အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို မူရာဆူ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ အိန္ဒိယမိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ တပတ်အတွင်း ဒီဒေသကိုဝင်တဲ့ ဒုတိယမြောက် မုန်တိုင်း ဖြစ်ပြီး၊ တာဝန်ရှိသူတွေက လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ဒေသစံတော်ချိန်မနက် ၃ နာရီခွဲကနေ ၅ နာရီခွဲကြားမှာ အရှေ့တောင်ပိုင်းပြည်နယ်ဖြစ်တဲ့ အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရဲ့ ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ အိန္ဒိယမိုးလေဝသဌာန (IMD) က ပြောပါတယ်။
မုန်တိုင်းတိုက်ချိန် လေတိုက်နှုန်းမှာ တနာရီ ၆၂ မိုင်ကနေ ၆၈ မိုင်အထိ ရှိပြီး၊ လေပြင်းတိုက်ခတ်မှု တနာရီကို ၁၂၀ ကီလိုမီတာအထိ ရှိခဲ့ပါတယ်။
လက်ရှိအချိန်အထိ လူသေဆုံးမှု ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရရှိမှု သတင်းတွေ မတက်သေးပေမဲ့ သစ်ပင်တချို့နဲ့ လျှပ်စစ်မီးတိုင်တွေ လဲကျပျက်စီးခဲ့တယ်လို့ အန်ဒရာပရာဒေ့ရှ်ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ စီမံညွှန်မှူး ပရာခါဂျိန်းက ပြောပါတယ်။
တာဝန်ရှိသူတွေက တနင်္လာနေ့ကတည်းက လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာဆီ စတင်ရွှေ့ပြောင်းပေးခဲ့ပြီး၊ မုန်တိုင်းလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အန်ဒရာပရာဒေ့ရှ်ပြည်နယ်က လူဦးရေ ၃၀,၀၀၀ လောက်ကို ဘေးလွတ်ရာဆီ ရွှေ့ဖို့ စီစဉ်ထားခဲ့ပါတယ်။
မူရာဆူဆိုင်ကလုန်းမုန်တိုင်း ဖြစ်ထွန်းခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်ဟာ အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းတွေ ဖြစ်လေ့ရှိတဲ့ အဓိကဒေသတခုပါ။
အရင်ကလည်း အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း ဒေသတွေမှာ လူအသေအပျောက်များစေတဲ့ မုန်တိုင်းတွေ တိုက်ခတ်ခဲ့ဖူးပါတယ်။
အန်ဒရာပရာဒေ့ရှ်ပြည်နယ်နဲ့ တောင်ဘက်က တမီလ်နာဒူး ပြည်နယ်တို့ဟာ မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံရနိုင်တယ်လို့ အိန္ဒိယမိုးလေဝသဌာန (IMD) က ခန့်မှန်းထားပါတယ်။
Source: Reuters











