DVB Logo
Home
Lead Story
ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်
DVB
·
July 19, 2016
ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်
Donate to DVB

'ပျောက်သောသူ ရှာလျှင်တွေ့

သေသောသူ ကြာလျှင်မေ့'

ဤကား ဗမာလူမျိုးတို့ ပြောနေကျ ဆိုရိုးစကားပင် ဖြစ်သည်။

ယေဘုယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားလည်း ဖြစ်ပါ၏။

အထူးသဖြင့် အချိန်ကာလ ကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်း မေ့လျော့ကာ နောက်ဆုံး လုံးလုံး သတိမရတော့သော အခြေအနေ ဖြစ်လာတတ်သည်။

ဤသို့လျှင် ယေဘုယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားနှင့်ပတ်သက်၍ ခြွင်းချက်တော့ ရှိနေပါသည်။

ယင်းခြွင်းချက်ကား လွန်ခဲ့သော ၄၈ နှစ် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် စနေနေ့က ဖြစ်ပွားခဲ့သော ဗမာ့သမိုင်းတွင် အလွန်အရုပ်ဆိုး အကျည်းတန်ပြီး မည်သို့မှ ဖျောက်ဖျက်ပစ်၍ မရနိုင်သည့် အစွန်းအထင်း၊ အမည်းကွက်ကြီး (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ရာမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းပါ အာဇာနည် ခေါင်းဆောင်ကြီးများ အတုံးအရုံးနှင့် ရေတိမ်နစ် ကျဆုံးခဲ့ခြင်းသည် အချိန်ကာလ မည်မျှပင် ကြာမြင့်စေကာမူ မေ့ပျောက်၍ မရနိုင်သည့် ခြွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။

အထူးသဖြင့် ၁၉-၇-၁၉၄၇ နေ့က ဖြစ်ရပ်နှင့်တကွ ယင်းဖြစ်ရပ်မတိုင်မီ တစ်လအတွင်းက ဖြစ်ရပ်များကို အနီးကပ်သိရှိခဲ့ရသူ ကျွန်တော့်အဖို့ မမေ့နိုင်ရုံမက ပြင်းစွာ နာကြည်း ကြေကွဲခြင်း၊ ယူကျုံးမရဖြစ်ခြင်း၊ ဖြေမဆည်နိုင်အောင် ပူဆွေးဝမ်းနည်းခြင်း စသော စိတ်လှုပ်ရှားမှုဒဏ်ကို နှစ်စဉ် ဇူလိုင်လ နီးကပ်လာတိုင်း အလူးအလဲ ခံစားရတတ်ပါသည်။

ဘာကြောင့် ဤသို့ဆိုရကြောင်းကိုလည်း ယခု ဆက်လက်ဖော်ပြလတ္တံ့သော အကြောင်းပြချက်များက အဖြေပေးနိုင်လိမ့်မည် ထင်ပါသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လဆန်းတွင် 'ဘီအိုအေ' ခေါ် ဗြိတိသျှ စစ်တပ်ပင်မ လက်နက်ခဲယမ်း သိုလှောင်ရေးတပ်မှ ဘရင်းဂန်း၊ တော်မီဂန်း၊ စတင်းဂန်း စသော မောင်းပြန်လက်နက်များနှင့်တကွ ခဲယမ်းကျည်ဆန် အမြောက်အမြားကို ပစ္စည်းထုတ် ပုံစံတုများဖြင့် မသမာသူတစ်စုက ထုတ်ယူသွားကြောင်းကို Special Branch ခေါ် ရဲတပ်ဖွဲ့ဌာနချုပ်၏ 'သတင်းတပ်ဖွဲ့' က သတင်းရသဖြင့် ပြည်ထဲရေးဝန်ကြီးမှတစ်ဆင့် အစိုးရအဖွဲ့ထံ သတင်းပို့ အစီရင်ခံခဲ့ပါသည်။

ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် နိုင်ငံခြားခရီး ထွက်နေ၍ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ပျော်ဘွယ် ဦးမြက ခေတ္တပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူနေပါသည်။

