစောင့် တပ်ဖွဲ့ဝင် တွေကို အင်းဒင်နယ်မြေစခန်းမှာ အမှုဖွင့်လှစ်ပြီး ရဲစည်းကမ်းဥပဒေအရ ဆက်လက်အရေးယူ သွားမယ်လို့ အမှတ် (၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့က သိရပါတယ်။

သတင်း - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013