DVB Logo
Home
မြန်မာသတင်း
မင်းပြားမြို့မဈေးအတွင်း အသားများကို သတ်မှတ်ဈေးထက်ပိုရောင်းချပါက အရေးယူမည်
DVB
·
July 26, 2016
မင်းပြားမြို့မဈေးအတွင်း အသားများကို သတ်မှတ်ဈေးထက်ပိုရောင်းချပါက အရေးယူမည်
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားမြို့ မြို့မဈေးအတွင်း အသားများရောင်းချရာမှာ ဈေးပိုရောင်းတာ၊ အလေးချိန် မမှန်မကန်တာတွေရှိနေတာကြောင့် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ် ဈေးနှုန်းအတိုင်းရောင်းချဖို့ ညွန်ကြားလိုက်ပါတယ်။

မင်းပြား မြို့မဈေးအတွင်းအသားရောင်းချမှုနေရာမှာ အလေးချိန်မမှန်မကန်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ အခုလို စည်ပင်သာယာရေးကော်မတီဝင်များနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ရပ်မိရပ် ဖတွေ ဈေးအတွင်း ဝင်ရောက်စစ်ဆေးခဲ့လို့ တွေ့ရှိခဲ့တာပါ။

ဇူလှိုင် ၂၆ ရက်နေ့ကစပြီး သတ်မှတ်ဈေးနှုန်းထက်ပိုရောင်းချလို့ တွေ့ရှိရင် ရောင်းချခွင့် ပိတ်ပစ်တာ၊ လိုင်စင်သိမ်းဆည်းတာတွေအပြင် ထိထိရောက်ရောက်အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ မင်းပြားမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။

“သက်မှတ်ထားတဲ့ ဈေးနှုန်းအမှန်တွေကို မရောင်းချဘူးဆိုရင် ကျနော်တို့အရေးယူသွားမယ်။ ဒုတိယက အသားရောင်းချခွင့် လိုင်စင်သိမ်းဆည်းမယ်။ နောက်ပြီး ဒီလိုင်စင်ကို အခြား နာမည်ပေးပြီး လေလံတင်ရောင်းချသွားမယ်။ သူတို့ အနေနဲ့ ရောင်းချခွင့် လုံးဝမရှိတော့ပါ။ စည်ပင်က သူတို့ကိုလေတင်ရောင်းကတည်းက ဒီလိုဈေးတင်ပြီး မရောင်းရဘူးဆိုပြီး တစ်ခါတည်းသဘောတူပြီးသားလေ။ သူတို့က ကတိက၀တ်တွေယူပြီး သဘောတူလို့ လက်ခံတယ်။ ဒါကိုသူတို့ လိုက်နာဖို့ ပျက်ကွက်တယ်ဆိုရင် သူတို့တာဝန်ပဲလေ။ မလိုက်နာဘူးဆိုရင် စည်းမျဉ်းစည်းကမ်း အရဆောင်ရွတ်ဖို့အပိုင်းက ကျနော်တို့တာဝန်ပါ။ သတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့ရောင်း ချစေချင်တယ်”လို့ပြောပါတယ်။

ဇှုလှိုင်၂၅ ရက်နေ့က အသားရောင်းချတဲ့သူတွေကိုခေါ်ယူပြီး ဒီကနေ့ ဇှုလှိုင် ၂၆ ရက်မှာ ဒီဂျစ်တယ် ကတ္တားနဲ့သာ ပစ္စည်းမှန်၊ ဈေးနှုန်းမှန် တွေကိုရောင်းချပေးရမယ်လို့ အသား ရောင်းသူများကိုယ်တိုင် ဂတိ ခံဝန်လက်မှတ်ထိုးလိုက်တယ်လို့ဆိုပါတယ်။

အခုလိုဈေးနှုန်းသတ်မှတ်လိုက်တာ လတ်တလောအဆင်ပြေပေမယ့် အချိန်အတိုင်းတခု အထိတော့ စောင့်ကြည့်ရမယ်လို့ မင်းပြားမြို့ဒေသခံတဦးဖြစ်တဲ့ ဒေါ်ဝေစိန်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။
“ဈေးနှုန်းတွေကို အမျိုးမျိုးရောင်းချကြတယ်။ အလေးချိန်ကလည်း မမှန်ဘူး။ နောက်ပြီးဈေးက လည်း အဆမတန်များ နေတယ်။ ဒါကတဦးတယောက်တည်း ရောင်းချနေတာမဟုတ်တော့ ပြဿနာဖြစ်အောင်တယောက်မှ မပြောရဲကြဘူးပေါ့။ အခုသတ်မှတ်လိုက်တဲ့ ဈေးနှုန်းက လည်း နည်းနည်းများနေသေးတယ်။ ဒါပေမယ့် တော်ရုံတန်ရုံလူတွေ ၀ယ်မစားနိုင်ကြဘူးလေ။ ဘာပဲဖြစ်ဖြစ်အဆိုးထဲက အကောင်းတခုပေါ့လေ။”

ဒီကနေ့ ဇူလိုင်လ ၂၆ ရက်နေ့ကစပြီး ဈေးနှုန်းအမှန် အလေးချိန်အမှန်နဲ့ အမဲသား၊ ဆိတ်သား၊ ဝက်သားတွေကို တစ်ပိဿာလျှင် ၈၀၀၀ ကျပ်နှုန်းနဲ့ ရောင်းရမယ်လို့ စည်ပင်ကနေ သတ်မှတ်ပေးလိုက်တာပါ။ အရင်ကအမဲသား၊ ဆိတ်သား၊ ဝက်သားတွေကို တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်နှုန်းရှိခဲ့ပါတယ်။

ဒါ့အပြင် ငါး၊ ကြက်၊ အသီးအရွက်တွေကို သတ်မှတ်ဈေးနှုန်းရောင်းချသွားဖို့ကိုလည်း အစီအစဉ်ရှိတယ်လို့ မင်းပြားမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။
သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013