DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းခံ လယ်ယာမြေများအတွက် လျော်ကြေးရရှိရန် မုံရွာမြို့တွင် ဆန္ဒပြ
DVB
·
July 25, 2016
သိမ်းဆည်းခံ လယ်ယာမြေများအတွက် လျော်ကြေးရရှိရန် မုံရွာမြို့တွင် ဆန္ဒပြ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအုပ်စုမှာတည်ရှိတဲ့ တကောင်းတောင်နီကယ်စီမံကိန်းနဲ့ ဂရိတ်ဝေါလ်ကုမ္ပဏီရဲ့ သကြားစက်ရုံအပါအ၀င် တခြား စက်ရုံ စီမံကိန်းများကြောင့် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေအတွက် လျှော်ကြေး ရယူလိုတဲ့အတွက် ဇူလိုင်လ ၂၅ နေ့ မနက်က ဒေသခံတောင်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။

ဆုံးရှုံးလယ်ယာမြေများအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးစိုက်ရာ မုံရွာမြို့မှာ ဒေသခံတောင်သူ ၁၀၀ နီးပါးက အခုလို လာရောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဆန္ဒထုတ်ဖော်ရာမှာ မတရားသဖြင့် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ အတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ပြီး မုံရွာမြို့ ဒေါနခြံရပ်ကွက်ရေစင်အနီးမှ စတင်ကာ ပြည်ထောင်စု လမ်းမကြီးတလျှောက်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာလမ်းတလျှောက်မှာ အသိမ်းဆည်းခံလယ်မြေများပြန်လည်ရရှိရေး၊ ဥပဒေမဲ့ နီကယ် စက်ရုံ ဖျက်သိမ်းရေး၊ ဥပဒေမဲ့ ဂရိတ်ဝေါလ်အုပ်စု စက်ရုံ ၆ ရုံဖျက်သိမ်းရေး၊ တိုင်းရင်းသား၊ နိုင်ငံသားတို့ရဲ့ ဘ၀လုံခြုံရေး၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေနဲ့ သမ္မတကြီး ဦးထင်ကျော် ကျန်းမာပါစေဆိုတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ကာ ချီတက်လမ်းလျှောက် ခဲ့ကြပြီး နောက်မှာ ကန်သာယာကန်ရှိ လွတ်လပ်ရေးကျောက်တိုင်ကျွန်းမှာ ကုမ္ပဏီတွေ ကြောင့် ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ဟောပြောမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

တကောင်းတောင်နီကယ်စီမံကိန်းနဲ့ ဂရိတ်ဝေါလ်ကုမ္ပဏီ အစရှိတဲ့ ကုမ္ပဏီစီမံကိန်းတွေ ကြောင့် ထီးချိုင့်မြို့နယ်မှာတည်ရှိတဲ့ မောင်းကုန်းကျေးရွာအုပ်စု၊ မြတောင်ကျေးရွာအုပ်စု၊ ကမ်းနီ၊ ပေါင်းနက်၊ ချိတ်သင်း၊ အင်ဒိုင်း၊ အင်းရွာ စတဲ့ ကျေးရွာပေါင်း ၂၂ ရွာမှ လယ်ယာမြေဧကပေါင်း ၁၆၆၃၂.၅၅ (တစ်သောင်းခြောက်ထောင်ခြောက်ရာသုံးဆယ့်နှစ် ဒဿမ ငါးဆယ့်ငါး) ဧကတို့ သိမ်းဆည်းခံခဲ့ရပါတယ်။

အရင်စစ်အစိုးရလက်ထက် ၂၀၀၅ ခုနှစ်က စတင်ကာ  ၂၀၀၆ ၊၂၀၀၇ ၊၂၀၀၈ ခုနှစ်အတွင်းက အဆိုပါ လယ်ယာမြေများကို သိမ်းဆည်းခံရခြင်းဖြစ်ပြီး ထိုအချိန်က အဓမ္မနည်းဖြင့် ခြိမ်းခြောက်ကာ မြေယာလျှော်ကြေးမပေးဘဲ သီးနှံလျှော်ကြေး  ၅ သောင်းသာပေးကာ မရိတ်သိမ်းရသေးတဲ့ စိုက်ခင်းများကို ဘူဒိုဇာများအသုံးပြုပြီး ထိုးဖောက်ဖျက်စီးခံခဲ့ရသလို လယ်စောင့်တဲတွေကိုလည်း မီးရှို့ဖျက်စီးခံခဲ့ရတယ်လို့ တောင်သူများက ပြောကြားပါတယ်။

ဒါ့အပြင် အဆိုပါကုမ္ပဏီတွေက လယ်ယာမြေသိမ်းဆည်းခံ တောင်သူများရဲ့ ဘ၀ဖူလုံရေး အတွက် အလုပ်ကိုင်ပေးမယ်ဆိုပေမယ့်လည်း လက်တွေ့မှာပေးတာမျိုးမရှိကြောင်းနဲ့ လူမှုဘ၀ ချို့တဲ့နေတဲ့အတွက် စားဝတ်နေရေးခက်ခဲရှိနေတယ်လို့ တောင်သူတွေက ဆိုပါတယ်။

လက်ရှိမှာတော့ တိုင်းဒေသကြီးအစိုးရအပါဝင် ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော် အသီးသီးမှာ စာဖြင့် တင်ပြတောင်းဆိုထားပြီး အကြောင်းမထူးရင် ပြည်ထောင်စုအစိုးရရုံး စိုက်ရာ နေပြည်တော်အထိ သွားရောက်ကာ ဆန္ဒထုတ်ဖော်ရန် အစီစဉ်ရှိတယ်လို့လည်း သိရပါတယ်။

သတင်း - ရန်နိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013