DVB Logo
Home
Lead Story
ညစ်ပတ်နံစော်နေတဲ့ အမှိုက်တွေနဲ့ မောင်ဂွတိုတို့သားအမိ
DVB
·
July 24, 2016
ညစ်ပတ်နံစော်နေတဲ့ အမှိုက်တွေနဲ့ မောင်ဂွတိုတို့သားအမိ
1 / 6
Donate to DVB

မနက်မိုးသောက် အရုဏ်ရောက်တာနဲ့ အသက် ၁၅ နှစ်အရွယ် မောင်ဂွတိုနဲ့ သူ့အမေတို့ တောင်ဒဂုံ ၂၀ ရပ်ကွက်ထဲမှာရှိတဲ့ စည်ပင် အောက်ခြေဝန်ထမ်းတွေနေတဲ့ ဝန်းထဲကနေ အမှိုက်သိမ်းဖို့ ထွက်လာမြဲပါ။

တောင်ဒဂုံရပ်ကွက်တွေထဲမှာရှိတဲ့ အိမ်တွေဆီကို တအိမ်ပြီးတအိမ် တလမ်းဝင်တလမ်းထွက်နဲ့ အိမ်တိုင်ရာရောက် လှည်းကလေးနဲ့ အမှိုက်သိမ်းပေး၊ အမှိုက်ပစ်ပေးတဲ့အတွက် အမှိုက်ပစ်ခ သဒ္ဒါသလောက် ရကြပါတယ်။ အဲ့ဒီအမှိုက်တွေထဲမှာပါလာတဲ့ သူတို့က ပလုံလို့ခေါ်တဲ့ ပလတ်စတစ်ဘူးတွေ၊ ဘီယာဘူးတွေ၊ ပုလင်းတွေ၊ ကြေးတွေ၊ ဒန်တွေ စတဲ့ ရောင်းစားလို့ရတဲ့ အရာတွေက သူတို့အတွက် ဆုလာဘ်ပါပဲ။

"မနက် ၆ နာရီလောက်ဆို ထတယ်၊ ထပြီးရင် ထမင်းစားတယ်၊ ထမင်းစားပြီးတာနဲ့ လှည်းသွားထုတ်တယ်၊ လှည်းထုတ်ပြီးရင် အမှိုက်သွားတွန်းတယ်၊ ပြီးရင် ဒီပြန်လာပြီး အမှိုက်သွားသွန်တယ်။"

နေပူမရှောင် မိုးရွာမရှောင် ညစ်ပတ်နံစော်နေတဲ့ အမှိုက်တွေနဲ့ မောင်ဂွတိုတယောက် နပန်းလုံးနေပေမယ့် သူ့အရွယ် ကလေးတွေကတော့ ကျောင်းစိမ်းကိုယ်စီဝတ်လို့ ကျောင်းတက်နေကြပါပြီ။ မောင်ဂွတိုဟာ ၅ တန်းအောင်တဲ့အထိ တောင်ဒဂုံက ကျောင်းတွေမှာ တက်ခဲ့ဖူးပါတယ်။ မပြည့်စုံမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေက သူ့ကို စာသင်ခန်းနဲ့ဝေးရာကို တွန်းပို့ခဲ့ပါတယ်။

"ဒီကျောင်းမှာတုန်းက ဆရာမက အဆင့်အတန်းချင်း ခွဲတယ်။ အဲဒီကောင်လေးနဲ့ မဆော့နဲ့၊ အဲ့ကောင်လေးက ဆင်းရဲတယ်ဆိုပြီးတော့ ဆရာမကပြောတယ်။ အဲ့အချိန်မှာ ဝမ်းနည်းသွားတယ်။ မေကြီးက အဲ့ကျောင်းမှာမတက်နဲ့၊ ကျောင်းထွက်လိုက်၊ ကျောင်းပြောင်းပေးမယ်ဆိုပြီးတော့ ကျောင်းပြောင်းပေးတယ်။ ဟိုဘက်ကျောင်းရောက်တော့ ဆရာမက အမှိုက်ကောက်တဲ့ ကောင်မရဲ့သားနဲ့ မပေါင်းနဲ့တဲ့၊ အဲ့လိုပြောတယ်။ နောက်ပြီးတော့ အဲ့အမှိုက်ကောက်တဲ့ ကောင်မလေးရဲ့သားက ဘယ်မှာလဲတဲ့၊ သားရဲ့သူငယ်ချင်းတွေရှေ့မှာ အဲ့လိုပြောတယ်။ အဲ့လိုပြောတော့ သားလည်း ရှက်ပြီးတော့ ကျောင်းမတက်တော့ဘူး။ အဲ့နေ့ကစပြီး ကျောင်းပြေးတာ၊ အဲ့ဒါကို အမေကသိသွားပြီး ကျောင်းမတက်ချင်ရင် မတက်နဲ့တော့ဆိုပြီး ထွက်ခိုင်းလိုက်တယ်။"

