DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စတော့ရှယ်ယာဈေးကွက် အရောင်းအ၀ယ်ပြုလုပ်သူ နည်းပါးပြီး ဈေးငြိမ်
DVB
·
July 26, 2016
ရန်ကုန်စတော့ရှယ်ယာဈေးကွက် အရောင်းအ၀ယ်ပြုလုပ်သူ နည်းပါးပြီး ဈေးငြိမ်
Donate to DVB

ရန်ကုန်စတော့ရှယ်ယာ ဈေးကွက်ထဲမှာ ရှယ်ယာရှင်အများစု ပြောနေတဲ့ အုပ်စုဖွဲ့ ဈေးကစားတဲ့ ဖြစ်စဉ်တွေ မရှိဘဲ အရောင်းအဝယ် လုပ်တဲ့သူတွေ နည်းသွားလို့သာ ဈေးငြိမ်နေတာပါလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရန်ကုန်စတော့ရှယ်ယာ အရောင်းအ၀ယ် ဈေးကွက်ထဲမှာ ဈေးကစားတာတွေ၊ အုပ်စုဖွဲ့ပြီး ရှယ်ယာဈေးနှုန်း အတက်အကျဖြစ်အောင် ဈေးထိန်းညှိတဲ့ ဖြစ်စဉ်တွေ ရှိနေတယ်လို့ ရှယ်ယာအရောင်းအ၀ယ် ပြုလုပ်သူတွေက ပြောပါတယ်။

ဒါပေမယ့် ဒီလို လက်ရှိ အရောင်းအ၀ယ်ဈေးကွက် ငြိမ်နေတာဟာ ဈေးကစားတဲ့ဖြစ်စဉ်တွေကြောင့် မဟုတ်ဘဲ အရောင်းအ၀ယ် ပြုလုပ်တာတွေ နားလိုက်လို့ ဖြစ်တာပါလို့ ရန်ကုန် စတော့ရှယ်ယာဈေးကွက်က တာဝန်ရှိသူတွေက ပြောပါတယ်။

CB SECURITIES မှ ဒါရိုက်တာ ဦးသောင်းဟန်က “အခုမှ ပုံမှန်ဖြစ်လာတာ။ လူတွေထင်တာက အတက်အကျတွေ ၀ုန်းဝုန်းဖြစ်နေမှ၊ မားကက်ကြီးက အဲလိုဖြစ်နေမှလို့။ ရှေ့ပိုင်းမှာတော့ ဖြစ်ခဲ့တယ်။ ရှေ့ပိုင်းမှာကတော့ အကုန်လုံး ရောထွေးနေတာ။ Investor လည်းများတယ်။ Trader လည်းများတယ် ဆိုတဲ့အချိန်မှာ ဈေးကွက်က လှုပ်ရှားမှုများတယ်။ တဖြည်းဖြည်းနဲ့ ဖြစ်လာတဲ့ ပုံစံကတော့ Investor ပဲ ကျန်ခဲ့တဲ့ပုံစံ။ Trader တွေက Trade လုပ်ရင် ပွဲစားကစားတာနဲ့ပဲ ကုန်မှာဆိုတော့ တဖြည်းဖြည်း သဘောပေါက်လာပြီ။ သူတို့လည်း ဈေးနှုန်းကစားမှုကလည်း နည်းလာတယ်၊ Trade လုပ်လို့ကလည်း မရတော့တဲ့ အနေအထား ဖြစ်လာတယ်။ အဲဒီအတွက်ကြောင့်မို့ Investor တွေပဲ ကျန်တဲ့အခါမှာ ဈေးနှုန်းက ငြိမ်သွားတဲ့သဘောပါ။ ကျနော်ထင်တယ် တဦးတယောက်က လိုက်ပြီးလုပ်နေတယ် ဆိုတာမျိုးကတော့ လုံးဝမမှန်ပါဘူးလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ဈေးနှုန်းတွေ အတက်အကျဖြစ်အောင် ဖန်တီးထားတဲ့ ဈေးကွက်ဆိုတာမျိုးက လက်ရှိ ရှယ်ယာပေါက်ဈေး ထွက်ခွာပြီး အစုရှယ်ယာ အရောင်းအ၀ယ်များများနဲ့ ဈေးကွက်တင်တာ ဖြစ်ပါတယ်။

