
ထိုင်းနိုင်ငံမြောက်ပိုင်း၊ နန့်ခရိုင်ထဲမှာ နာရာမုန်တိုင်းအရှိန်ကြောင့် တပတ်နီးပါး ရေကြီးရေလျှံခဲ့ပြီး အိမ်ထောင်စုပေါင်း ၅,၄၆၃ စု ရေဘေးသင့်ခဲ့တယ်လို့ ခရိုင်သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ပါတယ်။
ဩဂုတ် ၁၉ မှ ၂၂ ထိ ကောက်ယူရရှိထားသော စာရင်းတွေအရ နန့်ခရိုင် ချလိုမ်ဖရကစ်၊ ထုန့်ချန့်၊ ချိန်းကလန်၊ ဘိုး၊ ဘန့်လုန်၊ ဝိန်းဆာ၊ နားနွဲ့၊ ထာ့ဝမ်းဖာ စတဲ့ ၈ မြို့နယ်ထဲမှာ ရေကြီးရေလျှံခဲ့ပြီး ၄၅ အုပ်စု၊ ရပ်ကျေးပေါင်း ၂၇၄ ခုက အိမ်ထောင်စုပေါင်း ၅၄၆၃ စု ရေဘေးသင့်ခဲ့တယ်။ ဒါ့အပြင် လယ်ယာခြံမြေ ဧကပေါင်း ၅,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ရေဘေးသင့် ၈ မြို့နယ်ထဲက အဆိုးရွားဆုံးမှာ ဘိုးမြို့နယ်ဖြစ်ပြီး တောင်ကျချောင်းရေ ရုတ်တရက် စီးဝင်လာတာကြောင့် ၁၁ အုပ်စုမှ ရပ်ကျေး ၈၇ ခု၊ အိမ်ထောင်စုပေါင်း ၁၈၇၂ စု ရေဘေးသင့်ခဲ့ပြီး လယ်ယာခြံမြေ ဧကပေါင်း ၁,၀၀၀ ကျော် နဲ့ လမ်းတံတား ၅ ခု ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ခရိုင်ကုန်သွယ်စီးပွားဌာနကတော့ အခုတခေါက် ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးဘတ် သန်း ပေါင်း ၅၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းပါတယ်။
ဩဂုတ် ၂၃ ရက်မှာတော့ ရေတွေပြန်ကျသွားပေမဲ့ ရွှံ့မြေ၊ နုန်းမြေ အမှိုက်သရိုက်တွေ အပျက်အစီးတွေ ဖယ်ရှားပြီး အကြီးစားသန့်ရှင်းရေးလုပ်ကာ ပြန်လည်ထူထောင်ရေးတွေ ဆောင်ရွက်နေပါတယ်။ ရေတိုရေရှည် ကူညီရေးနဲ့ ကာကွယ်ရေးတွေအတွက် ဘေးအန္တရာယ် အာမခံကြေး တိုးမြှင့်ပေးဖို့၊ သက်သာချောင်ချိသော အတိုးငွေနဲ့ ငွေချေးပေးဖို့၊ အခွန်ငွေတွေကို ၂- ၃ နှစ်ထိ လျှော့ချပေးဖို့၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းမှာ အမှန်တကယ် ဆုံးရှုံးမှု ပမာဏအတိုင်း ထောက်ပံ့ပေးဖို့၊ ရေရှည်မှာ ရေကြီးမှုအန္တရာယ် ကာကွယ်ရေးအတွက် ရေနုတ်မြောင်းနဲ့ ရေလှောင်တမံတွေ တည်ဆောက်ဖို့ ကုန်သွယ်စီးပွားဌာနအနေနဲ့ အစိုးရကို အဆိုပြုထားတယ်လို့ TNN သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းနဲ့ အစိုးရ ဝန်ကြီးများအဖွဲ့ဟာလည်း မနေ့က ရေဘေးသင့်ခဲ့တဲ့ နန့်ခရိုင်သို့ ရောက်ရှိပြီး ရေဘေးသင့်ပြည်သူတွေ ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ဒေသတွင်းရှိ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အပြင် ရေဘေးအဆိုးရွားဆုံးခံခဲ့ရတဲ့ ဘိုးမြို့နယ်ကိုလည်း သွားရောက်ကာ ရေဘေးသင့်ပြည်သူတွေကို တွေ့ဆုံအားပေးစကား ပြောကြားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: TNN News / DDPM











