DVB Logo
Home
မေးမြန်းခန်း
အန်စီအေမှာပဲ စည်းနှောင်မှုက ရလာတာ - ဗိုလ်မှူးကြီးခွန်ဥက္ကာ
DVB
·
July 21, 2016
အန်စီအေမှာပဲ စည်းနှောင်မှုက ရလာတာ - ဗိုလ်မှူးကြီးခွန်ဥက္ကာ
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ၊ အကြံပေးပုဂ္ဂိုလ်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စုဝေးပြီး မိုင်ဂျာယန်တိုင်းရင်း သားစုံညီအစည်းအဝေးနဲ့ ၂၁ ရာစုပင်လုံညီလာခံနဲ့ပတ်သက်လို့ ၃ ရက်ကြာ ကြိုတင်ညှိနှိုင်းဆွေးနွေးကြပါတယ်။

ပြောခွင့်ရသူ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

သုံးရက်တာအစည်းအဝေး ဆွေးနွေးညှိနှိုင်းမှုတွေမှာ အထူးခြားဆုံးက ဘာအကြောင်းအရာတွေပါလဲခင်ဗျ။

“အထူးခြားဆုံးက ဘာတွေရှိမလဲဗျာ၊ မိုင်ဂျာယန်တွေ့ဆုံပွဲ၊ မျက်နှာစုံညီအစည်းအဝေးရဲ့ အကောင်းဆုံးရလဒ်တွေထွက်အောင် ညှိနှိုင်းတိုင်ပင်တာပေါ့ခင်ဗျာ ဘယ်လိုလုပ်ဆောင်မလဲ။ နောက်ပြီးတော့ သြဂုတ်လမကုန်ခင်မှာ ကျင်းပမယ့် ၂၁ ရာစုပင်လုံ၊ အဲဒီအတွက်လည်းပဲ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်တာပေါ့။ အဲဒီအခြေခံအချက်တွေပါပဲ။ ဒီလုပ်ငန်းကြီး ၂ ခုပေါ်မှာပဲ အကြိတ်အနယ်ဆွေးနွေးကြတာ။”

ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံရေးမူဘောင်နဲ့ပတ်သက်ပြီးတော့ ပြန်လည်သုံးသပ်တဲ့အခါ ပါဝင်သင့်ပါဝင်ထိုက်သူ တွေ ပါဝင်ဖို့သင့်တယ်၊ ဒါမှသာ ရေရှည်ဖြစ်ထွန်းမှုဆိုပြီးတော့ ယူအန်အက်ဖ်စီက သဘောထားထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်လိုသဘောထားရှိ သလဲခင်ဗျ။

“ကျနော်တို့အနေနဲ့ကတော့ အန်စီအေမှာ လုံးဝပါဝင်လက်မှတ်ရေးထိုး ကတိက၀တ်ပြုထားပြီးသားဖြစ်တော့ ဒီမူဘောင်ကိစ္စကိုလည်း ဒီ အန်စီအေ ပြဋ္ဌာန်းချက်အတိုင်းပဲ လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။ အန်စီအေရဲ့ ပြဋ္ဌာန်းချက်အတိုင်းဆိုရင် ဒီစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးကြတဲ့ အဖွဲ့အစည်းတွေက ဒီမူဘောင်ကို ရေးဆွဲဖို့ တာဝန်ရှိတယ်။ ရေးဆွဲတဲ့နေရာမှာလည်း နိုင်ငံရေးပါတီများအစုအဖွဲ့က ကိုယ်စားလှယ်များတန်းတူပါပြီးတော့ ရေးဆွဲရမယ်ဆိုတော့ ကျနော်တို့ရဲ့ မူဘောင်ရေးဆွဲရေးကို တာဝန်ရှိတာက ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (ယူပီဒီဂျေစီ) က ဆိုတဲ့အဖွဲ့က တာဝန်ရှိတယ်။ ဒါကတော့ တရားဝင်မှုအရ လက်တွေ့လုပ်ဆောင်ရမယ့် အစုအဖွဲ့ပေါ့ဗျာ။ ယူပီဒီဂျေစီက လုပ်ဆောင်တဲ့နေရာမှာ မူဘောင်ကို ပြန်လည်သုံးသပ်ဖို့၊ ဆွေးနွေးဖို့၊ ရီဗျူးလုပ်ဖို့ လိုတယ်ဆိုတဲ့ အယူအဆပေါ်လာတော့ အဲဒါကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်အောင် အပစ်မရပ်သေးတဲ့ အဖွဲ့တွေရဲ့ အိုင်ဒီယာတွေရော၊ သူတို့ရဲ့ Contribution (အထောက်အပံ့) လည်း ပါအောင်ဆိုပြီးတော့ ဒီမူဘောင်ကို အလွတ်သဘောညှိနှိုင်းတဲ့ပွဲတွေမှာ အားလုံးကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်တဲ့သဘောပေါ့ဗျာ။ ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်ပြီးတော့ သူတို့ရဲ့ လက်ခံနိုင်တဲ့ အဆင့်ရောက်အောင် ပါဝင်ဆွေးနွေးကြဖို့ပေါ့။ အာလုံးလက်ခံနိုင်ပြီးရင်တော့ မူဘောင်ကို အကောင်အထည်ဖော်တဲ့အလုပ်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုး။ အဲဒီ လုပ်ရမယ့်အလုပ်က ညီလာခံဖြစ်တော့ သူတို့အနေနဲ့ ဒီမူဘောင်ကို အပြည့်အ၀ပါဝင်ရေးဆွဲပြီး လက်ခံလာပြီးပြီဆိုရင်တော့ ညီလာခံကို တရားဝင်ဆက်တက်နိုင်ဖို့ လမ်းကြောင်းပဲကျန်တာပေါ့။ ကျနော်အဲသလိုမြင်ပါတယ်။ ဒါကြောင့် အခုအချိန်ထိကတော့ မူဘောင်မှာ ပါဝင်ပြီးတော့ အလွတ်သဘောပါဝင်မယ်၊ ဒါမမဟုတ် တရားဝင်ပါဝင်မယ်ဆိုတာတော့ အဖြေတော့ မသိရသေးဘူးပေါ့လေ။ ညှိနှိုင်းနေတုန်းပဲလို့ ကျနော်ယူဆပါတယ်။”