ဖော်ပြပါ လက်နက်ခဲယမ်းများ လိမ်လည်ထုတ်သွားခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့က လိုအပ်သလို ဆောင်ရွက်ရန် ခေတ္တပြည်ထဲရေးဝန်ကြီးအား တာဝန်ပေးလိုက်ပါသည်။

ဝန်ကြီးဦးမြလည်း ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲသော (နောက်ပိုင်း ပြည်ထောင်စုစစ်ရဲတပ် UMP ဖြစ်လာသည်။) သောင်းကျန်းမှု နှိမ်နင်းရေးတပ်မှ တပ်စိတ်တစ်စိတ်ကို လက်နက်ခဲယမ်း အပြည့်အစုံ (မောင်းပြန်သေနတ်များ အပါအဝင်) နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်း အပြင်ဘက်တွင် လုံခြုံရေးတာဝန်များ ချထားလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကို သိထားသူ ဝန်ကြီးဦးမြသည် လက်နက်ကိုင်တပ်စိတ် လုံခြုံရေးအစောင့် ချထားခြင်းကို ဗိုလ်ချုပ်အား လုံးဝ အသိမပေးခဲ့ချေ။ ထို့ပြင် ကျွန်တော့်ကိုလည်း နှစ်ယောက်ချင်းတွေ့၍ ရုံးခန်းအပြင်ဘက်၌ လုံခြုံရေးတပ်စိတ် ချထားကြောင်းကို ဗိုလ်ချုပ်အား မပြောရန် မေတ္တာရပ်ခံခဲ့ပါသည်။ ကျွန်တော်ကလည်း အလိုက်သိစွာနှင့်ပင် ဦးမြအား ကတိပေးပြီး ဗိုလ်ချုပ်အား မပြောဘဲ နေလိုက်ပါသည်။

သို့ရာတွင် ကံဆိုးချင်တော့ တစ်နေ့ ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ ရုံးဘက်လာပြီး ဗိုလ်အောင်ကျော်လမ်းဘက် တံခါးပေါက်မှ ရုံးခန်းသို့အဝင်တွင် မလှမ်းမကမ်းရှိ ဘဏ္ဍာရေးဝန်ကြီးဌာနဘက်သို့ ချိုးကွေ့သည့် ထောင့်နား၌ မောင်းပြန်သေနတ်ကိုင် ရဲဘော်သုံးလေးဦးကို ဗိုလ်ချုပ်က လှမ်းမြင်သွားပါသည်။

ချက်ချင်း ဘာမှမပြောဘဲ ဗိုလ်ချုပ်သည် ရုံးခန်းတွင်းသို့ ရောက်တော့မှ ကျွန်တော့်အား နှစ်ယောက်ချင်း ခေါ်မေးပါသည်။

'ဟေ့ကောင်၊ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင်ရဲဘော်တွေက ဘာလုပ်တာလဲ'

'ပြည်ထဲရေးဝန်ကြီးက လိုအပ်တယ်ထင်လို့ လုံခြုံရေး အစောင့်ချထားတာပါ'

ကျွန်တော်က ရှင်းပြသည်ကို ဗိုလ်ချုပ်သည် သဘောကျဟန်မတူပါ။

'မလိုပါဘူးကွာ။ ငါ့ကို ဘယ်သူကမှလည်း လုပ်ကြံမှာ မဟုတ်ပါဘူး။ ငါကလည်း မစိုးရိမ်ပါဘူး။ ငါ့ရုံးခန်းရှေ့မှာ လက်နက်ကိုင်ရဲဘော်တွေ ချထားတာကို ငါမမြင်ချင်ဘူး။ ဒီတော့ မင်းကိုယ်တိုင် ခုချက်ချင်း ပြည်ထဲရေးဝန်ကြီး ဦးမြဆီ သွားပြီး ငါကညွှန်ကြားတယ်လို့ပြော။ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင်ရဲဘော်တွေကို ချက်ချင်းပြန်ရုပ်ခိုင်းလိုက်။ ကဲ မင်း အခုပဲ သွားပြောပေတော့'

