DVB Logo
Home
မြန်မာသတင်း
ကံကုန်း အက်စစ်စက်ရုံ ကျန်းမာရေးအန္တရာယ်ရှိသဖြင့် ရွှေ့ပြောင်းပေးရန် တောင်းဆို
DVB
·
July 20, 2016
ကံကုန်း အက်စစ်စက်ရုံ ကျန်းမာရေးအန္တရာယ်ရှိသဖြင့် ရွှေ့ပြောင်းပေးရန် တောင်းဆို
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင်  ကံကုန်းကျေး၇ွာအနီးမှာရှိတဲ့ မိုးကြိုး ဆာလဖျူရစ်အက်စစ်စက်ရုံဟာ ဒေသခံရွာသားတွေအတွက် အရေးကြီးတဲ့ ကျန်းမာရေး အန္တရာယ်ရှိတဲ့အတွက် နေရာရွှေ့ပြောင်းပေးဖို့  ယူကေအခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်) က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

အဆိုပါစက်ရုံဟာ တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဆာလဖျူရစ် အက်ဆစ်တွေ ပံ့ပိုးပေးနေတဲ့ စက်ရုံဖြစ်ပါတယ်။

မကြာသေးခင်က လက်ပံတောင်းဒေသကို သွားရောက် ကွင်းဆင်း သုတေသနတွေ့ရှိချက်အရ  စက်ရုံက ထွက်လာတဲ့ အနံ့အလွန်ပြင်းတဲ့ အငွေ့တွေကြောင့်  ရွာသူရွာသားတွေဟာ အသက်ရှူလမ်းကြောင်း၊ အရေပြားနဲ့ မျက်လုံးရောဂါတွေ ခံစားနေရတယ်လို့  အေအိုင်အဖွဲ့က ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါ့အပြင် ဓာတ်ငွေ့တွေကြောင့် ဒေသတွင်း စိုက်ပျိုးသီးနှံတွေလည်း ထိခိုက်ပျက်စီးရပြီး အစိုးရမဟုတ်တဲ့ သဘာဝပတ်ဝန်ကျင်အဖွဲ့တဖွဲ့ရဲ့ မြေနမူနာ စစ်ဆေးချက်အရ မြေကြီးထဲမှာ ဆာလဖိတ်ဓာတ်တွေ မြင့်မားစွာပါဝင်နေတာကို တွေ့ရှိခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အေအိုင်အဖွဲ့ရဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးသုတေသန ပညာရှင် မတ်ခ်ဒွမ်းမက်က  မြန်မာအစိုးရအနေနဲ့ ချက်ချင်းဝင်ရောက်ဖြေရှင်းပြီး ဆာလဖျူရစ်အက်ဆစ် စက်ရုံရဲ့ လုပ်ငန်းလည်ပတ်မှုကို ရပ်တန့်ဖို့လိုတဲ့ အကြောင်းနဲ့ ဒီစက်ရုံကို လူတဦးတယောက်ရဲ့ ကျန်းမာရေးမထိခိုက်မယ့် နေရာကို ပြန်လည်ရွှေ့ပြောင်းရမယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

မိုးကြိုးဆာလဖျူရစ် အက်ဆစ်စက်ရုံကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်က ၂၀၁၃ ဇူလိုင်မှာ  ပါမစ်ရယူ စက်ရုံလည်ပတ်လုပ်ကိုင်နေတာပါ။

အေအိုင်အဖွဲ့ကတော့ ရွာနဲ့ အလွန်နီးကပ် အန္တရာယ်ရှိစွာ တည်ဆောက်ထားတဲ့ အက်ဆစ်စက်ရုံကို နေရာ ပြန်လည်ရွှေ့ပြောင်းချထားရန် အစိုးရက အမိန့်ချက်ချင်း ထုတ်ပြန်ပေးဖို့၊ စက်ရုံ မရွှေ့ပြောင်းခင်၊ ရွှေ့ပြောင်းစဉ်နဲ့ ရွှေ့ပြောင်းပြီးချိန်နောက်ပိုင်း လုပ်ဆောင်ရမယ့် အန္တရယ်ကင်းရှင်းရေး နည်းလမ်းတွေကို အများပြည်သူကို ချပြလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

အစိုးရသစ်အနေနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ဆက်နွှယ်တဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ချက်တွေကို ထိခိုက်နစ်နာတဲ့ ပြည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖြေရှင်းပြီးတဲ့ အချိန်ထိ စီမံကိန်းလုပ်ငန်းလည်ပတ်မှုတွေကို ခေတ္တရပ်နားထားဖို့ လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013