DVB Logo
Home
မြန်မာသတင်း
မူဘောင်ပြင်ဆင်ရေး လက်မှတ်မထိုးသေးသည့်အဖွဲ့များအတွက် ဂုဏ်သိက္ခာဖြစ်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာပြော
DVB
·
July 20, 2016
မူဘောင်ပြင်ဆင်ရေး လက်မှတ်မထိုးသေးသည့်အဖွဲ့များအတွက် ဂုဏ်သိက္ခာဖြစ်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာပြော
Donate to DVB

အစိုးရသစ်လက်ထက် ပထမဆုံး ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံ မတိုင်ခင်မှာ နိုင်ငံရေးမူဘောင် ပြင်ဆင်ရေးဆွဲတဲ့ကိစ္စဟာ အန်စီအေ စာချုပ်လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေအတွက် ဂုဏ်သိက္ခာကိစ္စ ဖြစ်တယ်လို့ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

မူဘောင် ပြင်ဆင်ရေးဆွဲတဲ့ကိစ္စမှာ ဘယ်လို အခက်အခဲတွေ ရှိလာနိုင်မလဲဆိုတာ ကြိုတင်ခန့်မှန်းလို့ မရသေးဘူးလို့ ပြောပါတယ်။

“သူတို့အဖွဲ့တွေ ဘာပြင်ချင်လဲတော့မသိဘူး။ ဒါပေမယ့် သူတို့ပါမှတော့ မပြင်ဘဲနဲ့ ပါလို့ကတော့ သူက နည်းနည်းဟိုဟာဖြစ်တာပေါ့ဗျာ။ တန်ဖိုးအရ၊ ဂုဏ်သိက္ခာအရ ပြင်လိုက်ပြီး တော့မှ ဒါလေးပြင်လိုက်တော့ ကိုယ်လည်း အစုရှယ်ရာထဲမှာပါတယ်ဆိုတဲ့ ownership လေး ရအောင်ပေါ့။ ဒါကတော့ သဘာဝ ကျပါတယ်။ အစိုးရကလည်း ဒါကိုသိတော့ framworkကို လာပြင်ပါ။ ၀င်လာပါ။ framwork ကို သဘောတူမှ အန်စီအေထိုးပါ။ မတူဘူးဆိုရင်လည်း မထိုးနဲ့။ ဒါပေမယ့် ၂၁ ရာစုပင်လုံကတော့ တံခါးဖွင့်ထားတယ်။ ဖွင့်ထားတာက ဧည့်သည်အနေနဲ့ ဒါမှမဟုတ် လေ့လာသူအနေနဲ့ သို့မဟုတ် တခုခုပေါ့ဗျာ။ ပိတ်တော့ မပိတ်ထားဘူး။ ”

အစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ကို သြဂုတ်လကုန်ပိုင်းမှာ ကျင်းပဖို့ ရည်မှန်းထားပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (အန်စီအေ) စာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေဘက်က ညီလာခံမတိုင်ခင် မူဘောင်ကို ပြင်ဆင်ရေးဆွဲဖို့ တောင်းဆိုနေပါတယ်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ အစိုးရသစ်လက်ထက် ပထမဆုံး ကျင်းပမယ့် ညီလာခံကနေ အများကြီး မျှော်လင့်ထားလို့ မဖြစ်နိုင်သေးကြောင်း ပြောပါတယ်။

ညီလာခံမှာ အားလုံးပါဝင်ဖို့ အစိုးရက ဖိတ်ကြားထားပေမယ့် အန်စီအေ စာချုပ်ကို လက်မှတ်မထိုးတဲ့ အဖွဲ့တွေအနေနဲ့ အကန့်အသတ်တချို့တော့ ရှိနေနိုင်ပါတယ်။ ဒါကြောင့် အစိုးရနဲ့ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့တို့ ညီလာခံ မတိုင်ခင်မှာ ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက မူဘောင်ပြင်ဆင်ရေးဆွဲရေးမှာ ပြဿနာကြီးကြီးမားမား မရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။