ဗိုလ်ချုပ်က တိကျပြတ်သားစွာ ပြောသဖြင့် ကျွန်တော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အမြန်သွားရောက်၍ ဝန်ကြီး ပျော်ဘွယ်ဦးမြအား ဗိုလ်ချုပ်က အမိန့်ပေးလိုက်ပုံကို ပြောပြလိုက်ပါသည်။

ဝန်ကြီးဦးမြသည် အလွန်စိတ်မကောင်းဖြစ်သွားပုံ ရပါသည်။

'ခက်တော့တာပဲကွာ၊ ငါတို့က လုံခြုံရေးအတွက် လိုအပ်တယ်ထင်လို့ လက်နက်ကိုင်တပ်စိတ် ချပေးတာကို ဗိုလ်ချုပ်က မြင်သွားတာ ဆိုးတာပဲ၊ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ၊ သူ့အမိန့်ကိုလည်း တို့က မနာခံလို့မဖြစ်ဘူး၊ ငါတော့ စိတ်မကောင်းပါဘူးကွာ'

ဤသို့ ညည်းညူရင်းနှင့်ပင် ဝန်ကြီးဦးမြသည် သက်ဆိုင်ရာသို့ တယ်လီဖုန်းဆက်၍ ဗိုလ်ချုပ်ရုံးခန်းအရှေ့မှ လက်နက်ကိုင် လုံခြုံရေးတပ်စိတ်ကို ချက်ချင်းရုပ်သိမ်းရန် အမိန့်ပေးလိုက်ရပါတော့သည်။

ထိုနေ့ညနေဘက် ရုံးမှ အိမ်သို့အပြန်တွင် ဗိုလ်ချုပ်သည် စကားများများမပြောဘဲ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် ငြိမ်နေရင်းမှ ရုတ်တရက် ကောက်ကာငင်ကာ ကျွန်တော့်အား မေးခွန်းထုတ်ပါသည်။

'ဟေ့ တို့အိမ်မှာနေတဲ့ ရဲဘော်တွေမှာ လက်နက်ရှိသလား'

'မရှိပါဘူး။ ဗိုလ်ချုပ် သူတို့က ပြည်သူ့ရဲဘော်တွေဆိုတော့ တရားဝင် လက်နက်ကိုင်တပ်ဖွဲ့ဝင် မဟုတ်တဲ့အတွက် လက်နက်မရှိကြပါဘူး'

ကျွန်တော်က အမှန်အတိုင်း ပြောလိုက်ပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် သူ၏စိတ်ထဲ ဖြစ်ပေါ်ခံစားမိပုံကို ပြောပါသည်။

'ငါကိုယ်တိုင်ကတော့ သေရမှာလည်း မကြောက်ဘူး။ ဘယ်သူကမှလည်း ငါ့ကို လုပ်ကြံမယ်မထင်ဘူး။ ဒါပေမယ့်ကွာ အိမ်မှာရှိတဲ့ ကလေးတွေအတွက်တော့ ငါစိုးရိမ်သလို ဖြစ်မိတယ်။ ဒီတော့ လိုလိုမည်မည်ပေါ့ကွာ။ သက်ဆိုင်ရာကို ဒီနေ့ပဲ မင်းကိုယ်တိုင်သွားပြီး ငါကခိုင်းတယ်လို့ပြော။ သင့်တော်မယ့် လက်နက်နည်းနည်းပါးပါး ထုတ်ယူပြီး အိမ်ကရဲဘော်တွေကို ပေးထားလိုက် ဒါပဲ'

ဤသို့ အမိန့်ပေးသဖြင့် ကျွန်တော်လည်း အိမ်ပြန်ရောက်သောအခါ သက်ဆိုင်ရာနှင့် ဆက်သွယ် အစီအစဉ်လုပ်ပြီး တော်မီဂန်းတစ်လက်၊ စတင်းဂန်းတစ်လက်၊ ခြောက်လုံးပြူး နှစ်လက်တို့ကို ကျည်ဆန်များနှင့်တကွ ထုတ်ယူကာ တာဝါလိန်းလမ်း ဗိုလ်ချုပ်အိမ်တွင်နေသော ရဲဘော်များအား ပေးထားလိုက်ပါသည်။

နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့သည်မှာ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် စနေနေ့ ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အစိုးရအဖွဲ့ ဝန်ကြီးများ (ကက်ဘိနက်) အစည်းအဝေးပွဲ ကျင်းပနေခိုက် မသမာသူ လူသတ်သမားအဖွဲ့က ဝင်ရောက်လုပ်ကြံ ပစ်ခတ်ခြင်း ဖြစ်သည်။

အမှန်တော့ ယင်းဝန်ကြီးအစည်းအဝေးသည် ဇူလိုင် ၁၉ ရက် စနေနေ့တွင် ကျင်းပရန်မဟုတ်ဘဲ 'ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့' တွင် လုပ်ရမည်ဖြစ်သည်။

ဤနေရာတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အစည်းအဝေးအကြောင်း အနည်းငယ်ရှင်းရန် လိုပေလိမ့်မည်။

၁၉၄၆ ခု၊ စက်တင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့အာဏာကို လက်ခံရယူပြီးချိန်မှစ၍ ဝန်ကြီးအဖွဲ့ အစည်းအဝေးကို အပတ်စဉ် စနေနေ့ နံနက် ၁ဝ နာရီ ကျင်းပနေကျဖြစ်သည်။ ထိုအချိန်က ဂဠုန်ဦးစောသည် ဘုရင်ခံက တိုက်ရိုက်ခန့်အပ်ထားသော ဝန်ကြီးတစ်ဦးဖြစ်နေရာ သူသည်လည်း အပတ်စဉ် စနေနေ့တိုင်း ကျင်းပသော ဝန်ကြီးအဖွဲ့ အစည်းအဝေးသို့ တက်ရသည်။ သို့ရာတွင် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှအစိုးရတို့ သဘောတူချုပ်ဆိုသော 'အောင်ဆန်း-အက်တလီစာချုပ်'ကို ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့က သဘောမတူဘဲ ကန့်ကွက်ကြသဖြင့် ဗမာပြည် ပြန်ရောက်လာသောအခါ ဦးစောနှင့် သခင်ဗစိန်တို့သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်မှ နုတ်ထွက်သွားကြရသည်။

ထို့ကြောင့် သူတို့နှစ်ဦးသည် နောက်ပိုင်း ဗိုလ်ချုပ် ဦးဆောင်သော အစိုးရအဖွဲ့ အစည်းအဝေးများသို့ မတက်ကြတော့ချေ။

ဗြိတိန်နိုင်ငံမှ ပြန်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း အပတ်စဉ်ဝန်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို စနေနေ့ မလုပ်တော့ဘဲ ဗုဒ္ဓဟူးနေ့ကျင်းပရန် ပြောင်းရွှေ့သတ်မှတ်လိုက်သည်။

ယင်းအကြောင်းကို ဂဠုန်ဦးစောက မသိ။ ဝန်ကြီးအဖွဲ့ အစည်းအဝေးသည် စနေနေ့ ၁ဝ နာရီ ကျင်းပမြဲ ကျင်းပနေသည်ဟု ထင်မှတ်နေသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ၏ တတိယမြောက် အစည်းအဝေးကို ဇူလိုင်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် သတ်မှတ်ထားပြီး ဖြစ်ရုံမက အစည်းအဝေး ဖိတ်စာများကို ဝန်ကြီးအသီးသီးထံ ဖြန့်ဝေထားပြီး ဖြစ်သည်။

သို့သော် ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော်၏ ဆပ်ကော်မတီတစ်ခုဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ အစည်းအဝေးကျင်းပရန် ကြိုတင်သတ်မှတ်ထားပြီး ဖြစ်နေသည်။

