DVB Logo
Home
Lead Story
စက်ဘီးတစီးနဲ့ ရန်ကုန်မြို့အနှံ့ အစားအသောက်ပို့ပြီး ရုန်းကန်လှုပ်ရှားသူ
DVB
·
July 22, 2016
စက်ဘီးတစီးနဲ့ ရန်ကုန်မြို့အနှံ့ အစားအသောက်ပို့ပြီး ရုန်းကန်လှုပ်ရှားသူ
Donate to DVB

သူပို့ရမယ့် အစားအသောက်တွေ မအေးခင် အချိန်မီရောက်ဖို့ အရေးကြီးနေတယ်။ ရန်ကုန်မြို့အနှံ့ ဘယ်နေရာမဆို လမ်းကြိုလမ်းကြားပါမကျန် မြို့နယ်တွေကို ဖြတ်ပြီး  ဒီ မောင်းတိန်းဘီးလေးနဲ့ပဲ သူသွားနေတာ ရှစ်လ ရှိနေပါပြီ။

"တချို့ကာစတန်မာတွေက သူတို့လိုချင်တဲ့ အချိန်ရှိတယ်။ သူတို့ ဂျူတီချိန်ရှိတယ်။ မြန်မြန်လေး လာပေးပါဆိုတဲ့အချိန်၊ ကိုယ့်လွှတ်တဲ့အချိန် တိုးတဲ့အခါကျရင် ကိုယ့်မှာ အဲဒီ့စိတ်က ဖိစီးမှုရှိတယ်။ ကားတွေကြပ်တဲ့အချိန်တွေ ဖြစ်သွားရင် စိတ်တော်တော်ဒုက္ခရောက်တယ်။ အဲဒီ့အချိန်ကျရင် ဧည့်သည်ကလည်း နောက်ကျမှာ ကြောက်တယ်။ သူတို့ကလည်း အလုပ်တဘက် ရှိသေးတဲ့အတွက် သူ့အပေါ်လည်း လေးစားတဲ့အနေနဲ့ ကိုယ်က အမြန်ရောက်ချင်တယ်။ သွားချင်တယ်။"

သူက Yangon Door To Door Delivery လုပ်ငန်းရဲ့ ပစ္စည်းပို့ပေးသူ အယောက် ၃၀ ကျော်ထဲက တယောက်တည်းသော အမျိုးသမီး စက်ဘီးသမား၊ အင်မတန်ရှုပ်ထွေးလှတဲ့ ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ နေ့စဉ် စက်ဘီးစီးပြီး ဝယ်သူတွေမှာတဲ့ အစားအသောက်တွေကို ဆိုင်တွေက သွားယူ၊ အိမ်တိုင်ရာရောက် လိုက်ပို့နေရတာဟာ အညာသူ မသန်းသန်းဆွေအတွက် မလွယ်ကူလှပါဘူး။

"ပထမဦးဆုံးက သူများနောက်က လိုက်ရတာဆိုတော့ အတွေ့အကြုံ မရှိသေးဘူး။ ကိုယ့်ကို ထရိန်နင်ပေးထားတာပဲ ရှိသေးတာ။ ကိုယ့်လမ်းကို ပထမဦးဆုံး လိုက်ပို့တဲ့ အော်ဒါထွက်မှ အတွေ့အကြုံတွေ ရှိခဲ့တာ။ လမ်းကြောင်းတွေမသိတော့ မီးပွိုင့်တွေ၊ ဟိုကွေ့ ဒီကွေ့နဲ့ နေရာလွန်တာ၊ ကျော်သွားတာတွေ အတွေ့အကြုံတွေက။"

ပထမဦးဆုံး သူများနောက်ကလိုက်တော့ လမ်းမှာကျန်ခဲ့လို့ ထားခဲ့ခံရတာ၊ မီးပွိုင့်တွေမှာ ငိုရတာ။ တခါ လင်မယားနှစ်ယောက် လမ်းရှာတာ ပြတ်ကျန်နေခဲ့လို့လည်း ငိုခဲ့ရပါတယ်။

"ကားဆိုတာလည်း ကားလမ်းမထွက်မှ မြင်ရတာလေ။ ဒီအလုပ်ကိုလည်း လုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ကားကြိုကားကြားတွေထဲလည်း သွားရဲလိမ့်မယ်လို့ မထင်ခဲ့ဘူး။ နောက်ပိုင်းကျတော့ ဘယ်လို သတ္တိတွေ ရှိသွားမှန်း မသိဘူး။ ကိုယ့်ကိုယ်ကိုယ် ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်။"

