DVB Logo
Home
Lead Story
ချင်းတွင်း ခေါင်းလောင်း နဂါးဝင်စား သဲဖြူဆရာတော်နှင့် ဦးခင်ညွန့်တို့အကြောင်း
DVB
·
July 23, 2016
ချင်းတွင်း ခေါင်းလောင်း နဂါးဝင်စား သဲဖြူဆရာတော်နှင့် ဦးခင်ညွန့်တို့အကြောင်း
1 / 5
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ထဲက မင်းကင်းနယ် မောက္ကတော်ကျေးရွာရဲ့ တောင်ဘက် ၃ မိုင်လောက်ဝေးတဲ့နေရာ ချင်းတွင်းမြစ်နဲ့ ကုက္ကားချောင်းဝ အဆုံမှာ ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက ဓမ္မစေတီခေါင်းလောင်းကြီး ပေါ်လာမယ်ဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီသတင်းက ဘယ်လို ဖြစ်ပေါ်လာသလဲဆိုတော့ ပရလောကရဲ့ စိတ်ဝင်စားဖွယ် ဆန်းကြယ်ဖြစ်ရပ်ဆန်းများကြောင့်ပဲ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက မင်းကင်းမြို့နယ် အောင်ချမ်းသာရွာမှာ ကုန်စုံဆိုင်လုပ်ငန်းလုပ်နေတဲ့ ဦးသန်းအောင်၊ ဒေါ်အဲဌေးတို့ရဲ့ သမီးတဦးကနေ စတင်ခဲ့တာပါ။ ဘယ်လိုဖြစ်ခဲ့သလဲဆိုတော့ အဲဒီ ဦးသန်းအောင် ဒေါ်အဲဌေးတို့ရဲ့ သမီးအငယ်မ မဇူဇင်အောင်ဟာ လွန်ခဲ့တဲ့ လေးနှစ်လောက်က ၁၀ တန်း ရောက်ရှိပြီး စာမေးပွဲ ဖြေဆိုခါနီးအချိန်မှာ ကျန်းမာရေး ချို့ယွင်းလာတယ်။ စာတွေလည်း မကျက်နိုင်တော့ဘဲ အမြဲလိုလို ငိုယိုနေတာကို တွေ့လာရတယ်။ အဲဒီနောက် မင်းကင်းမြို့နယ် အောင်ချမ်းသာရွာနားက အရှေ့ဘက် ၁၀ မိုင်လောက်အကွာ မဟာမြိုင်တောကြီးထဲ တနေရာမှာ အဲဒီတောထဲ သီတင်းသုံးနေထိုင်တဲ့ မဟာမြိုင် သဲဖြူတောရဆရာတော် ဦးစီးတည်နေတဲ့ ဉာဏ်တော် ၁၀၈ တောင် လေးကျွန်းရန်အောင် ဆုတောင်းပြည့်စေတီကြီး ဌာပနာပိတ် ပူဇော်ပွဲမှာ မဇူဇင်အောင်ကို သူ့မိဘတွေက ခေါ်သွားပြီး မဇူဇင်အောင်ဟာ ရုတ်တရက် ပျောက်ဆုံးခဲ့ပါတယ်။ အဲဒီမှာ မဇူဇင်အောင်ကို ၀ိုင်းရှာကြတော့ ကျောင်းမြောက်ဘက် ခပ်လှမ်းလှမ်း မဟာမြိုင်တောထဲ တနေရာရဲ့ ချောက်ကမ်းပါးနားက သစ်ပင်ရင်းမှာ လူးလှိမ့် ငိုကြွေးနေတဲ့ မဇူဇင်အောင်ကို တွေ့ခဲ့ရပါတယ်။ အဲဒါနဲ့ မိဘတွေက ဆရာတော်ကို လျှောက်ထားကြတဲ့ အခါမှာတော့ သဲဖြူဆရာတော်က မဇူဇင်အောင်ဟာ နဂါးသိုက်ကနေ လူ့ပြည်မှာ သာသနာပြုဖို့ လူဝင်စားလာတဲ့ နဂါးမောင်နှမ ၁၀ ဦးအနက်က တဦးဖြစ်ကြောင်း မိန့်ကြားချက်အရ သိရပြီး မိဘတွေက အဲဒီတောထဲမှာပဲ နဂါးဆယ်ကောင် ၀န်းရံဖူးမြော်နေတဲ့ ဉာဏ်တော် အတောင် ၃၀ ခန့် စေတီတဆူကို လှူဒါန်းပေးခဲ့ပါတယ်။