သူ ကျောင်းကိုတော့ သံယောဇဉ်မကုန်သေးဘဲ ပြန်တက်ချင်ပေမယ့် ကျောင်းဟာ သူ့အတွက် ပျော်စရာနေရာ မဟုတ်ဘူးလို့လည်း ခံယူထားပါတယ်။

"စာမရလို့လည်း မဟုတ်ဘူး၊ ကျောင်းရောက်ရင် ပျင်းသွားတယ်၊ လူကိုယ်တိုင်က ပျင်းသွားတာ၊ ဘာဆို ဘာမှ မလုပ်ချင်တော့ဘူး။ ကျောင်းထဲကနေ အပြင်ပဲ ထွက်ချင်တော့တယ် ကျောင်းထဲမှာလည်း မနေချင်တော့ဘူး။ ကျောင်းမှာလည်း သူငယ်ချင်းက သိပ်မရှိပါဘူး။ ဆရာမတွေပြောထားတော့ မပေါင်းတဲ့သူတွေက များတယ်၊ ပေါင်းတဲ့သူကနည်းတယ်။"

မောင်ဂွတိုရဲ့အမေ မကုလားမက သူ့အသက် ၁၈ နှစ်သမီးလောက်ကတည်းက အမှိုက်ကောက်၊ အမှိုက်လှည်းတွန်းတဲ့အလုပ်ကို လုပ်ကိုင်ခဲ့တာပါ။ သူ့ရဲ့အမျိုးသားကတော့ သားသုံးယောက်နဲ့ သူ့ကို စွန့်ခွာသွားပြီး နောက်ထပ် အိမ်ယာသစ် ထူထောင်သွားပါပြီ။

သူနဲ့ နေ့စဉ် ဒိုးတူပေါင်ဖက်လိုက်ပြီး အမှိုက်လှည်းတွန်းနေရတဲ့ သူ့သားကို ပညာတတ်ဖြစ်စေချင်ခဲ့တာပါ။

"သမီးစာမဖတ်တတ်လို့ သမီးသားသမီးကို ပညာတတ်ဖြစ်စေချင်တာပေါ့။ သူများအလိမ်ခံရမှာ ကြောက်တယ်လေ။ ဒါပေမယ့် သမီးစာမတတ်ပေမယ့် သူများနှိမ်မှာစိုးလို့ ထားပေးတယ်။ သူတို့ကိုယ်တိုင်ကိုက မတက်ချင်တာ။ သမီးပြောတာ ရှင်းရှင်းလေး၊ သူ ယောက်ျားလေး၊ အမေတို့က ယောက်ျားယူရင် ယောက်ျားလုပ်စာ ထိုင်စားရမယ်။ သားတို့က မိန်းမယူရင် ရှာကျွေးရမယ်။ သားတို့ ပညာတတ်လို့ရှိရင်၊ ဘယ်လိုပဲပြောပြော ၁၀ တန်းလောက် ရောက်သွားတယ်ဆိုရင် အမေတို့လို ပင်ပင်ပန်းပန်း လုပ်နေတာထက် ဘောပင်လေးတချောင်းကိုင်ပြီး လုပ်ရရင် သားအကျိုးအမြတ်ရှိတာပေါ့၊ အပင်ပန်းသက်သာတာပေါ့။ အခုလိုကျတော့ သားပင်ပန်းတာပေါ့၊ ဘာပဲပြောပြော နေရိပ်ထဲမှာ နေတာထက်စာရင် နေရပူထဲထွက်လုပ်ရတော့ သားမပင်ပန်းဘူးလား၊ သူ့ကို သေချာရှင်းပြတယ်လေ၊ နားလည်အောင်လည်း ပြောပြတယ်၊ သူကိုယ်တိုင်က စိတ်မပါတာ သမီးဘယ်လိုလုပ်ပေးမလဲ။"

သူ့သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တဲ့စိတ် ထက်သန်လှပေမယ့် ဆန္ဒနဲ့ဘဝ ထပ်တူမကျတာဟာ သူ့ရဲ့အားနည်းချက်လို့ပဲ သူ့ကိုယ်သူ အပြစ်တင်နေတော့တယ်။