မနှစ်အောက်တိုဘာ အန်စီအေလက်မှတ်ထိုးပြီးနောက်ပိုင်း တပ်မတော်တာဝန်ရှိသူတွေနဲ့ ဆက်ဆံတဲ့အခါ ဘာထူးခြားပြောင်းလဲမှုတွေရှိလဲ။ သူက အရေးပါတဲ့နေရာမှာ ရှိနေတော့လေ။

“ကျနော့်အတွေ့အကြုံအရ အန်စီအေလက်မှတ်ထိုးပြီး အန်စီအေကို အကောင်အထည်ဖော်တဲ့နေရာမှာ အန်စီအေပြဋ္ဌာန်းချက်နဲ့အညီဖွဲ့လိုက်တဲ့ ကော်မတီတွေရှိတယ်ဗျ။ အဲဒီကော်မတီထဲမှာ နာမည်ထွက်တာ၊ နာမည်ကြီးတာကတော့ ပူးတွဲစောင့်ကြည့်ရေးကော်မတီဆိုတဲ့ ဂျေအမ်စီရယ်၊ နောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဦးဆောင်ကျင်းပရမယ်ဆိုတဲ့ ယူပီဒီဂျေစီရယ်၊ ဒီကော်မတီကြီး ၂ ရပ်ကတော့ တကယ့်နိုင်ငံရေးတလိုင်း၊ စစ်ရေးတလိုင်းပေါ့ဗျာ တာဝန်ယူကြတော့ အဲဒီ ၂ ခုစလုံးကတော့ အန်စီအေပြဋ္ဌာန်းချက်နဲ့အညီ တိုင်းဖရိမ်နဲ့လည်းကိုက်အောင် လှုပ်ရှားမှုတွေ တွေ့ရပါတယ်။ စင်းလုံးချော ရာခိုင်နှုန်းပြည့် အောင်မြင်ပေါက်မြောက်တယ်လို့ မပြောနိုင်သော်လည်း ရာခိုင်နှုန်းအများစုကတော့ အန်စီအေ အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေဟာ ရှေ့ကိုတိုးနေတယ်၊ ရပ်တန့်ခြင်း မရှိဘဲနဲ့ပေါ့လေ တစုံတရာရှေ့ကို တိုးနေတယ်ဆိုတာတော့ တွေ့မြင်နေရပါတယ်။ ရှေ့ကိုတိုးနေတဲ့နေရာမှာ အပြစ်အနာအဆာတော့ ရှိကောင်းရှိတာပေါ့။ သို့သော်လည်း ဒါတွေကို ပြုပြင်ရင်း၊ ထိန်းသိမ်းရင်း၊ ညှိနှိုင်းရင်းနဲ့ပဲ ရှေ့ကိုတလှမ်းချင်းတိုးနေတဲ့ သဘောကို တွေ့ရပါတယ်။ ထို့အတူပဲ ယူပီဒီဂျေစီရဲ့ တာဝန်အရ framework ကို ပြင်မှာတို့၊ ၂၁ ရာစုပင်လုံညီလာခံကို ခေါ်ယူဖို့ဆိုတဲ့ ပြင်ဆင်မှုတွေကလည်းပဲ အစိုးရသစ်ရဲ့ပေါ်လစီနဲ့အညီ ရှေ့ကိုတိုးနေပါတယ်။ အဲဒီ ရှေ့တိုးလှုပ်ရှားနေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုလုံးမှာ အဆင့်လိုက်အဆင့်လိုက်ပေါ့ဗျာ သူ့ရဲ့တာဝန်အရခွဲထားတဲ့နေရာမှာ တာဝန်ကျတဲ့ အစုအဖွဲ့တွေအားလုံးပေါ့ တပ်မတော်အပါအ၀င်၊ တက်တက်ကြွကြွလုပ်နေတာတော့ တွေ့ရတယ်။ သို့သော်လည်းပဲ အဆင့်လိုက်ပေါ့ နယ်မြေတွင်းမှာ ဒေသတွင်းမှာ စစ်တိုင်းတွေအောက်မှာ ကျရောက်နေတဲ့လုပ်ငန်းတွေ၊ နောက်ပြီးတော့ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းပြီးတော့ ဖော်ရမယ့်လုပ်ငန်းတွေမှာကျတော့ နည်းနည်းလေးတော့ နှောင့်နှေးတာတော့ ရှိတာပေါ့။ ဘာကြောင့်လဲဆိုတော့ အစိုးရသစ်ဆိုတော့ အောက်ခြေပြည်နယ်အစိုးရတွေကို ထပ်ဆင့်ညွှန်ကြားရမယ့်ကိစ္စတချို့ကလည်းပဲ ကျန်နေသေးတာ ရှိတာပေါ့ဗျာ။ ဒါကြောင့် အစိုးရက ဗဟိုအဆင့်မှာတော့ ပြုပြင်ပြောင်းလဲမှုနဲ့ တိုးတက်မှုတွေ တော်တော်လေးကို ရှေ့ရောက်ပေမယ့် ပြည်နယ်အဆင့်တွေမှာတော့ တော်တော်လေး မရောက်သေးတဲ့ သဘောရှိတာပေါ့။ ဒါကြောင့် ကျနော်တို့က စိတ်ရှည်ရှည်နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ အပစ်အခတ်ရပ်စဲရေးကိုလည်း ထိန်းသိမ်း၊ ငြိမ်းချမ်းရေလုပ်ငန်းစဉ်ကိုလည်း ရှေ့တိုးနိုင်အောင် ၀ိုင်းဝန်းစဉ်းစားကြတဲ့ အစည်းအဝေးပွဲပါပဲခင်ဗျ။”

အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ ဒေသ မြန်မာပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်။ လက်မှတ်ထိုးတဲ့နေရာတွေက တိုက်ပွဲတွေရပ်နေတယ်၊အမြင်အရ။ ဒီတော့ တိုက်ပွဲဖြစ်နေတဲ့ တပ်မတော်နဲ့ အဖွဲ့တွေအနေနဲ့ တိုက်ပွဲရပ်သွားအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ။ ဘာတွေ သတိပြုကြဖို့လိုမလဲ။

