DVB Logo
Home
မြန်မာသတင်း
ပင်လုံတွင် တိုင်းရင်းသားလူငယ်များညီလာခံ ကျင်းပရန် ခွင့်ပြုချက်ရရှိ
DVB
·
July 26, 2016
ပင်လုံတွင် တိုင်းရင်းသားလူငယ်များညီလာခံ ကျင်းပရန် ခွင့်ပြုချက်ရရှိ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့မှာ ဇူလိုင် ၂၇ မှ ၃၁ ရက်နေ့တွေအတွင်း ၅ ရက်တာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို မူလစီစဉ်ထားတဲ့အတိုင်း ကျင်းပသွားဖို့ ဆွေးနွေးညှိနှိုင်းအဆင်ပြေသွားပြီဖြစ်ပါတယ်။ အခုကိစ္စနဲ့ ပတ်သက်လို့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ တိုင်းရင်းသား လူငယ်ညီလာခံ ဖြစ်မြောက်ရေး ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိုင်း က ဒီသတင်းကို ကြားပြီးပြီ ဖြစ်ပြီး ညီလာခံကို ကျင်းပသွားမယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်မှ လက်မှတ်ရေးထိုးကာ တိုင်းရင်းသား လူငယ်ညီလာခံဖြစ်မြောက်ရေး ကော်မတီမှ တင်ပြတောင်းဆိုထားတဲ့ ၀န်ကြီးချုပ်နဲ့တွေ့ဆုံခွင့်၊ ပင်လုံကျောက်တိုင်ကွင်း အသုံးပြုခွင့်နဲ့ ညီလာခံပြုလုပ်ခွင့်စတဲ့ အချက် ၃ ချက်လုံး ဆိုင်းငံ့ထားဖို့ မနေ့က အကြောင်းပြန်ခဲ့တာပါ။

ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရပြောခွင့်ရဖြစ်သူ မရှိခိုက်မှာ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီးက ပြည်ထောင်စုအဆင့်ကို တင်ပြမှုကနေ ဆိုင်းငံ့ဖို့ဖြစ်ခဲ့ရတာဖြစ်ကြောင်းနဲ့ ညှိနှိုင်းမှုအရ ပြေလည်ပြီး ညီလာခံကျင်းပမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ရှမ်းပြည်နယ် ဥက္ကဌ ဒေါ်ခင်မိုးမိုးက ဒီဗွီဘီကိုပြောပါတယ်။

ပင်လုံမှာ တိုင်းရင်းသားလူငယ်များညီလာခံကို ဆိုင်းငံ့ထားဖို့ ရှမ်းပြည်နယ်အစိုးရက တား တယ်လို့ ကြားပါတယ်။ အဲဒါ ဘယ်လိုဖြစ်တာလဲ သိလားခင်ဗျ။
“ဟုတ်ကဲ့၊ အစိုးရအဖွဲ့ရဲ့ဝန်ကြီးချုပ်က ရှမ်းအရှေ့မှာရောက်နေပါတယ်။ နောက် ကျမတို့ သိထားတဲ့ အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူပေါ့နော် ဦးစိုးညွန့်လွင်ကလည်း နေပြည်တော်မှာ အစိုးရရဲ့ စီးပွားရေးကော်မတီတခုရဲ့အစည်းအဝေးကို တက်နေပါတယ်။ အဲဒီအချိန်မှာ အစိုးရအဖွဲ့မှာ တကယ်တာဝန်ရှိတဲ့လူမရှိဘူးပေါ့နော်။ အဲဒီအချိန်မှာ လူငယ်ညီလာခံကနေ ပြီးတော့ တိုင်းရင်းသားလူငယ်တွေရဲ့ ပင်လုံမှာလုပ်တဲ့ပွဲကို ခွင့်ပြုပေးဖို့ရယ်၊ ၀န်ကြီးချုပ်နဲ့ တွေ့ခွင့်ပြုပါဆိုတဲ့ဟာကို လူငယ်တွေက စာတင်ပါတယ်။ အစိုးရအဖွဲ့ကိုစာတင်တော့ အခုဒီမှာ ရှိနေတာက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဆိုရင် ၀န်ကြီးချုပ်က တာဝန်ပေးထားတာက ယူအက်စ်ဒီပီက ဗမာဝန်ကြီးပေါ့။ ဗမာဝန်ကြီး ဒေါက်တာအောင်သန်းမောင်ကို တာဝန်ပေး ထားပါတယ်။ အဲတော့ ဒေါက်တာအောင်သန်းမောင်ကနေပြီးတော့ လူငယ်တွေရဲ့ ခွင့်တောင်းစာကို သူက ပြည်ထောင်စုကို တင်လိုက်တဲ့သဘောရှိတယ်ရှင်။ အမှန်ကတော့ ဒီရှမ်းပြည်နယ်အစိုးရထဲတင် ပြီးရမယ့်ကိစ္စကို သူက ၀န်ကြီးချုပ်မရှိလို့ဆိုပြီးတော့ ပြည်ထောင်စုကို တင်လိုက်တယ်လို့ ထင်တယ်လေ။ ကျမအထင်ကို ပြောတာ။ အမှန်ကတော့ ပြည်ထောင်စုနဲ့လည်းမဆိုင်ဘူးလေ။ အဲဒါကိုတင်လိုက်တော့ ပြည်ထောင်စုကလည်း ဒီလူငယ်တွေရဲ့ညီလာခံရဲ့ ရည်ရွယ်ချက်ကို တိတိကျကျ မသိတော့ ပြည်ထောင်စုကနေ ပြီးတော့မှ ဒီညီလာခံကို ဆိုင်းငံ့ထားပါဆိုတဲ့စာကို ၂၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။ အဲဒီစာကို ရှမ်းအစိုးရကို ပြန်ပို့လိုက်တယ်။ ၂၂ ရက်နေ့ နေ့စွဲနဲ့။ အဲဒီမှာ ပြဿနာက ဘာဖြစ်သွားလဲဆိုတော့ လူငယ်တွေလက်ထဲကို ဒီအကြောင်းကြားစာကြီးက တိုက်ရိုက် ချက်ချင်းကြီးမသိရဘူး။ ချက်ချင်းမသိရဘဲနဲ့ ဒေါက်တာ အောင်သန်းမောင်က ၂၅ ရက်နေ့ မနေ့ကမှ လူငယ်တွေကို ပြည်ထောင်စုက တားတဲ့အတွက်ကြောင့် ဒီညီလာခံကို တားတယ်ဆိုပြီးတော့ ထုတ်လိုက်တယ်။ အဲလို ထုတ်လိုက်တဲ့အချိန်မှာ လူငယ်တွေက ပင်လုံမှာ လူငယ် ၈၅၀ လောက် ရောက်ပြီးနေပြီ။ အခု ဒီနေ့ဆိုရင် ကျန်တဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကလည်း သွားနေကြပြီ။ အဲတော့ လူငယ်တွေကြားထဲ မှာက ရှမ်းအစိုးရက တားတယ်လို့ မြင်လိုက်တာပေါ့။ အမှန်ကတော့ ရှမ်းအစိုးရထဲက ဗမာတိုင်းရင်းသား ၀န်ကြီးကနေပြီးတော့ ရှမ်းအစိုးရဆုံးဖြတ်ရမယ့်ကိစ္စကို ပြည်ထောင်စုကို တင်လိုက်လို့ အဲလို အလွှဲအမှားတွေဖြစ်သွားတာလို့ပဲ မြင်ပါတယ်။
အဲတော့ ကျမအခုနက ရှမ်းပြည်နယ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူလို့ သတ်မှတ်ခံထားရတဲ့ ကိုစိုးညွှန့်လွင်ကို ကျမ ဖုန်းဆက်ပါတယ်။ ဖုန်းဆက်တော့ သူက ဒါက ပြည်ထောင်စုကနေထုတ်တဲ့စာအပေါ်မှာတော့ ထပ်ပြီး ထုတ်လို့တော့မရတော့ဘူး။ ပြည်ထောင်စုက ဆိုင်းငံ့ထားတယ်ဆိုတဲ့ စာအပေါ် မှာတော့ သူတို့က ခွင့်ပြုတယ်ဆိုတာတော့ ထပ်ထုတ်လို့ မရနိုင်တော့ဘူး။ ဒါပေမယ့် လူငယ်တွေရဲ့ လုပ်တဲ့ဟာကို သူတို့ကတော့ နှောက်ယှက်ဟန့်တားတာမျိုးလည်း မလုပ်ပါဘူး ပေါ့။ ကျမ သူ့ကိုဆက်သွယ်တာ ကျမစိတ်ပူတာကလေ ဟိုမှာ ကျောင်းသားလူငယ်တွေ အကုန်လုံး ကလည်း ၈၀၀ ကျော် တထောင်နီးပါးရောက်နေတော့ တစုံတခု ပြသနာ၊ အကြမ်းဖက် နှိမ်နှင်းတာ ဘာညာ ဖြစ်မှာကို စိုးရိမ်လို့ ကျမက အခု တမနက်လုံး လိုက်ဆက်နေတာ။ ဆက်လိုက်တော့ ကိုယ့်အလုပ်ကိုယ်လုပ်ကြ လူငယ်တွေရဲ့ ၂၁ ရာစုပင်လုံကို နှောင့်ယှက်တာ မဟုတ်ဘူး။ ၀န်းရံကူညီအားပေးမယ်ဆိုတဲ့ဟာကိုလည်း ၀န်ကြီးချုပ်ကို လှမ်းဆက်သွယ်ပြီး ပြောပြပေးတယ်။ ပြောပြပြီးတော့ အခု အခြေအနေကတော့ တားတဲ့စာထုတ်တာကတော့ ထုတ်ထားပြီးပြီ။ ဒါပေမယ့် လူငယ်တွေကို နှောင့်ယှက်မှာတော့ မဟုတ်ဘူး။ အဲဒီအထိတော့ အဖြေရသွားပါပြီရှင်။

ဟုတ်ကဲ့၊ဆိုတော့ အန်တီ့ရဲ့စကားအတိုင်းဆိုရင် ပြည်ထောင်စုကတော့ စာထုတ်ထားပြီးပြီ ပြန်မရုပ်ဘဲနဲ့ လူငယ်တွေကကျင်းပမယ်ဆိုရင်လည်း အနှောင့်အယှက် တစုံတရာမပေးဘူး ဆိုတဲ့သဘောပေါ့။ အန်တီကော ပင်လုံသွားဖို့ရှိလား။
“ဟုတ်ကဲ့။ ကျမ အခုညနေသွားမှာပါ။ ခုညနေ ၄ နာရီလောက်သွားမယ်။ ပင်လုံမှာ အခုညနေလည်း တွေ့မှာပါ လူငယ်တွေနဲ့လေ။ ကျမ ရှမ်းပြည်အစိုးရ ပြောရေးဆိုခွင့်ရှိသူနဲ့ ညှိနှိုင်းလိုက်တာ ပေါ့။ အားလုံးအဆင်ပြေပြေဖြစ်သွားအောင်။ ”

ဒါဆိုရင် ကျင်းပဖြစ်မှာပေါ့နော်။
“ဟုတ်ကဲ့ ကျင်းပဖြစ်မှာပါ။ မနက် ၉ နာရီမှာ သူတို့ စတင်ကျင်းပပါမယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဘာပြောစရာရှိသေးလဲခင်ဗျ။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့။
“ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ ကျမက အန်အယ်လ်ဒီပါတီရဲ့ပြည်နယ်ဥက္ကဋ္ဌအနေနဲ့ရော၊ ကျမရဲ့ Peace Task Force မှာရော၊ ကျမရဲ့ Peace and Justice က ပါတယ်။ ကျမတို့ စစ်ပြေးဒုက္ခသည်တွေကို သွားလှူတဲ့တန်းတဲ့အထဲမှာလည်း၊ ကျမတို့က Peace Task Force လို့ကို အဖွဲ့ ၅ ဖွဲ့ပေါင်းပြီးဖွဲ့ထားတာ၊ ရှမ်းပြည်တောင်ပိုင်းလူငယ်ကွန်ရက်နဲ့အတူတူ။ အဲဒီတော့ ဒီကိစ္စဟာ အခုဆိုလို့ရှိရင် မိုင်ဂျာယန်မှာက လက်နက်ကိုင်၊ တိုင်းရင်းသားလက်နက်ကိုင် အားလုံးက ငြိမ်းချမ်းရေးအတွက် စကားပြောနေကြပြီ။ လူငယ်တွေကလည်း အခု ပင်လုံမှာ ငြိမ်းချမ်းရေးအတွက် ဘာတွေကူလုပ်ရမလဲ၊ ဘယ်လောက်ထိကူလုပ်ပေးရမလဲဆိုတာ လူငယ်တွေက စုပြီးစကားပြောကြမယ့်ပွဲ။ အဲဒီတော့ လူငယ်တွေလုပ်ရပ်ကိုလည်း ကျမတို့က အားပေးတယ်။ ငြိမ်းချမ်းရေးဆိုတာ လူငယ်၊ လူကြီး တတိုင်းပြည်လုံးက ပါဝင်ပူးပေါင်း ဆောင်ရွက်ရမယ့်ပွဲဖြစ်တယ်။ နောက် ၂၁ ရာစုပင်လုံဆိုတာလည်း လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်က တကယ်လိုအပ်လို့ အရေးတကြီးလုပ်ဆောင် ပေးတဲ့ပွဲ ဖြစ်တယ်။ ဒါကို ကျမတို့အားလုံးကတော့ ပြည်သူလူထုတွေရော၊ တိုင်းရင်းသား အားလုံးကရော လူငယ်၊ လူကြီးမကျန် ၀ိုင်းဝန်းရမှာပါပဲ။ အောင်မြင်အောင်ကျမတို့ လုပ်ရမှာပါ။”

