DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် တပ်မတော် ဆက်ဆံရေး ကောင်းမွန်ကြောင်း တပ်မတော်ရှင်းလင်း
DVB
·
July 22, 2016
အစိုးရနှင့် တပ်မတော် ဆက်ဆံရေး ကောင်းမွန်ကြောင်း တပ်မတော်ရှင်းလင်း
Donate to DVB

အစိုးရနဲ့ တပ်မတော်ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။

ဇူလိုင် ၂၀ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ရှင်းလင်းဆောင်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းစဉ် ဖြေကြားခဲ့တာပါ။

လက်ရှိကာလ နိုင်ငံတော်အစိုးရနှင့် တပ်မတော်ရဲ့ ဆက်ဆံရေး အခြေအနေ ကောင်းမွန်မှုရှိမရှိ မေးခွန်းနဲ့ ပတ်သက်လို့ သူက “နိုင်ငံတော်ကနေ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဦးဆောင်မှုတွေအောက်မှာ ကျွန်တော်တို့ တပ်မတော်အနေနဲ့ တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါသည် အစိုးရနှင့် ကျွန်တော်တို့ တပ်မတော်ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ်ဆိုတာ ရှင်းလင်းတင်ပြလိုပါတယ်။” လို့ ဖြေပါတယ်။

ငြိမ်းချမ်းရေးရဖို့အတွက် Process (ဖြစ်စဉ်) တွေအတိုင်း သွားဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။

သူက “ကျွန်တော်ပြောလိုတာ ဒီ Process အတိုင်း သွားမယ်ဆိုရင်တော့ ဒီငြိမ်းချမ်းရေးဟာ အောင်မြင်မှာပါ။ ဒီ Process ဆိုတဲ့အပိုင်းမှာ ကဏ္ဍတွေ အများကြီးရှိပါတယ်။ ငြိမ်းချမ်းရေးအတွက်ကို အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရမယ့်ကိစ္စ၊ ကျွန်တော်တို့ SSR/DDR လုပ်ရမယ့်ကိစ္စ၊ ပြီး နိုင်ငံရေးဆွေးနွေးပွဲ လုပ်ရမယ့်ကိစ္စ၊ အဲဒါတွေက သူ့ရဲ့ Process အတိုင်းပဲ ရှိနေတာပါ။ ဒါကို အားလုံးလက်ခံပြီးတော့ ဒီလမ်းအတိုင်း လျှောက်လှမ်းမယ်ဆိုရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးဟာ ရရှိမယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ဆွေးနွေးတင်ပြလိုပါတယ်” လို့ ပြောပါတယ်။

လာမယ့် ၂၁ ရာစု ပင်လုံညီလာခံ၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်နဲ့ ဘယ်လိုဆွေးနွေးညှိနှိုင်းထားတာများရှိပါသလဲဆိုတဲ့မေးခွန်းကိုတော့  သီးခြားဆွေးနွေးညှိနှိုင်းထားတာမရှိပါကြောင်း၊ သို့သော် သူတို့အနေနဲ့ ဒီ Process အတိုင်းပဲ ဆက်သွားရမယ်ဆိုတာ ဆွေးနွေးပြောကြားထားတာရှိကြောင်း၊ ဒီအပေါ်မှာလည်း အစိုးရမှာရှိတဲ့၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဒါကိုနားလည်သဘောပေါက်ပြီးတော့ ဒီလမ်းကြောင်းအတိုင်းပဲ ဆက်သွားနေတယ်ဆိုတာ လေ့လာတွေ့ရှိရပါကြောင်း ဖြေကြားပါတယ်။

၂၁ ရာစု ပင်လုံညီလာခံမှာ AA (ရခိုင်တပ်မတော်) ရယ်၊ TNLA (တအာင်းပလောင်တပ်မတော်) ရယ်၊ MNDAA (ကိုးကန့်တပ်မတော်) ရယ်ကို ဘယ်လိုသဘောထားပြီးတော့ ပါဝင်ခွင့်နဲ့ပတ်သက်လို့   အဓိကကတော့ ဒီအဖွဲ့သုံးဖွဲ့အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်မယ်ဆိုတဲ့စိတ်ဆန္ဒ အပြည့်အ၀ရှိဖို့ပဲ လိုအပ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ဒီ ၃ ဖွဲ့ဟာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်ကို ရေးထိုးခွင့်ကန့်သတ်ခဲ့ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာတော့ ဒီသုံးဖွဲ့နဲ့ ၂၁ ရာစုပင်လုံညီလာခံကြိုတင်ပြင်ဆင်ရေးကော်မတီက တာဝန်ရှိသူတွေ တွေ့ဆုံ ကြမယ့်သတင်းတွေထွက်နေပြီး နေ့ရက်၊ နေရာ မသတ်မှတ်နိုင်သေးပါဘူး။

တရုတ်မြန်မာနယ်စပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံတက်ရောက်မယ့် မိုင်ဂျာယန်စုံညီအစည်းအဝေးနဲ့ပတ်သက်လို့ နိုင်ငံတော်အစိုးရမူဝါဒနဲ့ဆောင်ရွက်တဲ့လုပ်ငန်းကို ကန့်ကွက်ရန်မရှိသလို အစိုရထိန်းချုပ်နယ်မြေထဲက ဖြတ်သွားရင် ကူညီစောင့်ရှောက်ပေးမှာဖြစ်ကြောင်းဖြေကြားပါတယ်။

“သွားမယ့်၊ ဖြတ်သွားရမယ့်ဧရိယာပေါ့။ အစိုးရထိန်းချုပ်တဲ့နယ်မြေထဲက ဖြတ်သွားရင်အန္တရာယ်ကင်းပါ့မလား။ ဒါခုနတုန်းကပြောခဲ့တဲ့အတိုင်း ကျွန်တော်ဖြေရမှာပေါ့။ ကျွန်တော်တို့အနေနဲ့ ဘာမှအန္တရာယ်ပေးစရာ အကြောင်းမရှိပါဘူး။ နိုင်ငံတော်အစိုးရမူဝါဒနဲ့ ဆောင်ရွက်နေတာကြောင့် ကန့်ကွက်ရန်မရှိပါဘူး။ ကျွန်တော်တို့က ကူညီစောင့်ရှောက်ပေးဖို့ပဲရှိပါတယ်။ ဒီလိုပဲဖြေပါရစေ။ ဒီလမ်းကြောင်းကို ကျွန်တော်တို့ သုံးခွင့်ပေးမှာပါ။ ဒီလောက်ဆိုရင်ရမယ်ထင်ပါတယ်။” လို့ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက ဖြေကြားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် လားရှိုးခရိုင် မိုင်းယော်တိုက်နယ်မှာ ရွာသား ၇ ဦးသေဆုံးမှုနဲ့ပတ်သက်လို့ ၂ ဦးဟာ တိုက်ပွဲတွေအကြား ဆိုင်ကယ်စီးနင်းရင်း သေနတ်ထိမှန်သေဆုံးခဲ့တာဖြစ်ကြောင်းနဲ့ ၅ ဦးကတော့ တပ်မတော်က ခေါ်ယူစစ်ဆေးရင်း လက်လွန်သေဆုံးခဲ့တာဖြစ်ကြောင်း၊ ဖြစ်စဉ်မှာ တာဝန်ရှိသူတွေကို စစ်ခုံရုံးဖွဲ့စစ်ဆေးနေကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013