အသက် ၃၀ ကျော်အထိ ရမည်းသင်းမြို့ကလွဲလို့ မြို့ကြီးတွေကို မရောက်ခဲ့ဘူးတဲ့ မသန်းသန်းဆွေဟာ အိမ်ထောင်ဘက်နဲ့အတူ ရန်ကုန်မြို့ကို ရောက်လာခဲ့တာ  ၈ လရှိနေပါပြီ။ မိသားစုက အိမ်ထောင်ဘက်နဲ့ သဘောမတူတဲ့အတွက် သူတို့လင်မယားနှစ်ယောက် ရန်ကုန်မြို့ကို ထွက်ပြေးလာခဲ့ကြရတာပါ။

"ထွက်ပြေးလာပြီးတော့ အဆင်မပြေမှုတွေ ရှိတာနဲ့ ရန်ကုန်မှာ အလုပ်လုပ်မယ်။ စီးပွားရေးဖြစ်လောက်တယ် ဆိုပြီးတော့ နှစ်ယောက်သား တိုင်ပင်ပြီးတော့ လုပ်စားမလားဆိုပြီး ရန်ကုန်ကို ထွက်လာခဲ့တာ။ ဒီရောက်တော့ ဒီလုပ်ငန်းလေးနဲ့ အဆင်ပြေတော့ ဇောက်ချဖြစ်သွားတာ။"

"ရတဲ့အလုပ်လုပ်မယ်ဆိုပြီးပြောတော့ ဦးဇင်းတပါးက ဒီအလုပ် သွားလျှောက်ကြည့်တဲ့။ လစာလည်း ကောင်းတယ်တဲ့။ နေစရာလည်း ပေးတယ်။ မိန်းကလေးလည်း လိုတယ်။ လင်မယားနှစ်ယောက် အတူတူလုပ်ရတာပေါ့လို့ လမ်းညွှန်လို့ ဖုန်းဆက်ပေးတာနဲ့ ဒီအလုပ်ကို လျှောက်ဖြစ်တာ။ မုန့်ပို့ဆိုတာပဲ သိတယ်။ အလုပ်က ဘာအလုပ်ဆိုတာ မသိဘူး။ မုန့်ပို့ရမယ်ဆိုတာပဲ သိတယ်။ ဒီလို Delivery ရယ်လို့ ကိုယ့်မှာ မသိခဲ့ဘူး။ အလုပ်ဝင်တဲ့အထိ မသိခဲ့ဘူး။"

ရန်ကုန်မြို့ နဝဒေးလမ်းမှာရှိတဲ့ Yangon Door To Door ဝန်ဆောင်မှုလုပ်ငန်းကို ပြီးခဲ့တဲ့ လေးနှစ်လောက်ကစပြီး နိုင်ငံခြားသားတယောက်က စတည်လုပ်ကိုင်ခဲ့တာပါ။ အခုအချိန်မှာတော့ မြန်မာလုပ်ငန်းရှင်နဲ့ ပူးပေါင်းပြီး လုပ်ငန်းတိုးချဲ့ လုပ်ကိုင်နေပါပြီ။

အစားအသောက်တွေ ပို့ရာမှာ စက်ဘီးကို သုံးရတဲ့ အကြောင်းအရင်းကလည်း ရှိပါတယ်။

"စက်ဘီးနဲ့ ပို့တယ်ဆိုတာကလည်း အားကစားလုပ်ငန်းတခုအနေနဲ့ ရည်ရွယ်တာလည်း ပါပါတယ်ခင်ဗျ။ ကျနော်တို့ဝယ်ထားတဲ့ စက်ဘီးတွေ အားလုံးကလည်း မောင်းတိန်းစက်ဘီးတွေ၊ အားကစားလုပ်ငန်းတခုအနေနဲ့ ရည်ရွယ်တာလည်း ပါပါတယ်။ တစ်အချက်ကတော့ Environmentally Friendly ဖြစ်တယ်။ ဒုတိယအချက်က လူတွေကို ပိုပြီးတော့ အလုပ်အကိုင် အခွင့်အလမ်း ပေးနိုင်တယ်။ ဒီလို စက်ဘီးစီးတယ် ဆိုတာကလည်း အားကစားလုပ်ငန်းတခုပါခင်ဗျ။ Active တခုပါ။ ဒီအားကစားတခုလုပ်ရင်းနဲ့ တက္ကသိုလ်ကျောင်းသားတွေ အားတဲ့အချိန်မှာ ဝင်ငွေလည်းရ ဖြစ်စေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာပါ။"

မသန်းသန်းဆွေတို့ လင်မယားနှစ်ယောက်သား ဘဝအတွက် စတင်ရုန်းကန်နေရချိန်မှာ အလုပ်တူတူ လုပ်ခွင့်ရခဲ့ရုံတင်မကဘဲ အလုပ်ကပေးတဲ့ အဆောင်လေးမှာပါ နေခွင့်ရခဲ့ကြတယ်။ ဒါပေမယ့် အလုပ်ထဲမှာတော့ ယောက်ျားတွေကြားထဲ မိန်းမသားဆိုလို့ သူတယောက်တည်းပါ။