“ကျနော်တို့မြင်တာကတော့ ဒီ process ထဲကို ၀င်စေချင်တာပေါ့ဗျာ။ တပ်မတော်ကတော့ ၂၀၁၅ အောက်တိုဘာ ၁၅ မှာ လက်မှတ်ထိုးလိုက်တဲ့ အန်စီအေမှာ တပ်မတော်ကတော့ ပင်တိုင်လက်မှတ်ထိုးတဲ့ ခေါင်းဆောင်တွေက အခုချိန်ထိ တပ်မတော်မှာ ဆက်လက်ရှိနေတယ်။ အဲဒီတုန်းက ဦးသိန်းစိန်အစိုးရနဲ့ သူ့လွှတ်တော်ကတော့ လောလောဆယ်ဆယ်တော့ အစိုးရဟောင်းဖြစ်သွားတာပေါ့။ အစိုးရအသစ်ကလည်း အစိုးရဟောင်းရဲ့ အမွေကို ဆက်ခံတဲ့အနေနဲ့ အဲဒီလုပ်ငန်းတွေကို ဆက်လုပ်နေတာတော့ရှိပါတယ်။ သို့သော် လူပြောင်းသွားတာပေါ့ဗျာ။ အစိုးရနဲ့လွှတ်တော် လူပြောင်းသော်လည်းပဲ တပ်မတော်ကတော့ အန်စီအေထိုးကတည်းက တပ်မတော်ဟာ အခုအချိန်မှာလည်း ဒီတပ်မတော်ပါပဲ။ ဒါကြောင့် အန်စီအေ ကတိက၀တ်တွေကို စောင့်ထိန်းဖို့ဆိုတဲ့နေရာမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက အင်မတန်အရေးကြီးပါတယ်။ နောက်ပြီးတော့ ကျနော်တို့ အီးအေအို (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) ၈ ဖွဲ့ရဲ့ အခန်းကဏ္ဍကလည်းပဲ စောင့်ထိန်းဖို့က  အရေးကြီးပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ပါတနာ ၂ ရပ်အကြားမှာ ကျနော်တို့ ညှိနှိုင်းပြီးတော့ ဒါကို အားလုံးပါဝင်လာပြီးတော့ ကတိက၀တ်အောက်မှာပေါ့ဗျာ၊ ကတိက၀တ်ကို ပါဝင်ပြီးတော့ ၀ိုင်းဝန်းစောင့်ထိန်းခြင်းအားဖြင့် ကျနော်တို့ binding force ရတာပေါ့ဗျာ။ စည်းနှောင်မှုအားကို ရရှိစေချင်တာပေါ့။ အန်စီအေမှာပဲ စည်းနှောင်မှုက ရလာတာကိုး ဒါကြောင့် အဲဒါကိုပဲ အကြံပေးလို့ရတာပေါ့။”