"အရင်က သမီး ကျောင်းထားနိုင်တယ်။ အခု လှည်းတွန်းတဲ့ကာလမှာ ခုမိုးတွင်းဆိုရင် အဆင်မပြေဘူး။ အဆင်မပြေတော့ သူတို့ကို သမီး ထောက်ပံ့မှု မပေးနိုင်ဘူး။ သမီးကိုယ်တိုင်ကလည်း မပြေလည်ဘူး၊ လင်လည်း မရှိဘူးလေ။ အဲ့ဒီ အကြီးကောင်ဆိုရင် လေးတန်းအောင်၊ ငါးတန်းနဲ့ စည်ပင်ထွက်လုပ်နေတယ်။ ဒီကောင်လေးဆိုလည်း သမီး မထောက်ပံ့နိုင်ဘူး။ သူ စက်ဘီးလိုချင်တယ်ပြောတယ်၊ သမီး သူ့ကို စက်ဘီးမဝယ်ပေးနိုင်ဘူး။ စက်ဘီးတစီးကို လေးသောင်းရှိတယ်၊ အဲ့ဒါအနိမ့်ဆုံး။ သမီး သူ့ကို မထောက်ပံ့နိုင်ဘူး၊ မုန့်ဖိုး သုံးလေးရာမှ မပါရင် သူ ဘယ်လိုလုပ်တက်ချင်မှာလဲ။ ငါးဆယ် တရာနဲ့ကော ဘယ်ကလေးက တက်မှာလဲ။ အခုခေတ်မှာ ငါးဆယ်မုန့်မှမရှိတာ။ အဲတော့ သူ့ကို သမီးက မပြေလည်တဲ့အတွက် မထောက်ပံ့နိုင်ဘူး။ သမီးကိုယ်တောင် အနိုင်နိုင်ရှာစားနေရတဲ့အတွက် သူ့ကိုထောက်ပံ့ဖို့ဆိုတာ ဝေလာဝေး။"

သူ နိစ္စဓူဝ အမှိုက်တွန်းလို့ရတဲ့ငွေဆိုတာကလည်း သူတို့မိသားစု စားဝတ်နေရေးအတွက် မလုံလောက်ပါဘူး။ သူ ကျန်းမာရေးမကောင်းလို့ အမှိုက်မတွန်းနိုင်တဲ့ရက်တွေက ယူထားတဲ့ အကြွေးကလည်း သူ့ကို ဖိစီးလို့နေပါတယ်။

"ဒီနေ့ဆို မရဘူးဆိုရင် ခြောက်ထောင်ရတယ်၊ ကုန်ပြီလေ ဘာမှမရှိတော့ဘူး။ သုံးထောင်က ဈေးဖိုးသွင်းလိုက်တယ်။ မနက်ပိုင်းရှာတဲ့ဟာ ဈေးဖိုးသွင်းတယ်။ အခုနေ့ခင်းရှာတဲ့ဟာက နေ့သွင်းဖိုး ပေးတယ်၊ ပြီးသွားပြီ။ နေ့သွင်းဖိုးပေးတယ်ဆိုတာ ကြေလားဆို မကြေဘူး။ မတ်တိုးဖိုးတွေ ရှိသးတယ်။ ထပ်သွားတွန်းရအုံးမယ်။ အဲတော့ သမီးနားမယ်ဆိုရင် ဘာနဲ့နားမှာလဲ။ သမီးနားတယ်ထားဦး၊ သမီးပါးစပ်က ငြိမ်ငြိမ်မနေဘူး၊ သမီး သားသမီးပါးစပ်က ငြိမ်ငြိမ်မနေဘူး။ အဲဒါကြောင့် နေမကောင်းလည်းသွားတယ်၊ နေကောင်းလည်းသွားတယ်။ ဘာဖြစ်လို့ အဲလိုမျိုးသွားလဲ၊ တော်တော်ကြီး မထနိုင်မှ မသွားတာ၊ လူကနေပေမယ့် အကြွေးကမနေဘူး။"

သူ့သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တဲ့ မကုလားမရဲ့ နောက်ဆုံးမျှော်လင့်ချက်အဖြစ် သူ့သားအငယ်ဆုံးလေးကို ကျောင်းထားထားပါတယ်။ ကိုယ်တိုင် အတန်းပညာ မပြီးဆုံးပေမယ့် သူ့ညီကို ပညာတတ်ဖြစ်စေချင်တဲ့ မောင်ဂွတိုကတော့ သူ့ညီကို အမြဲကျောင်းလိုက်ပို့နေကြပါ။ သူ့ညီလေးကိုတော့ သူ့လို အမှိုက်လှည်းတွန်းတဲ့အလုပ်ကို မလုပ်စေချင်တဲ့ စေတနာ သူ့မှာ အပြည့်အဝရှိနေပါတယ်။

"သားညီလေးကိုတော့ ဒီလိုတော့ မဖြစ်စေချင်ဘူး။ အမှိုက်တွေက နံလည်းနံစော်တယ်၊ ညစ်လည်း ညစ်ပတ်တယ်၊ သူများအပြောအဆိုလည်း ခံရတယ်။ အဲ့ဒါကြောင့် သားညီလေးကို မလုပ်ခိုင်းချင်တာ။"

သူတို့ ခု နေ့လယ် နားချိန်ရောက်ပြီ၊ စာသင်ခန်းနဲ့ဝေးနေတဲ့ မောင်ဂွတိုတယောက် သူနဲ့ ဘဝတူကလေးတွေနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားလို့နေပြီ။ သူ သံယောဇဉ်မပြတ်သေးတဲ့ စာသင်ခန်းဆီ မောင်ဂွတိုတယောက် တခေါက်ပြန်ရောက်သွားပါ့အုံးမလား……..

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013