DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာသံရုံးမှ အလုပ်သမားအရာရှိ ပြန်ခေါ်ရန် တောင်းဆို
DVB
·
July 21, 2016
ထိုင်း-မြန်မာသံရုံးမှ အလုပ်သမားအရာရှိ ပြန်ခေါ်ရန် တောင်းဆို
1 / 2
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲကို အပြည့်အ၀ကူညီမှု မပေးနိုင်တဲ့ အလုပ်သမားသံအရာရှိတွေကို ပြန်ခေါ်ဖို့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

အလုပ်သမားတွေက အကူအညီတောင်းတဲ့အခါမှာ အလုပ်သမားသံအရာရှိတွေဟာ မကူညီတဲ့အပြင် ဖိနှိပ်ခြိမ်းခြောက်တာ၊ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုတာတွေရှိနေတဲ့အတွက် အဆိုပါ အလုပ်သမားအရာရှိတွေကို ပြန်ခေါ်ပြီး လူမှုဝန်ထမ်းစိတ်ဓာတ်အပြည့်ရှိတဲ့ အရပ်သား ဘက်ကလာတဲ့ ၀န်ထမ်းတွေ ပို့ပေးဖို့ တောင်းဆိုတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်သောင်းက ဒီဗွီဘီကို ခုလိုပြောပါတယ်။

“၇ လပိုင်း ၄ ရက်နေ့က စက်ရုံမှာ  မနက် ၅ နာရီကနေ မွန်းလွဲ ၂ နာရီလုပ်ရပြီး လစာ တနေ့ ၂၀၀ ပဲ ရတဲ့ အလုပ်သမားကိစ္စ သွားတိုင်တော့ ဒီကိစ္စဟာ ထိုင်းအလုပ်သမားဝန်ကြီးဌာနကို သွားတင်ပြမယ်ဆိုရင် နှစ်နိုင်ငံအစိုးရ မျက်နှာပျက်စရာဖြစ်မှာပေါ့လို့ ပြန်ပြောတယ်။ လွန်ခဲ့တဲ့ ၃ ရက်ကလည်း အမ်အိုယူနဲ့လာတဲ့ အလုပ်သမား ကိစ္စအကူအညီတောင်းတာ အဆင်မပြေခဲ့ဘူး၊ သူတို့ကနေပြီးတော့ ဥပဒေဆိုတဲ့စကားတွေ၊ မင်းဘယ်သွား ညာသွား ရုန့်ရင်းကြမ်းတမ်းစွာ ဖိနှိပ်ပြီးတော့ အမျိုးမျိုးဟိန်းဟောက်ပြီးတော့ အကူအညီတောင်းရကောင်းလားဆိုပြီးတော့ ၀တ္တရားနှောင့်ယှက်မှုနဲ့ ဖမ်းချုပ်လို့ရတယ်လို့ လည်းပြောတယ်။ ဒီလို အလုပ်သမားအရေးစိတ်မ၀င်စားဘဲ အေဂျင်စီပွဲစားတွေနဲ့ပဲ အလုပ်လုပ်နေတဲ့ သံအရာရှိတွေကို ပြန်ခေါ်စေချင်ပါတယ်။ ဒီကိုလွှတ်မယ့် အလုပ်သမား သံအရာရှိတွေဟာ လူမှုဝန်ထမ်းစိတ်အပြည့်ရှိတဲ့ အရပ်သားဘက်ကလာတဲ့ ၀န်ထမ်းတွေ ဖြစ်စေချင်ပါတယ်။ စစ်ဘက်ကလာတဲ့ ၀န်ထမ်းတွေနဲ့ ပြောရဆိုရ တော်တော် ခက်ပါတယ်၊ ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓာတ်တွေနဲ့ တော်တော်ကို လုပ်ရကိုင်ရခက်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို ရောက်လာစဉ် အလုပ်သမားအဖွဲ့အစည်း ၁၃ ဖွဲ့အပါအ၀င် သံရုံးအရာရှိတွေနဲ့ တွေ့ဆုံကာ ကိုယ့်နိုင်ငံသားတွေကို ကူညီဖို့ မှာကြားခဲ့ပေမယ့် သံရုံးက အဲဒီစကားကို ဖီလာဆန့်ကျင်ခဲ့ကြောင်း၊ ဒီလိုအလုပ်သမား သံအရာရှိတွေအနေနဲ့ သန်းချီရှိတဲ့ အလုပ်သမားအရေးကိစ္စကို ဘယ်လိုနည်းနဲ့မှဖြေရှင်းလို့ရမှာ မဟုတ်တဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးဆီကိုပါ တိုင်ကြားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ဥက္ကဋ္ဌ ဦးခိုင်ကလည်း   အလုပ်သမားသံအရာရှိတွေ ဘယ်သူလာလာ ထူးခြားမှုမရှိကြောင်း၊ သူတို့အလုပ်သမား အခက်အခဲတွေ သွားတင်ပြထားပေမယ့် ဖြေရှင်းပေးနိုင်တဲ့ ရာခိုင်နှုန်းနည်းပါးကြောင်း၊ အဓိက  လူပြောင်းဖို့ထက် မူပြောင်းဖို့က ပိုအရေးကြီးတယ်လို့ ပြောပါတယ်။

