DVB Logo
Home
မြန်မာသတင်း

လူထုအခက်အခဲများကို ဥပဒေနှင့်အညီတင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတိုက်တွန်း

ကျော်ဇေဝင်း
·
July 25, 2016
လူထုအခက်အခဲများကို ဥပဒေနှင့်အညီတင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတိုက်တွန်း
Donate to DVB

လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူ့လူထု အခက်အခဲ၊ အကြပ်အတည်းတွေ လွှတ်တော်ကိုတင်ပြရာမှာ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနဲ့အညီ နည်းမှန်၊ လမ်းမှန်ဆောင်ရွက်ဖို့အရေးကြီးကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့မနက်ပိုင်းမှာ ပြန်လည်ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်၊ ပုံမှန်အစည်းအဝေး နှုတ်ခွန်းဆက်အမှာစကားပြောကြားရာမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ထည့်သွင်းပြောဆိုခဲ့တာပါ။

“ပြည်သူ့ဆန္ဒသဘောထားတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ကိစ္စဟာ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အဓိကတာဝန်ဖြစ်ပါတယ်။ ပြည်သူ့လူထုခံစားနေရတဲ့ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ပြဿနာတွေကို မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေအဖြစ်ပြောင်းလဲပြီး လွှတ်တော်မှာ တင်သွင်းဆောင်ရွက်ကြရတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ကြတဲ့နေရာမှာ ကောင်းစေချင်တဲ့ စိတ်ရင်းစေတနာအမှန်နဲ့ ဆောင်ရွက်ကြ တယ်ဆိုတာကို နားလည်ပေမယ့် ကိုယ်စားလှယ်များဟာ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ နည်းမှန်၊ လမ်းမှန်နဲ့ ဆောင်ရွက်သွားကြဖို့ အထူးအရေးကြီးကြောင်း ပြောကြားလိုပါတယ်”

ပြည်သူ့ကရွေးချယ်တင်မြောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အရည်အချင်း ပြည့်ဝနေမှသာ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ ဂုဏ်သိက္ခာဆက်လက်မြင့်မားနေမှာဖြစ်ပြီး လွှတ်တော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေး တာဝန်ကိုပီပြင်စွာ ထမ်းဆောင်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

အခုပြန်လည်ကျင်းပတဲ့ ဒုတိယပုံမှန်အစည်းအဝေးတွေမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း (ပြင်ဆင်ချက်)နဲ့ ၂၀၁၆ ခုနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကိုပြင်ဆင်သည့် ဥပဒေ(မူကြမ်း)တို့အား အတည်ပြု ပြဌာန်းနိုင်ရေးကိစ္စအပါအဝင် လွှတ်တော်အသီးသီးရှိဆောင်ရွက်ဆဲ ဥပဒေကြမ်းတွေထဲက မဖြစ်မနေဦးစားပေးဆောင်ရွက်ရမယ့် ဥပဒေကြမ်းတွေရှိနေပါတယ်။

အဆိုတွေအနေနဲ့ကတော့ ပထမအကြိမ်အစည်းအဝေးမှာတင်သွင်းခဲ့ပြီး ဆွေးနွေးရန်ကျန်ရှိတဲ့ အဆိုတွေအပါအဝင်အဆို ၁၂ ကျန်ရှိနေပါတယ်။ မေးခွန်းတွေအနေနဲ့ ပထမအကြိမ်ကနေ ဒုတိယအကြိမ်အစည်းအဝေးကို ပြောင်းရွှေ့မေးမြန်းတဲ့ မေးခွန်း ၈၅ ခုရှိနေကြောင်းသိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013