“ကျနော်တို့က မူဘောင်ရေးဆွဲတဲ့အခါမှာလည်း အန်စီအေကို အခြေခံပြီးတော့ ရေးဆွဲသွားမှာ ဖြစ်တဲ့အတွက်ကြောင့် အခက်အခဲတော့မရှိဘူး။ နည်းနည်းပြောရဆိုရမှာက composition (ပေါင်းစပ်ဖွဲ့စည်းမှု)  ကိစ္စပဲ။ အခုထက်ထိ မပြင်ရသေးတဲ့ composition (ပေါင်းစပ်ဖွဲ့စည်းမှု) ကိစ္စကတော့ တချို့ကတော့ အမြင်မတူဘူးပေါ့နော်။ လွန်ခဲ့တဲ့အစိုးရ လက်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်က ၇၅ ဦး၊ အစိုးရကိုယ်စားလှယ်က ၇၅ ဦး၊ တပ်မတော်က ၁၅၀၊ နိုင်ငံရေးပါတီ ၁၅၀၊ တိုင်းသားလက်နက်ကိုင် ၁၅၀၊ နောက် ပါဝင်သင့်ပါဝင်ထိုက်သူက ၅၀၊ နောက်ပြီးတော့ တိုင်းရင်းသားကိုယ်စားလှယ်။ ဒီအပေါ်မှာကကျတော့ အမြင်အမျိုးမျိုးရှိနေတာပေါ့။ ဒါပေမယ့် အဲဒီ system က ကျနော်တို့ framwork ကို ပြန်ဆွဲတဲ့နေရာမှာ ဘယ်လိုအစုအဖွဲ့က ဆွေးနွေးပွဲမှာ ပါဝင်ပြီး ဘယ်လိုအစုအဖွဲ့က ဆုံးဖြတ်ချက်မှာ ဆုံးဖြတ်နိုင်တဲ့အခွင့်အရေးရှိတယ်ဆိုတာ ကွာဟမှု တော့ရှိမှာပေါ့နော်။ ကျနော့်အနေနဲ့ကတော့ အခက်အခဲမရှိပါဘူး။ အများက လက်ခံနိုင်တယ်ဆိုရင်တော့ ဒါကလည်း အန်စီအေအပေါ် အခြေခံပြီး လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။”

မူဘောင်ရေးဆွဲရေး လုပ်ငန်းစဉ်မှာ အဆင်မပြေရင် ငြိမ်းချမ်းရေးညီလာခံဟာလည်း အားလုံးပါဝင်နိုင်မယ့် အခြေအနေမျိုး မဖြစ်နိုင်ဘူးလို့ ယူအန်အက်ဖ်စီဘက်က ပြောထားပါတယ်။

ယူအန်အက်ဖ်စီအဖွဲ့ဝင်တွေအနေနဲ့ အရင်အစိုးရလက်ထက်က ငြိမ်းချမ်းရေး ညီလာခံမှာ မပါဝင်ခဲ့သလို၊ အစိုးရသစ်လက်ထက်မှာ ပထမဆုံး ကျင်းးပမယ့် ညီလာခံကိုလည်း တက်ရောက်ဖို့ မသေချာသေးပါဘူး.

ဒီမတိုင်ခင်မှာ အန်စီအေ လက်မှတ်ထိုးတဲ့ အဖွဲ့တွေနဲ့ မထိုးထားတဲ့ အဖွဲ့တွေ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ မျက်နှာစုံညီ အစည်းအဝေးတရပ်ကို ကျင်းပဖို့ ရှိပါတယ်။

မိုင်ဂျာယန် ညီလာခံမတိုင်ခင်မှာ အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရော၊ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေရော ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သီးခြားစီ ဆွေးနွေးနေကြသလို၊ ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့လည်း ယူအန်အက်ဖ်စီ အဖွဲ့နဲ့ ချင်းမိုင်မြို့မှာ ဒီနေ့ တွေ့ဆုံ ဆွေးနွေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013