အခုဖြစ်စဉ်မှာ မေးစရာရှိတာက ဗမာတိုင်းရင်းသားရေးရာဝန်ကြီး လုပ်ထုံးလုပ်နည်းလွဲ လို့လား။ ဒါမှမဟုတ် ပြည်ထောင်စုက ဒီဆုံးဖြတ်ချက်က ဘယ်သူတွေက ဆုံးဖြတ်တာလဲ။ သိသလောက်ပြောပြပါလား။
“ပြည်ထောင်စုက ဘယ်သူတွေက ဆုံးဖြတ်တာလဲ ကျမမသိဘူး။ နောက်တခါ ဗမာတိုင်းရင်းသားဝန်ကြီးက သူကလှမ်းပြီးပို့လိုက်တဲ့အထဲမှာ ကျမတို့ လုပ်ရမယ့် Process ကို သူ သိပ်မသိဘူးလို့ထင်တယ်။ သူကလည်း အစိုးရအဖွဲ့မှာ ကျမအထင် အခုမှပါတာ။ သူက အရင်တုန်းကကျန်းမာရေးနဲ့ပတ်သက်တဲ့ အန်ဂျီအိုလုပ်ခဲ့တယ်လို့ကြားဖူးပါတယ်။ ဆိုတော့ လူထုက ကျမတို့ ဒေသခံတွေရဲ့အမြင်က လွဲသွားလိုက်တာ၊ အမြင်မှားမြင်တာပေါ့လေ၊ ဟာ တိုင်းရင်းသားကိစ္စကို ဗမာဝန်ကြီး၊ နောက်တခါ ယူအက်စ်ဒီပီဝန်ကြီးက စာထုတ်ပြီး တားတယ်ဆိုတာမျိုးကြီးမြင်သွားတာလေ။ အဲဒီတော့ သူ့ရဲ့ လုပ်ငန်းမကျွမ်းကျင်မှုလို့ပဲ ပြောရမလား။ ကိုယ့်အစိုးရထဲမှာပဲ သူ ၀န်ကြီးချုပ်ကိုဆက်သွယ်ပြီးမေးရပြုရမယ့်ဟာကို သူက ပြည်ထောင်စုကို တင်လိုက်တာ။
နောက်တခါ ဆိုပါတော့ သူ့အနေနဲ့ လူငယ်တွေက ဒီလိုခွင့်တောင်းတယ်ဆိုရင် ကဲ မင်းတို့ရဲ့ရည်ရွယ်ချက်က ဘာတုန်း။ ရည်ရွယ်ချက်တွေပါ တောင်းပြီးတော့ တင်ရမှာပေါ့နော်။ အဲဒီလိုမတင်လိုက်တော့ တဖက်ကဟာ ဘာရည်ရွယ်ချက်တုန်း၊ နှောင့်ယှက်မှာလားဆိုတဲ့အမြင်မျိုး မြင်သွားသလားတော့ မသိဘူး။ အဲဒီတော့ ပြည်ထောင်စုကတော့ ဘယ်သူတွေက ဆုံးဖြတ်ပြီး ဘယ်သူတွေက စာထုတ်ပေးတယ်တော့ မသိဘူး။ ဒီမှာအကြောင်းပြန်တဲ့စာမှာတော့ ပြည်ထောင်စုရဲ့ ၂၂ ရက်နေ့စွဲပါစာအရလို့ ပဲထည့်ထားတယ် အကြောင်းပြန်တဲ့စာမှာ။ အဲဒီမှာ ၃ ရက်က ခြားသွားပြီ။ ၃ ရက်ခြားသွားတော့ လူငယ်တွေက မနေ့ကကို သူတို့ပြောတယ်တဲ့ ဗမာတိုင်းရင်းသားဝန်ကြီးကို ‘သူတို့ လူငယ်အားလုံးစုစည်းဖို့ သိန်း ၂ ထောင်လောက် အကုန်ခံလုပ်ထားရတယ်၊ အဲဒီတော့ ရက်ရွှေ့ဆိုလို့ရှိရင် ရှမ်းအစိုးရက စိုက်ပေးမှာလား’ ပေါ့နော်။ အဲဒီလိုမေးတော့လည်း သူက အဲလိုမဖြေနိုင်ဘူး။ သူကတော့ ပြည်ထောင်စုက စာပဲပေါ့၊ သူ့လက်ထဲမှာ ၃ ရက်ကြာနေတာကို သူမဖြေရှင်းနိုင်ဘူး။”

ကျေးဇူးပါအန်တီ။ အခုတော့ အဆင်ပြေသွားပြီပေါ့၊ မနက်ဖန်ကျရင် ကျင်းပကြမှာပေါ့နော်။
“ဟုတ်ကဲ့ပါ၊ ကျင်းပပါမယ်ရှင်”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013