DVB Logo
Home
မြန်မာသတင်း
မိုင်ဂျာယန်အစည်းအဝေး ၀၊ ကိုးကန့်နှင့် ပလောင်အဖွဲ့များ မတက်ရောက်
DVB
·
July 26, 2016
မိုင်ဂျာယန်အစည်းအဝေး ၀၊ ကိုးကန့်နှင့် ပလောင်အဖွဲ့များ မတက်ရောက်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ၄ ရက်ကြာ မျက်နှာစုံညီ အစည်းအဝေးကို ကချင်ပြည်နယ် ကေအိုင်အေ ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့မှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။

ဒီအစည်းအဝေးကို ဖိတ်ကြားထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့အနက် ၀၊ ကိုးကန့်နဲ့ တအာန်းပလောင် လက်နက်ကိုင်အဖွဲ့တွေ မတက်ရောက်ဘူးလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တအာန်းပလောင်အဖွဲ့ ပြောခွင့်ရသူ မိုင်အိုက်ကျော်ကတော့ ဆွေးနွေးပွဲ ကြန့်ကြာမှာကို စိုးရိမ်လို့ ဒီအစည်းအဝေးပွဲ မတက်ရတာလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ မတက်ရတဲ့ အဓိက ၂ ချက်ရှိတယ်။ တချက်ကတော့ ကျနော်တို့အဖွဲ့က အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့နဲ့ မတွေ့ရသေးဘူး။ တပ်မတော်ဘက်ကလည်း ကျနော်တို့အဖွဲ့က လက်နက်စွန့်မှ ဒီ ၂၁ ရာစု ညီလာခံကို တက်လို့ရမယ်၊ တွေ့ဆုံနိုင်မယ်လို့ ပြောထားတယ်။ အဲတော့ ကျနော်တို့ သွားတက်လို့ရှိရင် ကျနော်တို့ကြောင့် ဆွေးနွေးပွဲက ကြန့်ကြာမှာကို စိုးရိမ်တယ်။ နဂိုက တိုင်းရင်းသားတွေ လိုလားတဲ့ နိုင်ငံရေးဆွေးနွေးပွဲက မသွားဘဲနဲ့ ကျနော်တို့အဖွဲ့က လက်နက်စွန့်ရေး မစွန့်ရေးကို ဖြစ်လာနိုင်တယ်။ ကျနော်တို့ အခန်းကဏ္ဍက ဘယ်လိုပါမလဲဆိုတာ ကြန့်ကြာနိုင်တယ်။ နောက်တခုကတော့ ဒီဆွေးနွေးရေးအဖွဲ့ ဦးဆောင်မှု အခန်းကဏ္ဍမှာ အာစီအက်စ်အက်စ် ပါတာပေါ့နော်။ လက်ရှိ ကျနော်တို့ဒေသမှာ အာစီအက်စ်အက်စ်နဲ့ တောက်လျှောက် တိုက်ပွဲဖြစ်ပွားနေတယ်။ ကျနော်တို့ တက်လို့ရှိရင် ကျနော်တို့အဖွဲ့နဲ့ အာစီအက်စ်အက်စ်က မျက်နှာချင်းဆိုင်ရမယ်။ ပြီးရင် ကျနော်တို့ဆွေးနွေးမှုတွေ နိုင်ငံရေးဆွေးနွေးမှု မဖြစ်လာဘဲနဲ့ ကျနော်တို့ နှစ်ဖွဲ့အကြားမှာ အပြန်အလှန်ဆွေးနွေးမှု ငြင်းခုံမှုတွေ ဖြစ်လာနိုင်တယ်။ ကျနော်တို့ကြောင့် အစည်းအဝေးပွဲက လိုရာမရောက်ဘဲနဲ့ ကြန့်ကြာသွားမှာကိုလည်း ကျနော်တို့ စိုးရိမ်လို့” လို့ ပြောပါတယ်။

ဒီကနေ့ စတင်ကျင်းပတဲ့ မျက်နှာစုံညီ အစည်းအဝေးပွဲမှာ အထူးဖိတ်ကြားထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ အထူးကိုယ်စားလှယ်တို့ တက်ရောက်လာခဲ့ပါတယ်။

ဒီကနေ့ သဘာပတိအဖြစ် ကေအိုင်အို ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ၊ တွဲဘက်သဘာပတိအဖြစ် အာစီအက်စ်အက်စ်က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘောင်ခေးနဲ့ အန်အမ်အက်စ်ပီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းတို့က ဒီအစည်းအဝေးကို ဦးဆောင်ကျင်းပတာပါ။

ပထမနေ့ အစီအစဉ်မှာ ပင်လုံလက်စွဲမူကြမ်းစာတမ်းကို ဖတ်ကြားတင်သွင်း ဆွေးနွေးတာတွေ၊ အတည်ပြုတာတွေ ပြုလုပ်သွားပြီး ပထမနေ့အပြီးမှာ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်သွားဖို့ ရှိပါတယ်။

ဒီအစည်းအဝေးပွဲဟာ လိုင်ဇာမှာ ၂ ကြိမ်၊ လောခီးလာမှာ ၂ ကြိမ် ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်များ ထိပ်သီးညီလာခံတွေပြီးနောက် ကျင်းပတဲ့ အကြီးမားဆုံး မျက်နှာစုံညီ အစည်းအဝေးလည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေးပွဲမှာ တပြည်လုံး အပစ်ခတ်ရပ်စဲရေးစာချုပ် အန်စီအေ လက်မှတ်ရေးထိုးခဲ့ကြတဲ့အဖွဲ့တွေ၊ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ)၊ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) နဲ့ အမျိုးသမီးများအဖွဲ့ချူပ်-မြန်မာနိုင်ငံ (ဒဗလျူအယ်လ်ဘီ) အဖွဲ့အစည်းတွေလည်း တက်ရောက်ဆွေးနွေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013