ကိုးကန့်တပ်၊ ရခိုင်တပ်၊ တအာင်းတပ်တွေနဲ့ အစိုးရဘက်က ကိုယ်စားလှယ် ဦးသိန်းဇော်ဆိုလား သွားတွေ့မယ်ဆိုတာကြားရတယ်။ ညှိနှိုင်းလို့ အဆင်ပြေသွားရင် မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေငြိမ်သွားမယ့်သဘောရှိတယ်။ ဘယ်လိုမြင်ပါသလဲ။

“ကျနော်တို့မြင်တာကတော့ အစိုးရသစ်ကတော့ ဘာဖြစ်ဖြစ် သူ့မူဝါဒကတော့ ဘယ်သူမှ မကျန်ရေးတော့ ပြင်နေတာတွေ့တယ်။ ဒီ ၂၁ ရာစုပင်လုံမှာ ညီလာခံမှာ Process ထဲမှာ ပါလာအောင် ကြိုးစားနေတာတွေ့ရတယ်။ ဒါပေမယ့်ပါလာပုံပါလာနည်းပေါ့ ပါလာတဲ့ အဆင့်အတန်းပေါ့ Status ကိုတော့ ဒီအဖွဲ့အစည်းတွေကိုယ်တိုင်ကပဲ မိမိရဲ့ဆန္ဒအလျောက် ရွေးချယ်ရမှာဖြစ်တာပေါ့။ ဘယ်လိုပုံစံနဲ့ ပါလာမလဲဆိုတဲ့ဟာပေါ့။ အဲဒီနေရာမှာတော့ သူတို့ ညှိနှိုင်းမှုတွေတော့ ရှိမှာပေါ့ဗျာ။ ဒါကြောင့် လွန်ခဲ့တဲ့လတွေမှာလည်း ညှိနှိုင်းမှုတွေရှိတယ်။ လူကြီးပိုင်းထိပ်သီးညှိနှိုင်းမှုရှိသလိုပဲ အလယ်အလတ် ညှိနှိုင်းမှုတွေရှိတယ်။ ဒီနေ့ဆိုရင် မွန်းလွဲပိုင်း ၃ နာရီလောက်မှာ အစိုးရဘက်က ညှိနှိုင်းရေးတဖွဲ့ရောက်လာတယ် ချင်းမိုင်ကို။ အဲဒီအဖွဲ့က ၅ နာရီမှာ ဒီမှာရှိနေတဲ့ လက်မှတ်ထိုးဖို့ အဆင်သင့်မရှိသေးတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးကြမယ်၊ အမေးအဖြေတွေ၊ ယုံကြည်မှုတွေ၊ များများတွေ့လေ ယုံကြည်မှု များများတည်ဆောက်နိုင်လေကိုးဗျ၊ ခပ်စိပ်စိပ်လေး ပြည်တွင်းမှာတွေ့လိုက်၊ ပြည်ပမှာတွေ့လိုက် တွေ့နေတာတွေကိုတော့ ကျနော်တို့က ထောက်ခံအားပေးပါတယ်။ အဲဒီကနေပြီးတော့ ယုံကြည်မှုအပေါ်မှာ ရရှိမယ့် သဘောထားတွေက ငြိမ်းချမ်းရေးဖြစ်စဉ်ကို များစွာအထောက်အကူပြုလိမ့်မယ်။ အဲသလိုဖြစ်ရင်တော့ ခုနပြောသလို တိုက်ပွဲတွေကလည်း လျော့ကျသွားနိုင်တယ်လို့ ကျနော် သုံးသပ်တာပေါ့။”

၂၁ ရာစုပင်လုံညီလာခံကျင်းပချိန်က နောက်တလကျော်လောက်ပဲ ကျန်တော့တယ်။ မကြာခင် မိုင်ဂျာယန်မှာ အစည်းအဝေးလည်းတက်ကြရမယ်။ အခုချိန်မှာ ညီလာခံအတွက် အားတွေရှိသလား၊ ဘယ်လောက်မျှော်လင့်ချက်ရှိလဲ။ ပြင်ဆင်ရမယ့်ဟာတွေထဲက ဘာတွေဖြစ်စေချင်လဲ။

“ကျနော်မိုင်ဂျာယန်မသွားဘူးဗျ။ ၂ လလောက်ကတည်းက မိုင်ဂျာယန် အသံထွက်ကတည်းက ကျနော် ဒီတပတ်တော့ မသွားဖြစ်ဘူးလို့ ခံယူတယ်။ ကျန်းမာရေးကြောင့်လည်း ပါတယ်ပေါ့ဗျာ။ နောက် အသက်အရွယ်ကြောင့်လည်းပါတယ်။ အဲဒါကြောင့် ဒီတခေါက်တော့ ကျနော်သွားဖြစ်မယ်မထင်ဘူး။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ကတော့ အဖွဲ့တိုင်းလိုလို တက်ကြမှာပါ။ ကျနော့်အဖွဲ့ဥက္ကဋ္ဌကတော့ ပါသွားမှာပေါ့။ မိုင်ဂျာယန်ကနေပြီးတော့ အကောင်းဆုံးရလဒ်တွေထွက်အောင် ၀ိုင်းကြိုးစားဖို့ ကျနော်တို့က ပြင်ဆင်ကြပါတယ်။ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးဆိုတဲ့ ဒီဦးတည်ချက်တွေအပေါ်မှာ ရလဒ်ကောင်းတွေထွက်ဖို့ပေါ့ မိုင်ဂျာယန်ကနေ။ ၂၁ ရာစုပင်လုံကျတော့ ကျနော်တို့အနေနဲ့ကတော့ ကြိုးစားပြီးတော့ အချိန်မီအပါအ၀င် ထမ်းဆောင်နိုင်အောင်တော့ ကြိုးစားရမှာပဲ။ ဘာကြောင့်လဲဆိုတော့ ဒီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတာ ကျနော်တို့လက်မှတ်ထိုးခဲ့တဲ့ အန်စီအေရဲ့ ပြဋ္ဌာန်းချက်တရပ်သာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လမ်းပြမြေပုံအဆင့် ၄ မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပရန်ဆိုတာ စာချုပ်ထဲမှာ ပြဋ္ဌာန်းထားတော့ ဒီညီလာခံကျင်းပရေးဟာ ကျနော်တို့ စာချုပ်အကောင်အထည်ဖော်ရေးနဲ့ တထပ်တည်းဖြစ်နေပါတယ်။ ကျနော်တို့ စာချုပ်အပေါ်မှာထားတဲ့ ကတိက၀တ်အတိုင်း ကျနော်တို့က ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ကတော့ စာချုပ်ကို ထိန်းသိမ်းစောင့်ရှောက်လိုက်နာစောင့်ရှောက်ဖို့ တာဝန်ရှိတဲ့အလျောက် ၂၁ ရာစုပင်လုံ၊ လက်ရှိအစိုးရသစ်ရဲ့ ဦးဆောင်မှုပေါ့ဗျာ ဒီမှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ တင်ပြချင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013