DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီးဦးအောင်ကြည် တတိယအကြိမ်တွေ့ဆုံ
DVB
·
September 30, 2011
ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီးဦးအောင်ကြည် တတိယအကြိမ်တွေ့ဆုံ
Donate to DVB

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ အစိုးရသစ်လက်ထက်မှာ တတိယအကြိမ်အဖြစ် တွေ့ဆုံခဲ့ပါတယ်။

[caption id="attachment_16085" align="alignleft" width="310" caption="​ဒေါ်​အောင်​ဆန်း​စု​ကြည်​နှင့်​​ ဦး​​အောင်​ကြည်​ ​တ​တိ​ယ​အ​ကြိမ်​ ​တွေ့ဆုံ​မှု​အ​ပြီး​​ ​သ​တင်း​စာ​​ရှင်း​​ပွဲ​တွင်​ ​တွေ့​ရ​စဉ်"][/caption]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ အစိုးရသစ်လက်ထက် တတိယအကြိမ်အဖြစ် ဒီလ ၃၀ ရက်နေ့က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာဧည့်ဂေဟာမှာ နေ့လယ် ၁ နာရီကနေ ၂ နာရီကျော်အထိ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။

နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေကို တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးဦးအောင်ကြည်က အခုလို ဖတ်ပြပါတယ်။

“ဒီနေ့ တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံတော် သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် အကျဉ်သားများကိစ္စ ဆောင်ရွက်နေသည့် ကိစ္စ၊ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေး အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများ ကိစ္စ၊ ဥပဒေပြင်ပတွင် လက်နက်ကိုင်ဆောင် ဆန့်ကျင်နေကြသူများကို ဥပဒေဘောင်အတွင်း ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ပေးရန် နိုင်ငံတော် အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့် ကိစ္စများနှင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတို့ကို ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်သွားရန် သဘောတူညီကြပါသည်။”

ဒီဆွေးနွေးမှုတွေအတွက် နှစ်ဖက် သဘောတူညီမှုကို ရှိမရှိကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိဘဲ ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ကိုသာ နှစ်ဖက် သဘောတူညီခဲ့ကြောင်း အဲ့ဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဦးအောင်ကြည်က ဥပဒေနဲ့အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးသွားတဲ့ အချိန်က စတင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ လက်တွဲသွားဖို့ ကြိုဆိုလျှက်ရှိကြောင်း အစိုးရသစ်က ပြောကြားလိုက်ပါတယ်။

သတင်းထေက်တွေရဲ့ NLD ပါတီ လွှတ်တော်အတွင်းပါဝင်ဖို့ အစိုးရအနေနဲ့ လက်ခံဖို့ ရှိမရှိနဲ့ ဒီအပေါ် NLD ပါတီရဲ့ သဘောထားမေးခွန်းတွေကို အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းစဉ် ဖြေကြားလိုက်တာလည်း ဖြစ်ပါတယ်။

“ကျနော့်အနေနဲ့ ဖြေရမယ့်ဆိုရင် ဥပေဒနဲ့ အညီ မှတ်ပုံတင်သွားတဲ့အခါ အန်အယ်လ်ဒီနဲ့ အတူ လက်တွဲပြီးတော့ ဆောင်ရွက်သွားဖို့ အမြဲတမ်း ကြိုဆိုလျှက်ရှိတဲ့ဆိုတဲ့ အကြောင်း ဖြေကြားလိုပါတယ်။”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအပေါ်ကို “ကျမက အန်အယ်လ်ဒီအတွက် အားလုံးအတွက် ပြောပေးလို့ မရဘူးလေ။ စီအီးစီကို ပထမ တင်ပြရဦးမယ်။ စီအီးစီကို တင်ပြပြီးမှ ကျမတို့ ဘယ်လိုဖြေမလဲဆိုတာ ပြောနိုင်မှာ ကျမတို့က မူအရ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်ဆိုတာ ကျမတို့ လက်ခံပြီးသားပါ။ ဒီလို ရွေးကောက်ပွဲ ၀င်ပုံဝင်နည်း၊ အခြေအနေ၊ အခင်းအကျင်းအရ ဒါကိုပဲ ကျမတို့က ကြည့်မှာ ဖြစ်ပါတယ်။”

ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပြီးခဲ့ ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာလည်း တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနဲ့ နှစ်ဖက်လက်တွဲ ဆောင်ရွက်သွားဖို့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်နဲ့အတူ စီးပွားရေး၊ လူမှုရေးလုပ်ငန်းတွေ ပိုမို ဖွံ့ဖြိုးတိုးတက်လာဖို့ အပြုသဘောဆောင်ပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူညီချက်တွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ ပြီးခဲ့တဲ့လပိုင်းက တွေ့ဆုံမှုတွေ ရှိခဲ့သလို ဒီတွေ့ဆုံတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုတွေအဖြစ် သုံးသပ်ကြသလို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်လာဖို့ကိုလည်း အစိုးရသစ်ကို တိုက်တွန်းမှုတွေ ရှိနေပါတယ်။

ပြီးခဲ့ရက်ပိုင်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာတော့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးက ဒီတွေ့ဆုံမှုတွေကို တိုးတက်ဖြစ်ထွန်းမှုအဖြစ် ထောက်ပြပြီး မြန်မာပြည်ပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013