DVB Logo
Home
Lead Story
အမုန်းစကားပြောဆိုမှု တားဆီးရေးဥပဒေက လပိုင်းအတွင်း ထွက်နိုင်မယ် - ရှေ့နေ ဦးကိုနီ
DVB
·
July 19, 2016
အမုန်းစကားပြောဆိုမှု တားဆီးရေးဥပဒေက လပိုင်းအတွင်း ထွက်နိုင်မယ် - ရှေ့နေ ဦးကိုနီ
Donate to DVB

ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံကို အကာအကွယ်ပေးနိုင်မယ့် အမုန်းစကားဖြန့်ဝေမှုတွေ တားဆီးရေး ဥပဒေ မူကြမ်းတခုကို ရေးဆွဲဖို့ဆုံးဖြတ်ထားကြောင်း သာသနာရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ ဥပဒေ မထွက်ပေါ်လာသေးခင်မှာတော့ အမုန်းစကားဖြန့်ဝေပြောဆိုသူ မည်သူကိုမဆို တည်ဆဲဥပဒေအရ အရေးယူမယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အမျိုး၊ ဘာသာ၊ သာသနာအဖွဲ့ (မဘသ) ကို သံဃာ့စည်းမျဉ်းနဲ့မညီညွတ်ဘူး၊ နိုင်ငံတော်သံဃာဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးကနေ အသိအမှတ်ပြုတာမရှိဘူးလို့ ထုတ်ပြန်ပြီးကာစ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ၀န်ကြီးက ဖြေဆိုခဲ့တာပါ။

အမုန်းစကား (Hate Speech) ပြောကြားချက်ဟာ ၂၀၁၀ ခုနှစ်မှာ စတင်အုပ်ချုပ်တဲ့ သမ္မတ ဦးသိန်းစိန်သက်တမ်းအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့တာတွေ့ရှိရပြီး ထိရောက်စွာ ကိုင်တွယ်နိုင်ခဲ့ခြင်းမရှိဘဲ အကြမ်းဖက်မှုတွေ ကြုံခဲ့ရပါတယ်။

အစိုးရကတော့ ဒီအကြမ်းဖက်မှုတွေနောက်ကွယ်မှာ၊ အမုန်းစကားတွေ နောက်ကွယ်မှာ ပါဝင်ပတ်သက်သူတွေကို သိထားကြောင်းနဲ့ အရေးယူခံရမှာဖြစ်ကြောင်းသာ ပြောဆိုသတိပေး ခဲ့တာတွေ့ရပြီး ဖော်ထုတ်အရေးယူတာ ကျေနပ်လောက်ဖွယ်မရှိပါဘူး။

အခု ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့တွေ ၀ိုင်းဝန်းရေးဆွဲနေကြတဲ့ အမုန်းစကားဖြန့်ဝေမှုတား ဆီးရေး ဥပဒေကြမ်းဟာ စင်ကာပူနိုင်ငံမှာ ကျင့်သုံးတဲ့ Maintenance of Religious Harmony Act အခြေပြုရေးဆွဲထားပြီး ဒီနှစ်မကုန်ခင် ဥပဒေအသက်ဝင်လိမ့်မယ်လို့ ယူဆကြောင်း ရှေ့နေဦးကိုနီက ဒီဗွီဘီနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက အမုန်းတရားပြောဆိုရေးသားထုတ်လွှင့်မှုကို အရေးယူ ကိုင်တွယ်ဖို့အတွက် ဥပဒေမူကြမ်းတရပ် ရေးဆွဲနေတယ်လို့ ပြောပါတယ်။ အဲဒါမူကြမ်း ပြီးစီးနေတယ်လည်းကြားလို့ အဲဒီထဲမှာ ဘယ်လိုအချက်တွေကို ဦးစားပေး ရေးသားထားလဲ သိချင်လို့။
“ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ မှာ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြပြီးတော့မှ ခွဲခြားဆက်ဆံမှုပြုတာတို့၊ အမုန်းတွေဘာတွေ ဟောတာ ပြောတာတို့ မလုပ်နိုင်အောင်၊ လုပ်လာလို့ရှိရင် လုပ်လာတဲ့လူတွေကို အပြစ်ပေးနိုင်အောင် ဥပဒေပြဌာန်း နိုင်တယ်လို့ ပုဒ်မ ၃၆၄ မှာ ပါတယ်ဗျ။ ဒါက အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ။ ဒီလို သဘောတရားမျိုးပဲ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁ မှာလည်း ပါတယ်။ တာဝန်ရှိသူတွေနဲ့ အစိုးရလွှတ်တော်တို့အနေနဲ့ပေါ့ ဥပဒေတရပ်ပြဌာန်းရမယ်ဆိုတာပါတယ်။ အလားတူ ဒီလိုသဘောတရားပဲ ၁၉၇၄ ဆိုရှယ်လစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပါတယ်။ အဲဒီလိုမျိုးပါပေမယ့်လို့ လက်ရှိတာဝန်ရှိတဲ့လူတွေက အဲဒါကို မလုပ်ခဲ့ကြဘူး။ ကျနော်ဆိုလိုတာက ခေတ်အဆက်ဆက် discrimination (ခွဲခြားမှု) ဘာသာရေး၊ လူမျိုးရေးကိုအကြောင်းပြုပြီး ခွဲခြားတာ၊ နှိမ့်ချတာ၊ Hate (အမုန်းစကား) ပြောတာတွေကို အရေးယူဖို့ အစဉ်အဆက် တာဝန်ရှိပါလျက်နဲ့ ဥပဒေတွေကို မပြဌာန်းခဲ့ကြဘူး။”
“အဲဒီတော့ ဒီဥဒေကို ကျနော် ၂၀၁၃ ခုနှစ်က တင်ခဲ့ဖူးတယ်။ မိတ္ထီလာအရေးအခင်းပြီးတော့ ကျနော် လွှတ်တော်ကို တင်တယ်။ ကျနော်တို့ ရှေ့နေတွေရယ်၊ ပညာရေးဌာနက ဆရာ၊ ဆရာမတွေပါ ပါပြီးတော့ပေါ့ဗျာ လူ ၂၀ လောက် ကျနော်တို့လက်မှတ်ထိုးပြီး တင်ခဲ့ပါသေးတယ် ၂၀၁၃ ထဲမှာ။ ဒါပေမယ့်လို့ ကျနော်တို့က အဲလိုတင်ပေမယ့်လို့လည်း ကျနော်တို့တင်ခဲ့တဲ့ဥပဒေကြမ်းဟာ ဘာမှကို အရာရောက်မလာဘူး၊ နောက်ဆုံး ပျောက်ကိုသွားတယ်။ အခု ဒီဘက်အာဏာအပြောင်းအလဲမှာ ကျနော်ပြန်စုံစမ်းတော့ အဲဒီဥပဒေကြမ်း သူတို့ အထက်လွှတ်တော်မှာရော၊ အောက်လွှတ်တော်မှာရော မရှိဘူးလို့ ကျနော့်ကိုပြောပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ သမိုင်းကြောင်းလေးတခုပါ။”
“အဲဒီတော့ ဒီဘက်မှာ အစိုးရသစ်ဖွဲ့ပြီးတဲ့အခါမှာ အစိုးရအဖွဲ့သစ် သာသနာရေးဝန်ကြီး ဦးအောင်ကိုက ဘာသာပေါင်းစုံက အဖွဲ့တွေနဲ့ ရန်ကုန်မှာတွေ့တယ် မန်းတလေးမှာ တွေ့တယ်။ အဲဒီလိုတွေ့တဲ့အခါမှာ သူက ပြောခဲ့တယ်။ Hate Speech တွေကို ကာကွယ်ဖို့ Discrimination တွေကို ကာကွယ်ဖို့အတွက် ဥပဒေရေးကြပါ၊ လုပ်ကြပါ၊ တင်ပြပါလို့ သူက ဖိတ်ခေါ်ခဲ့တာ ရှိတယ်။ အဲဒီဖိတ်ခေါ်ချက်နဲ့အတူ ကျနော်တို့ ဒီက ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ကလည်း လုပ်နေပါတယ်။ အဲဒီတော့ ကျနော်ကလည်း အရင်ကျနော်လုပ်ထားတဲ့ဟာလေးရှိတယ်။ အဲဒါကို ကျနော်က ပြန်ပြီးမျှပေးပါတယ်။ အခု အဲဒါ တော်တော်များများ စီအက်စ်အိုတွေကြားထဲမှာလည်း လုပ်နေပါတယ်။ အဲဒီ Interfaith (ဘာသာပေါင်းစုံ) အဖွဲ့တွေကြားထဲမှာလည်း အဲဒါတွေကို လုပ်နေပါတယ်။ ကျနော့်ဟာကတော့ ရေးလို့ပြီးတာ ၂၀၁၃ ကတည်းက ပြီးပြီးသားပါဗျာ။ အဲဒါလေးကို ပြန်ပြီးဆွေးနွေးနေတယ်။ အခုလက်ရှိအနေအထားမှာ ဒါ တော်တော်လေးကို လိုအပ်နေတယ်။ ဒီလို Hate တွေပြောတာ၊ Discrimination တွေ လုပ်တာ ရှိနေပေမယ့်လို့လည်း တကယ့်တကယ်ကျတော့ သူ့ကို ထိထိရောက်ရောက် တိတိကျကျ အရေးယူနိုင်ဖို့အတွက် ဥပဒေက မရှိဘူး။ အဲဒီတော့ ကျနော်တို့ က သွယ်ဝိုက်သောနည်းတွေနဲ့ပဲ ကျနော်တို့က အရေးယူနေရတယ်။ ဘာသာ၊ သာသနာကို နာကျည်းအောင်လုပ်တယ်ဆိုတာမျိုး၊ လူမျိုးစုတစုနဲ့တစုအကြား ပြဿနာဖြစ်အောင် လုပ်တယ် ဆိုတဲ့ ပြစ်မှုဆိုင်ရာဥပဒေမှာပါတဲ့ နှီးနွယ်တဲ့ပုဒ်မတွေကို ဆွဲပြီးတော့ သုံးနေရတာပေါ့။ တကယ့်တကယ်တော့ အဲဒါဟာ မထိရောက်ဘူး။ ဒီတော့ ဟုတ်လား Hate ပြောတယ်ဆိုရင် ဒါ ဘာသာတခုကို စော်ကားတာပဲ၊ ဘာသာနှစ်ခုအကြားမှာ အမုန်းပွားအောင်လုပ်တာပဲဆိုပြီးတော့ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား အရေးယူနိုင်တဲ့ ဟာမျိုး၊ ထိထိရောက်ရောက် အပြစ်ပေး နိုင်တဲ့ ဥပဒေမျိုးက လိုအပ်တာအမှန်ပဲ။ အဲဒီတော့ ကျနော်ထင်ပါတယ် မကြာခင်မှာပဲ ပြန်စမယ့် လွှတ်တော်မှာကို တင်နိုင်အောင် ဒီဘက်က အဖွဲ့အစည်းတွေ၊ အထူးသဖြင့်တော့ Interfaith အဖွဲ့အစည်းတွေက လုပ်နေကြတယ်။”

ဦးကိုနီ ၂၀၁၃ ခုနှစ်မှာ လွှတ်တော်တင်ခဲ့တဲ့ ဥပဒေမူကြမ်းက ဘယ်အဖွဲ့အစည်းကိုပေးပြီး ဘယ်လိုပျောက်သွားတယ်ဆိုတာလေးကို ပြောပြပါလား။
“ကျနော်ပေးတာက ပြည်သူ့လွှတ်တော်ကိုပေးလိုက်တာခင်ဗျ။ ပြည်သူ့လွှတ်တော်မှာမေးတော့ ပြည်သူ့လွှတ်တော်မှာမရှိဘူး။ သူတို့က ထင်ကြေးက အမျိုးသားလွှတ်တော်ဘက် ရောက်သွား တယ်နဲ့ တူတယ်လို့ ပြောလို့ ကျနော် အမျိုးသားလွှတ်တော်ဘက်ကို ကျနော့်မိတ်ဆွေတွေကနေ တဆင့်မေးကြည့်တယ်။ ကျနော်တို့ဥပဒေမူကြမ်းလေးတခုတင်ထားတာရှိတယ်ဆိုပြီးတော့၊ အဲဒါ ဘယ်မှာ သွားသတိရလို့မေးတာလည်းဆိုတော့ အခုလောလောဆယ် အထူးကိစ္စရပ်များ ကော်မတီ ဥက္ကဋ္ဌကြီး