"တပတ်တခါ သတိရတယ်၊ ရောက်ကာစဆို နေဝင်ရင် ရွာကိုသတိရတယ်။ နေဝင်ချိန်ဆို ကိုယ့်မိသားစုကိုပဲ လွမ်းတယ်။ ကိုယ့်ရွာလေး ကိုယ့်ဒေသပေါ့။ တခြားနေရာမှာပဲ နေရတော့မှာ သိတဲ့အတွက် နေ့တိုင်းလိုလို ရွာကိုသတိရတယ်။"

လင်မယားနှစ်ယောက်ရတဲ့ လစာရယ်၊ အစားအသောက်မှာယူသူတွေ ပြန်ပေးတဲ့ ဘောက်ဆူးရယ်ကြောင့် သူတို့ဝင်ငွေက တလကို ငါးသိန်းလောက်ရှိပါတယ်။ ဒါ့ကြောင့် ငွေလေး စုဆောင်းနိုင်ကြတယ်။

"တနေ့တနေ့ အဲဒီ့ပိုက်ဆံလေးတွေ စုရတာ ပျော်တယ်။ တနေ့တနေ့ ငါးထောင်အောက်ထစ် ကိုယ့်စုဘူးလေးထဲ ကိုယ်ထည့်နေရတာ ပျော်တယ်။ ကိုယ့်အတွက်က မျှော်မှန်းစရာလေး ဖြစ်လာတယ်။"

ရန်ကုန်ရောက်ကာစတုန်းက ကျောတနေရာစာအတွက် ကြည့်မြင်တိုင်က သာဓုဘုန်းကြီးကျောင်းမှာ သူတို့ ခေတ္တခိုလှုံခဲ့ရပါတယ်။ ရန်ကုန်မှာ တခြားမိတ်ဆွေတွေ များများစားစား မရှိတဲ့အတွက် သူတို့ရဲ့ အားလပ်ရက်တွေမှာ အဲဒီ့ဘုန်းကြီးကျောင်းကို သွားလည်ကြတယ်။

ဒီဘုန်းကြီးကျောင်းမှာ နေရင်းနဲ့ပဲ သူတို့တွေ Yangon Door to Door လုပ်ငန်းမှာ အလုပ်ရခဲ့ကြတာပါ။

ဝန်ဆောင်မှုဆိုတာ တခါမှ မကြားဘူးတဲ့ မသန်းသန်းအေးတို့ လင်မယားနှစ်ယောက်သား အခုတော့ အလုပ်ရဲ့ လိုအပ်ချက်ကြောင့် အင်္ဂလိပ်စာ၊ အိုင်တီနည်းပညာနဲ့ တခြား လူမှုဘဝ စွမ်းရည်မြင့် ဘာသာရပ်တွေကို သင်ယူနေရပါပြီ။ My Me ကနေ သူတို့အလုပ်ထဲကို အချိန်ပိုင်း လာသင်ပေးနေတာပါ။

"ငယ်ငယ်တုန်းက စာကြောက်တယ်။ စာမသင်ချင်ဘူး။ အခု ဒီအလုပ်ထဲကျတော့ ဒီအလုပ်က ပညာလိုသွားပြီ။ ကိုယ့်ရဲ့အသိဉာဏ်လေး၊ အင်္ဂလိပ်စာလေး နည်းနည်းကျည်းကျည်းလေး သိထားရင် ကိုယ့်အတွက် အခွင့်အရေးတွေ ရှိတယ်ဆိုတော့ ဒီအလုပ်နဲ့ကျတော့ ပညာလေးသင်ရတာ ပျော်ပါတယ်။ ကိုယ့်အသက်အရွယ်နဲ့ ပညာသင်ဖို့ မလွယ်တော့ပေမယ့် ဒီအလုပ်မှာ လုပ်နေသရွေ့တော့ ဒီပညာလေး လာသင်ပေးတာ ကိုယ့်အတွက် အထောက်အကူဖြစ်တယ်။"

ရမည်းသင်း ရွှေဒါးကျေးရွာမှာ နေတုန်းက သီးနှံစိုက်ပျိုးရေးကိုသာ လုပ်ခဲ့ဖူးသူမို့ ရန်ကုန်မြို့ လမ်းတွေပေါ်က ကားတွေကြားမှာ နေ့စဉ် သွားလာလှုပ်ရှားနေရတာဟာ သူ့အတွက် အန္တရာယ်ကလည်း လက်တကမ်းမှာပါ။ သူ ကြောက်တာက ဘတ်စ်ကားကြီးတွေပါ။