“Create Market ဆိုတာ ခုနလို ၂ သောင်းအောက်ပေးကျမယ့်ဟာကို ၂ သောင်းမှာ ၀ယ်သူမရှိဘူး။ ၁၉၀၀၀ ၀ယ်မယ့်သူတွေ တန်းစီနေတယ်။ ၁၈၀၀၀ ၀ယ်မယ့်သူရှိတယ်။ ၂၁၀၀၀ မှာလာပြီး အ၀ယ်ပြနေတယ်။ ၂၀၅၀၀ မှာလာပြီး အ၀ယ်ပြနေတယ်။ တကယ်စိတ်ဝင်စားလို့ ၀ယ်တဲ့လူဆိုတာ အရောင်းအ၀ယ်ရဲ့ သဘောအရ ၀ယ်တဲ့လူက ကျတဲ့ဈေးကိုပဲ ၀ယ်ကြတာ၊ တက်နေတဲ့ဈေးကို ၀ယ်တယ်ဆိုတာ ရှားတယ်။ ရောင်းချင်တဲ့သူရဲ့ သဘောက တက်နေတဲ့အချိန်မှာ ရောင်းချင်တယ်။ တက်နေတဲ့အချိန်မှာတော့ သူက တက်စေချင်တယ်။ အဲတော့ နှစ်ဘက်ရှိတယ်၊ နှစ်ဘက်လုံးတော့ မဖြစ်နိုင်ဘူး” လို့ စတော့ရှယ်ယာရှင် ဦးခိုင်ထွေးက ပြောပါတယ်။

ရှယ်ယာဈေးငြိမ်နေတာကို သဘောကျတဲ့ ရှယ်ယာရှင်တွေရှိသလို မကြိုက်တဲ့ ရှယ်ယာရှင်တွေကလည်း ရှိပါတယ်။

စတော့ရှယ်ယာရှင် ဦးဝင်းအောင်ကတော့ “ဈေးငြိမ်တာလည်း တမျိုးတော့ကောင်းတယ်၊ တမျိုးလည်း မကောင်းဘူး။ ဈေးငြိမ်တော့ လူတွေရဲ့ စိတ်ဝင်စားမှု ပိုနည်းသွားတယ်။ ဒါပေမယ့် အရှုံးအမြတ်ကတော့ သိပ်မရှိတော့ဘူး။ ဒါပေမယ့် ဈေးငြိမ်တာလည်း တမျိုးတော့ကောင်းပါတယ်။ ဈေးသိပ်လူးတဲ့အခါကျတော့ ဟိုလတွေက ဈေးလူးတယ် ဆိုတာကလည်း တက်တာ နည်းနည်းလေးတက်ပြီးတော့ များများကျတယ်။ အဲဒီအခါကျတော့ လူတွေ ပိုဆိုးသွားတယ်။ နည်းနည်းလေးတက်ပြီး များများကျတယ်။ သုံးလေးခါလောက်ဖြစ်ပြီးတော့ အကုန်လုံးထွက်ပြေးကုန်တယ်” လို့ ပြောပါတယ်။

ဇူလိုင် ၂၅ ရက်နေ့ ရှယ်ယာပေါက်ဈေးတွေကတော့ FMI ရှယ်ယာတစုကို ငွေကျပ် ၁၉၀၀၀ လောက်နဲ့ သီလ၀ါရှယ်ယာတစုကို ငွေကျပ် ၅၁၀၀၀ နဲ့ ဈေးကွက် ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

သီလ၀ါ အများပိုင်ကုမ္ပဏီက ဇူလိုင် ၂၆ ရက်နေ့အထိ ရှယ်ယာဝယ်ယူသူတွေကို ရှယ်ယာအမြတ်အစွန်းတွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ ဈေးကွက်ထဲမှာ အရောင်းအ၀ယ်ဖြစ်ပေါ်တဲ့ ပမာဏကတော့ FMI က ၃၀၀၀ လောက်နဲ့ သီလ၀ါက ၄၀၀၀ လောက် အစုရှယ်ယာ အရောင်းအ၀ယ် ဖြစ်ခဲ့ပါတယ်။

သတင်း - ကျော်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013