အစည်းအဝေး နှစ်ခုတိုက်နေကြောင်းကို ကျွန်တော်က ဗိုလ်ချုပ်ထံ သတင်းပို့ တင်ပြသောအခါ ဗိုလ်ချုပ်က-

'လွှတ်တော်ကော်မတီ အစည်းအဝေးက အရေးကြီးတယ်၊ လူကြီးတွေလည်း ပါနေတယ်၊ ဒါကြောင့် အဲဒီအစည်းအဝေးကို ဒီတိုင်းပဲထား၊ ကက်ဘိနက်အစည်းအဝေးကိုတော့ စနေနေ့ ပြောင်းလုပ်လိုက်၊ ဝန်ကြီးတွေဆီလည်း ဖိတ်စာသစ် ရိုက်ပြီးပေးလိုက်' ဟု အမိန့်ပေးလိုက်ရာ 'မမေ့နိုင်သော ဇူလိုင် ၁၉ ရက်နေ့' တွင် အစိုးရအဖွဲ့ အစည်းအဝေး ကျင်းပဖြစ်သွားကာ နိုင်ငံတော် လုပ်ကြံမှုကြီးလည်း ဖြစ်ပွားခဲ့ရပါတော့သည်။

ဤသည်တို့ကား ၁၉၄၇ ခုနှစ် ဇူလိုင်လဆန်းက အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်များဖြစ်ရာ နောက်ပိုင်း ပြန်လည်သုံးသပ်ကြည့်သောအခါ အလွန်ဝမ်းနည်း ယူကျုံးမရ ဖြစ်စရာ ကောင်းလောက်အောင် ကံကြမ္မာ၏လှည့်စားမှု သို့မဟုတ် အလှည့်အပြောင်းများကို တွေ့ရပါသည်။

ပထမအချက်အနေဖြင့် အကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ရုံးခန်းရှေ့မှ လက်နက်ကိုင် လုံခြုံရေးတပ်စိတ်ကို ရုပ်သိမ်းရန် အမိန့်မပေးခဲ့လျှင်။

ဇူလိုင် ၁၉ ရက်နေ့ကျတော့ လူသတ်သမားအဖွဲ့ ဗိုလ်ချုပ်တို့အား လုပ်ကြံရန် လာသောအခါ လုံခြုံရေးတပ်စိတ်နှင့် တိုက်ပွဲဖြစ်ရုံသာ ရှိမည်။ လုပ်ကြံမှုကြီးတော့ မဖြစ်နိုင်။

တိုက်ပွဲဖြစ်လျှင် လုံခြုံရေးတပ်စိတ်က လူအင်အား၊ လက်နက်အင်အား ပိုကောင်းသဖြင့် လူသတ်သမားအဖွဲ့အား တစ်ယောက်မကျန် သုတ်သင်ချေမှုန်းပစ်နိုင်မည်မှာ သေချာသည်။

အကယ်၍သာ တိုင်းပြုပြည်ပြု လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကော်မတီက ဇူလိုင် ၁၆ ရက်နေ့တွင် အစည်းအဝေးကျင်းပရန် ချိန်းမထားခဲ့လျှင် ဝန်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို ခါတိုင်း အပတ်စဉ် ကျင်းပနေကျ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆) တွင် ကျင်းပဖြစ်မည်။ ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပသော ဝန်ကြီးအဖွဲ့ အစည်းအဝေးအကြောင်း မသိသူ ဂဠုန်ဦးစောသည် သူ၏ လူသတ်သမားအဖွဲ့အား ဇူလိုင်လ ၁၉ ရက် စနေနေ့တွင် လွှတ်မည်ဖြစ်သည်။ သို့ဖြစ်လျှင် ဝန်ကြီးအဖွဲ့ အစည်းအဝေးမရှိ၍ လုပ်ကြံမှုကြီး ဖြစ်ပွားမည်မဟုတ်ချေ။