“၂၀၁၂ နောက်ပိုင်းကနေ သံအရာရှိတွေ ပို့ထားတာ၊ အခုဆို လေးဆက်မြောက် ဖြစ်သွားပြီ။ ဆက်ဆံရေးကသိပ်မပြေလည်ဘူး၊ သူတို့ကိုယ်တိုင်ကလည်း အခက်အခဲရှိနေတယ်။ ထိုင်းနိုင်ငံမှာ အလုပ်သမားက ၃ သန်းကျော်တောင်ရှိတာ၊ အရာရှိက ၂ ယောက်ပဲရှိတယ်။ ပြီးတော့ သူတို့က ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေကို မကျွမ်းကျင်ဘူး၊ ဒေသမကျွမ်းကျင်ဘူး၊ ရုံးမှာထားထားတဲ့ ထိုင်းဘာသာပြန်တွေကလည်း အမ်အိုယူနဲ့တင် ပတ်ချာလည်နေတာ၊ မနိုင်ဘူး။ အလုပ်သမားတွေ အုံလိုက်ကျင်းလိုက် ဒုက္ခရောက်လာရင် သွားကူဖို့ ကားလည်း အဆင်သင့်မဖြစ်ဘူး၊ အလုပ်သမားပြဿနာ တိုင်တာများလာရင် မနိုင်ရင် ဖုန်းမကိုင်တော့ဘူး၊ ကျနော့်အမြင်က အခုလိုဖြစ်နေတာတွေဟာ လူကြောင့်မဟုတ်ဘူး၊ မူဝါဒကြောင့်ပဲထင်တယ်၊ မူဝါဒပြောင်းသင့်တယ်။”

အလုပ်သမားပြဿနာဖြေရှင်းဖို့ ထိုင်းအလုပ်ရှင်၊ အာဏာပိုင်တွေနဲ့ သွားရောက်ပြောဆိုတဲ့အခါ သူတို့အလုပ်သမားကူညီရေးအဖွဲ့တွေထက် ထိုင်း-မြန်မာသံရုံး အနေနဲ့ ဆက်ဆံပြောဆိုတာက ပိုပြီးလေးနက်အောင်မြင်တဲ့အတွက် သူတို့ကလည်း အလုပ်သမား သံအရာရှိတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ သံရုံးဘက်က ကမ်းလှမ်းလာမှာ ကိုပဲ စောင့်နေကြောင်း ဦးခိုင်က ပြောသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာသံရုံး အလုပ်သမားအရာရှိတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားပေါင်း ၃ သန်းကျော်ရှိတယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013