DVB Logo
Home
မြန်မာသတင်း
မိုင်းယော်တွင် ရွာသား ၇ ဦး အသတ်ခံရမှု သက်ဆိုင်ရာမှ အလောင်းဖော်စစ်ဆေးမည်
DVB
·
July 19, 2016
မိုင်းယော်တွင် ရွာသား ၇ ဦး အသတ်ခံရမှု သက်ဆိုင်ရာမှ အလောင်းဖော်စစ်ဆေးမည်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာ ပြီးခဲ့တဲ့ လကုန်ပိုင်းက ရွာသား ၇ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့၊ တရားရေးဌာနနဲ့ ဆရာဝန်တွေ ပါဝင်တဲ့အဖွဲ့က အလောင်းပြန်ဖော်ပြီး စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၉ ရက်နေ့က ပြောင်းဖူးခြံထဲမှာ မြှုပ်နှံထားခြင်းခံရတဲ့ အလောင်း ၅ လောင်းကို လူသတ်မှု၊ ဇွန်လ၂၅ ရက်နေ့က လမ်းဘေးမှာ ပစ်ထားခဲ့တဲ့ အလောင်း ၂ လောင်းကို သေမှုသေခင်း အဖြစ်အမှုဖွင့်ထားပြီး လုံခြုံရေးကောင်းတဲ့အခါ အလောင်းကို ပြန်စစ်ဆေးမယ်လို့ ရှမ်းပြည်နယ် ဒုရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးက ဒီဗွီဘီကို ပြောပါတယ်။

“မြေမြှုပ်ခံရတဲ့ ၅ ယောက် လူသတ်မှုကို ကျနော်တို့က ၃၀၂ ဖွင့်ထားပါတယ်။ ရဲလုပ်ငန်းစဉ် လုပ်နေပါတယ်ခင်ဗျ။ ရဲလုပ်ငန်းစဉ်မှာတော့ အလောင်းဖော်ရာမှာ တရားသူကြီးတို့၊ ဆရာဝန်တို့၊ အတူတူသွားပြီး အလောင်းဖော်ဖို့ရှိတယ်။ အဲဒါကတော့ လုံခြုံရေးပေါ်မူတည်ပြီး ဆက်လက် ဆောင်ရွက်ပါမယ်။ လမ်းပေါ်က အီနိုင်းရွာသား ၂ ယောက်ကတော့ သေမှုသေခင်းပေါ့။ ပထမက တော့ လူပျောက်နဲ့ ဖွင့်ထားတယ်။ လူပျောက်ကနေပြီးတော့မှ သူ့အိမ်က သွားကြည့်တော့ သူတို့ သားရဲ့အ၀တ်အစားတွေ မှန်တယ်လို့ပြောလို့ ကျနော်တို့ သေမှုသေခင်းဖွင့်ထားပါတယ်။ အဲဒါ လည်း ခုနက လုပ်ငန်းစဉ်အတိုင်းဘဲ ဆောင်ရွက်မယ်။”

အလောင်းတွေ အားလုံးတွေ့ပြီးရင်  အမှု ပြောင်းသင့်ရင်ပြောင်းရမှာဖြစ်ပြီး လိုအပ်ရင်အထူး အမှုစစ် အဖွဲ့ပုံစံမျိုးဖွဲ့ရမယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။

အခုလိုရဲဘက်က ဆောင်ရွက်နေတဲ့အပေါ် ရွာသားတွေဘက်ကနေလိုက်လံကူညီပေးနေတဲ့ ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်း ကလည်း အမှုမှန်ကိုဖော်ထုတ်ပြီး တရားမျှတစွာဆောင်ရွက်ပေးစေ လိုကြောင်း ပြောပါတယ်။

“ရဲကအမှုကို လက်ခံဆောင်ရွက်ပေးမယ်ဆိုတာ သိရတော့ ကောင်းပါတယ်။ ဒီကိစ္စကို နိုင်ငံ အဝှမ်း စောင့်ကြည့်နားစွင့်နေတယ်လေ။ အမှုမှန်ကို ဖော်ထုတ်စစ်ဆေးဖို့လိုအပ်ပြီး တရားမျှမျှ တတ ဆောင်ရွက်စေချင်တယ်။ ပြစ်မှုကျူးလွန်သူကိုလည်း တရားဥပဒေအရ ထိထိ ရောက်ရောက် အရေးယူပြီး နောက်ထပ် တရားဥပဒေမဲ့ အနိုင်ကျင့်သတ်ဖြတ်မှုတွေ မရှိအောင် အစိုးရအနေနဲ့ ပြည်သူအသက်အိုးအိမ်ကို အပြည့်အဝကာကွယ်ပေးစေချင်ပါတယ်။”

မိုင်းယော်ရွာသားတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က မြို့အ၀င် ယာခင်းမှာ ပြောင်းပင်တွေ ပေါင်းသင်နေစဉ် အစိုးရစစ်ကြောင်းတကြောင်းရောက်ရှိလာပြီး ရွာသားတွေကို လက်နက်ကိုင်  တပ်ဖွဲ့အကြောင်း မေးမြန်းသလို လမ်းမပေါ်ဖြတ်သန်းသွားလာနေတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို လည်း တားဆီးစစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် အီနိုင်းရွာသား  ၂ ဦးက ဆိုင်ကယ်ရပ်မပေးတဲ့ အတွက် အပစ်ခံရပြီး သေဆုံးသွားပါတယ်။ ယာခင်းထဲက ခေါ်ယူစစ်ဆေးခံရတဲ့ ရွာသားတွေ အနက် ၅ ဦးကို စစ်တပ်က ဖမ်းခေါ်သွားပြီး ၄ ရက်ခန့်အကြာ ပြောင်းဖူးခင်းထဲ မြှုပ်နှံထားတဲ့ အလောင်းတွေအဖြစ် ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013