DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အာဆီယံစည်းဝေးပွဲတက်ရန် မနက်ဖြန် လာအို သွားမည်
DVB
·
July 21, 2016
ဒေါ်အောင်ဆန်းစုကြည် အာဆီယံစည်းဝေးပွဲတက်ရန် မနက်ဖြန် လာအို သွားမည်
Donate to DVB

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လာအိုနိုင်ငံမှာကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲတက်ရောက်ဖို့ ဇူလိုင် ၂၂ ရက်မှာ လာအိုကို ခရီးစတင်ထွက်ခွာမှာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများစည်းဝေးပွဲက ဇူလိုင် ၂၃ ရက် စတင်မှာဖြစ်လို့ ၂၂ ရက်မှာ သွားရောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြောခွင့်ရ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါ်အေးအေးစိုးက ပြောပါတယ်။

“အစည်းအဝေးက ၂၃ ကနေ ၂၆ ရက်နေ့ထိဆိုတော့ သူက ဒီက ၂၂ ရက် မြန်မာပြည်က ထွက်ခွာပြီးတော့ သွားတက်ပါမယ်။ အခု စနေတာက ကြိုတင်အစည်းအဝေးတွေ၊ ၀န်ကြီးအဆင့် အစည်းအဝေးတွေက ၂၃ မှ စပါ့မယ်၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီး စည်းဝေးတွေရရယ်၊ တခြား ဆက်စပ် အစည်းအဝေးတွေရယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင် ၂၇ ရက်မှာ လာအိုနိုင်ငံက ပြန်လည်ထွက်ခွာမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဆီယံစည်းဝေးပွဲ ပထမဆုံးခရီးဖြစ်ပြီး ဒေသတွင်း ကိစ္စရပ်တွေအပြင် လတ်တလော တောင်တရုတ်ပင်လယ်အရေးတွေပါ ဆွေးနွေးကြဖို့ ရှိပါတယ်။

နိုင်ငံရေးသုတေသီ ဦးအောင်သူငြိမ်းက မြန်မာအနေနဲ့ အာဆီယံမှာ နေရာယူမယ့်အချိန်ကျမှ တောင်တရုတ်ပင်လယ်အရေးလို ပြဿနာနဲ့ ကြုံနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုထောက်ခံမှုနဲ့ သူ့ရဲ့ နာမည်ကျော်ကြားမှုပေါ့ဗျာ၊ အာဆီယံဘက်က ဒီကိစ္စတွေကို အလေးအနက်ထားပြီးတော့ စဉ်းစားနိုင်ပါတယ်။ ဒါပေမယ့်လည်း တဘက်မှာက အာဆီယံထဲမှာ အခုကြီးနေတဲ့ ပြဿနာ၊ အထူးသဖြင့် တောင်တရုတ်ပင်လယ်ပြဿနာမျိုးတွေ ရှိပါတယ်။ အဲ့လိုဟာမျိုးတွေမှာ ကျနော်တို့ ခေါင်းဆောင်မှု ၀င်ယူတဲ့အချိန်ကျတော့မှ ပိုပြီးတော့ ပြဿနာကြီးတာမျိုး ဖြစ်တော့ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ အာဆီယံစည်းဝေးတွေက အားလုံးသဘောတူညီမှုနဲ့ သွားတယ်ဆိုတော့ သိပ်ပြီးတော့ ထူးထူးခြားခြား စိတ်ဝင်စားစရာတော့ မရှိဘူးလို့ ထင်ပါတယ်။”

ပြီးခဲ့တဲ့ မေလအတွင်း လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ လာအိုနိုင်ငံသမ္မတ မစ္စတာဘွန်ညံဗိုရာချစ်ရဲ့ ဖိတ်ကြားချက်အရ သမ္မတ ဦးထင်ကျော်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ လာအိုကို ပထမဆုံးချစ်ကြည်ရေးခရီး စတင်ခဲ့ပါတယ်။

အခုတခါ  အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည် လာအိုကို ဒုတိယအကြိမ် သွားရောက်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးမှာ တက်တက်ကြွကြွ ဦးဆောင်မှုပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013