"သက်သက်မယ့် မညှာဘဲရပ်တာ၊ သူတို့တင်ရမယ့် ခရီးသည်တွေ့ရင် နောက်ကလူကို မငဲ့ညှာဘဲ သူတို့ရပ်ချင်တဲ့နေရာမှာ ထိုးရပ်တယ်။ ကွေ့ချင်တဲ့နေရာကို ထိုးကွေ့တယ်။ မီးအချက်တွေ ဘာတွေ မပြဘဲနဲ့။ တချို့ဆို ရပ်ရမယ်ဆို မီးအချက်ပြတယ်။ ကွေ့မှာဆိုရင် ပြတယ်။ နောက်ဆုံး ဘရိတ်မီးတွေလည်း ပြရမယ်။ သူတို့တင်ရမယ့် ခရီးသည်ရှိပြီဆိုရင် နောက်ကသူ ဘယ်လိုနေနေ သူတို့ရပ်ချင်တဲ့နေရာတွေ ရပ်ပစ်လိုက်တယ်။ အဲဒီအခါမှာ ကိုယ့်မှာ ဘရိတ်ကို မနည်းအုပ်ရတယ်။ ကိုယ့်မှာ မနည်းကြည့်ရှောင်ရတယ်။"

အမျိုးသမီးတယောက်တည်း ရန်ကုန်မြို့အနှံ့ စက်ဘီးနဲ့ သွားနေရတာမို့ ကားတွေရဲ့ အန္တရာယ်တင်မကဘဲ လူတွေရဲ့အန္တရာယ်ကိုလည်း သူ သတိထားနေရပါတယ်။

"အဲဒီ့နေ့က မှတ်မှတ်ရရ နေ့လယ် ထမင်းစားချိန် တနာရီကနေ ထည့်လွှတ်ပေးလိုက်တယ်။ နှစ်နာရီကျတော့ မီးပွိုင့်မှာ လည်နေတယ်။ အင်းလျားဘက်မှာ အင်းလျားမီးပွိုင့်မှာ လည်နေပြီးတော့ လှည်းတန်းဘက်ရောက်၊ ပြည်လမ်းဘက်ရောက် ရောက်ပြီးတော့ ရုံးဆင်းချိန် လူတယောက်က စက်ဘီးနဲ့ ဘယ်သွားမှာလဲ မေးတော့ တက္ကသိုလ်လမ်းလို့ပြောတော့ တက္ကသိုလ်လမ်းက အများကြီးရှိတယ်လို့ ပြောတယ်။ အဲဒီတော့ ကမ္ဘာအေးလမ်းလို့ပြောတော့ အရှည်ကြီးတဲ့။ ညည်းတို့နေတဲ့နေရာက ဘယ်နေရာလဲဆိုတော့ မိုးကောင်းဘုရားကို ကိုယ်ကသိတော့ မိုးကောင်းကို သွားချင်လို့လို့ ပြောတော့ အဲဒါဆို သူ့နောက်ကိုလိုက်ခဲ့။ မီးပွိုင့်တပွိုင့်ကျရင် ဘယ်ချိုးလို့ပြောတော့ ချိုးရမယ့် မီးပွိုင့်ကျတော့ မဟုတ်ဘူးတဲ့ ရှေ့မီးပွိုင့်တဲ့။ အဲဒါကျတော့ သူ့ကိုမယုံကြည်တော့ဘဲ နောက်ပြန်လာပြီးတော့ သူ့နောက်ကို ဆက်မလိုက်ရဲတော့ဘူး။"

တနေ့တနေ့ နေ့ရောညပါ နဖူးကချွေး ခြေမကျတဲ့အထိ စက်ဘီးနင်း၊ အစားအသောက်တွေ အချိန်မီအရောက်ပို့ရင်း ရလာတဲ့ ဝင်ငွေလေးတွေကို စုဆောင်းလို့ သူတို့အနာဂတ် စိတ်ကူးအိပ်မက်တွေ ရောင်နီသန်းလာနေပါပြီ။

"သူ (အမျိုးသား) က ကားမောင်းဝါသနာပါတယ်။ ကားလည်းမောင်းတတ်တယ်ဆိုတော့ သူက ကားလေးတစီးလောက်အထိဝယ်ဖို့ ရည်မှန်းထားတယ်။  ကားလေးတစီးလောက်ဖြစ်အောင် စုမယ် ဆောင်းမယ်။ ကိုယ်ပိုင်ဈေးဆိုင်လေးဖွင့်၊ သူက ကားဆွဲမယ်၊ အဲဒီလိုမျိုးနဲ့ နှစ်ယောက်သား ဘဝကို ရည်မှန်းချက်လေးနဲ့ ငွေတွေစုနေတယ်။"

စန်းမော်အောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013