အဲ့ဒီဘုရားတည်စဉ်ကာလမှာပဲ အရင် နဂါးဘ၀ကနေ မောင်နှမတော်စပ်ခဲ့သူ ၁၀ ဦးဟာ မဟာမြိုင်တောထဲ အခါအားလျော်စွာ တွေ့ခဲ့ကြပြီး ဘုရားတည်စဉ်ကာလမှာပဲ မဇူဇင်အောင်ဟာ ဆယ်တန်းအောင်မြင်ခဲ့လို့ အခု မန္တလေး အဝေးသင်တက္ကသိုလ် (မုံရွာ တက္ကသိုလ် ဌာနခွဲမှာ) သမိုင်းအထူးပြု ဘာသာရပ်နဲ့ ပထမနှစ် အောင်မြင်ခဲ့ပြီး ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လေးလလောက်မှာတော့ ထူးခြားမှုတခု ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒါကတော့ မဟာမြိုင် သဲဖြူကျောင်းရဲ့ မြောက်ဘက် နဂါးစာကျွေးဖို့ သတ်မှတ်ထားတဲ့နေရာကို မဇူဇင်အောင်တို့ မိသားစု နဂါးစာကျွေးရင်း ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီမှာ မဇူဇင်အောင်ကို နဂါးမယ်တော်ဝင်ပူးပြီး ခုလို စေတီတည်ပေးထားတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ဓမ္မစေတီ ခေါင်းလောင်းကြီးမှာ နဂါးများ စောင့်ရှောက်ထားတာဖြစ်ကြောင်း၊ သဲဖြူဆရာတော်ကြီး တည်နေတဲ့ စေတီကြီးအပြီးမှာ ခေါင်းလောင်းကြီးကို နဂါးတွေက တနည်းနည်းနဲ့ ပို့ဆောင်ကာ လှူဒါန်းလိုကြောင်း၊ ဆရာတော်က ကမကထပြု ဆောင်ရွက်ပေးစေချင်ကြောင်း လျှောက်ထားခဲ့တယ်လို့ သဲဖြူ ဆရာတော်က မိန့်ခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက်မှာတော့ နဂါးမောင်နှမ၀င်စားသူ ၁၀ ယောက်ဆုံတဲ့အခါမှာ (သဲဖြူဆရာတော်ကိုယ်တိုင်လည်း နဂါးဝင်စားဖြစ်ပါတယ်) သဲဖြူဆရာတော်က ဓမ္မစေတီခေါင်းလောင်းကိစ္စ မဆောင်ရွက်လိုကြောင်း မိန့်ကြားတဲ့အခါ ကျန်တဲ့ ၉ ဦးက တိုက်တွန်းပါတယ်။ အဲဒီနောက် ၂၀၁၆ မှာ ဆရာတော်ဆီလာတဲ့ ဘုရားဖူးသူတွေကိုလည်း နဂါးတွေက ၀င်ပူးတာတွေ ရှိလာတယ်။ အဲ့လိုဝင်ပူးပြီး ဆရာတော်ဆီကို နဂါးဝင်ပူးခံရတဲ့သူတွေက မောက္ကတော် ဆိပ်ကမ်းမှာ နဂါးစာကျွေးဖို့ တောင်းဆိုလာကြပါတယ်။ အဲဒီမှာ ဆရာတော်က အခု ၀ါဆိုလပြည့်နေ့ကျရင် ချင်းတွင်းမြစ်မှာ နဂါးစာကျွေး အဓိဋ္ဌာန်ပြုမယ်လို့ မိန့်ကြားခဲ့သလို နဂါးမောင်နှမ ၁၀ ဦးစုံပြီး ကုက္ကားချောင်းဝမှာ နဂါးစာကျွေးဖို့ ယာယီတဲထိုး ပြင်ဆင်ရာကနေ ဘယ်ကဘယ်လို ခေါင်းလောင်းပေါ်မယ်ဆိုတဲ့ သတင်းက ထွက်သွားသည်မသိ၊ လူတွေကြားထဲ အဲ့သတင်းက ထိုးဖောက်ဝင်ရောက်လာပါတော့တယ်။ တကယ်တော့ ခေါင်းလောင်းပေါ်မယ်ဆိုတဲ့ သတင်းဟာ လူတွေ ချဲ့ကား စကားကြောင့်သာ ဖြစ်ပေါ်လာတဲ့သတင်း ဖြစ်ပါတော့တယ်။

အဲဒီသတင်း ဖြစ်ပေါ်ချိန်မှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်မောင်ဦးတို့ကလည်း အဲဒီနေရာကို ရောက်နေတာနဲ့ တိုက်ဆိုင်ပြီး သတင်းက ပိုကြီးမားသွားခဲ့ပါတယ်။ ဦးခင်ညွန့်အနေနဲ့ မဟာမြိုင်တောထဲက သဲဖြူကျောင်းမှာ ပြီးခဲ့တဲ့ ဧပြီလကလည်း ပထမအကြိမ် လာရောက် တရားအားထုတ်ခြင်း၊ မေလမှာ ဒုတိယအကြိမ် သင်္ကန်းစည်းခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သူ့ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေမှာလည်း ယောဂီဝတ်နဲ့ ၁၁ ရက် တရားစခန်း ၀င်ခဲ့ပါတယ်။ ခေါင်းလောင်းသတင်း ဖြစ်ပေါ်လာတဲ့ ကာလအတွင်း အခုလ ၁၇ ရက်နေ့မှာ ဦးခင်ညွန့်မိသားစု မဟာမြိုင် သဲဖြူကျောင်းကို ရောက်လာပြီး ၁၉ ရက်နေ့မှာတော့ သားနှစ်ဦးကို ရဟန်းခံပေးခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံလည်း တရားအားထုတ်လျက် ရှိနေပါတယ်။ ၂၂ ရက်နေ့မှာတော့ ရန်ကုန်ကို လေကြောင်းနဲ့ ပြန်သွားပါပြီ။

အခုဆိုရင်တော့ နဂါးစာကျွေးတဲ့ ကုက္ကားချောင်းဝက ယာယီတဲမှာ ငှက်ပျောပွဲ၊ အုန်းပွဲများသာ ကျန်ရှိနေပြီး တစုံတယောက်မှ စောင့်ရှောက်မှုရှိနေတာ မတွေ့ရတော့ပါဘူး။ ဆရာတော်မှလည်း ခေါင်းလောင်းနဲ့ပတ်သက်ပြီး အခြားထုတ်ဖော်မိန့်ကြားတာ မရှိတော့တဲ့အတွက် ဒေသခံတွေ အနေနဲ့လည်း စိတ်ဝင်စားမှု နည်းလာပြီး လာရောက်လေ့လာသူတွေလည်း မရှိတော့ဘူးလို့ သိရပါတယ်။

မင်းရဲစစ်နိုင်

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013