ဦးရွှေမန်းတို့ ဦးဆောင်တဲ့အဖွဲ့ကနေပြီးတော့ ဥပဒေပေါင်း ၁၄၂ ခုကိုပေါ့ဗျာ သူက ဒါ ပြင်ရမယ့်ဟာတွေ၊ ဖျက်ရမယ့်ဟာတွေ၊ အသစ်ရေးရမယ့်ဟာတွေရယ်ပေါ့ ၁၄၂ ခုကို တင်တော့ အဲဒီမှာ ကျနော်ကြည့်လိုက်တော့ ကျနော့်ဟာကို မတွေ့ရတာဗျ။ မတွေ့တာနဲ့ မေးကြည့်တော့ မတွေတာဆိုတော့ မရှိတာပေါ့ဗျာ။ ဒီထဲလည်း ပါမလာတော့ဘူး။ သူက အရေးတကြီးပြဌာန်းဖို့လိုတဲ့ ဥပဒေ ၈ ခုတောင် ထောက်ခံထားတယ် ဦးရွှေမန်းတို့အဖွဲ့က။ အဲဒီမှာ ကျနော့်ဟာ ပါမလာဘူး။ ကျနော်က အဲဒီမှာ စ သတိပြုမိတာ။ သတိပြုမိတာနဲ့ ဒီဘက်ကလည်း အချိန်ကိုက်ပေါ့ဗျာ ကျနော်တို့က ဒါလေးကိုပြန်ပြီးတော့။ ကျနော်ကလည်း လုပ်ချင်တယ်၊ အာသီသရှိတယ်၊ ဆန္ဒရှိတယ်၊ ဒါ တိုင်းပြည်တည်ငြိမ်ရေးအတွက်။ ဒီဘက်က လည်း သာသနာရေးဝန်ကြီးကလည်း ဒါကို ဖိတ်ခေါ်လိုက်တဲ့အခါကျတော့ နည်းနည်းလေး အချိန်ကိုက်ဖြစ်လာတယ်။ ဘာပဲဖြစ်ဖြစ် ဥပဒေကြမ်းဟာ လွှတ်တော်သွားနိုင်ပြီလို့တော့ ထင်တာပဲ။”

အခု ဇူလိုင်လဆိုတော့ ဒီဥပဒေကြမ်းက ဒီနှစ်ကုန်ပိုင်းလောက်ဆို အပြန်အလှန်ဆွေးနွေး အတည်ပြုပြီးလောက်တဲ့ ဥပဒေချောအဖြစ် ထွက်နိုင်လောက်တဲ့ အချိန်လုံလောက်မလား။
“ဒီနှစ်ကုန်ကို မဟုတ်ဘူး။ ဒီဥပဒေက တော်တော်လေးမြန်မယ်။ ဘာကြောင့်တုန်းဆိုတော့ ဒီဥပဒေက ပါးပါးလေး။ နည်းပညာပိုင်းတွေ ဟုတ်လား ဥပမာ. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလိုမျိုး ဒီလောက်ရှုပ်ထွေးတာ မဟုတ်ဘူး။ ဒီဟာက ပါးပါးလေး။ Maintenance of Religious Harmony Act ဆိုတာရှိတယ် စင်ကာပူမှာ။ ကျနော်တို့က အဲဒါလေးကို base လုပ်ထားတာ။ ပါးပါးလေး ဒီဥပဒေသည် ထွက်လာလို့ရှိရင် ၄၊ ၅၊ ၆ မျက်နှာထက်ပိုမှာမဟုတ်ပါဘူး။ နည်းဥပဒေမှာသာ အသေးစိတ်ပါချင်ပါလာလိမ့်မယ်။ ဆိုလိုတာက တဘာသာနဲ့တဘာသာ အပြန်အလှန်လေးစားကြဖို့။ တဘာသာနဲ့တဘာသာ အပြန်အလှန်ယိုင်းပင်းကြဖို့၊ အပြန်အလှန် လေ့လာပြီးတော့ တယောက်ကိုတယောက် ပံ့ပိုးဖို့၊ Diversity (မတူကွဲပြားမှု) ကို ညီညီညွတ်ညွတ်နဲ့ဖြစ်အောင် စုစည်းပြီးတော့မှ ကျနော်တို့က တိုင်းပြည်အားကောင်း အောင်လုပ်ဖို့၊ တကယ်လို့များ အမုန်းတွေပြောလာရင်၊ Hate တွေ ပြောလာရင်၊ စော်ကားမော်ကားတာတွေ ပြောလာလို့ရှိရင် ဒီပုဒ်မ၊ ဒီလိုအရေးယူမယ်၊ ဒီလိုအပြစ်ပေးမယ်၊ ဒီလောက်ပါပဲ။ ကျနော်ထင်တယ် မြန်မြန်ပြီးစီးသွားနိုင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013