အကယ်၍သာ လူသတ်သမားအဖွဲ့သည် ဗိုလ်ချုပ်အား အတွင်းဝန်ရုံးတွင် မလုပ်ကြံဘဲ ဗိုလ်ချုပ်၏နေအိမ် (ဗဟန်း တာဝါလိန်း ယခု ဗိုလ်ချုပ်ပြတိုက်တည်ရှိရာ) တွင် လာရောက်လုပ်ကြံပါက သူတို့သည် ဗိုလ်ချုပ်ရှိရာ အိမ်အပေါ်ထပ်သို့ပင် တက်နိုင်မည်မဟုတ်။ ဗိုလ်ချုပ်၏အမိန့်ဖြင့် ကျွန်တော်ကိုယ်တိုင် လက်နက်တပ်ဆင်ပေးထားသော အိမ်ရှိ ရဲဘော်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်မည်။ ယင်းသို့ တိုက်ပွဲဖြစ်လျှင် အိမ်မှ ပြည်သူ့ရဲဘော်များသည် ဘီဒီအေတပ်မတော်နှင့် ဖက်ဆစ်တော်လှန်ရေး တပ်သားရဲဘော်များဖြစ်၍ လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သည့်အပြင် တိုက်ပွဲအတွေ့အကြုံလည်း ရှိသောကြောင့် လူသတ်အဖွဲ့အား အလွယ်တကူပင် တွန်းလှန် တိုက်ခိုက်ပစ်နိုင်မည် ဖြစ်သည်။

သို့ရာတွင် လူသတ်အဖွဲ့သည် ဗိုလ်ချုပ်အိမ်သို့မလာဘဲ လက်နက်ကိုင်အစောင့်မရှိသော အတွင်းဝန်ရုံးသို့ သွားရောက် လုပ်ကြံခဲ့သည်။

ထို့ကြောင့်လည်း လုပ်ကြံမှုကြီး ဖြစ်မြောက်ခဲ့ရသည်။

ဗိုလ်ချုပ်ခမျာ ဖခင်တို့၏ ကြီးမားသော မေတ္တာအဟုန်ကြောင့် လူမမည် ရင်သွေးငယ်များအတွက် စိုးရိမ်မကင်းဖြစ်ကာ 'လိုလိုမည်မည်ပေါ့ကွာ' ဆိုပြီး ကျွန်တော့်အား အိမ်မှ ရဲဘော်များအား လက်နက်တပ်ဆင်ခိုင်းခဲ့သည်။ သူ့ကိုယ်သူအတွက်တော့ လုံးဝမစိုးရိမ်ဘဲ 'ငါက သေရမှာလည်း မကြောက်ဘူး၊ ဘယ်သူမှလည်း ငါ့ကို လုပ်ကြံမှာမဟုတ်ပါဘူး' ဟု ပြောခဲ့ရှာသည်။ သို့သော် တကယ်ကျတော့ သူထင်သလို မဖြစ်ခဲ့။ သူချစ်မြတ်နိုးသော ရင်သွေးငယ်များ ဘာမှမဖြစ်ဘဲ သူကိုယ်တိုင်သာ (၁၉-၇-၁၉၄၇) နေ့က မရှုမလှ 'ရေတိမ်နစ်' ကျဆုံးခဲ့ရရှာသည်။

ကံတရားက ဗိုလ်ချုပ်နှင့်တကွ ကျွန်တော်တို့ နိုင်ငံသားအားလုံးကို ဒဏ်ခတ်လိုက်သလို ပြက်ရယ်ပြု လှည့်စားလိုက်ခြင်းပေလား။

ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ အဆုံးအမအရ ကံ၊ ကံ၏အကျိုးကို ယုံကြည်ရမည်ဟု ပြန်ပြထားပါသည်။ ထို့ကြောင့် မည်သို့မှ မမေ့နိုင်သော ဇူလိုင် ၁၉ ရက် စနေနေ့က ဖြစ်ရပ်အကြောင်း ပြန်ပြောသတိရမိတိုင်း-

'သတ္တဝါမှန်သမျှ ကံစီမံ ဖန်တီးရာသာ လိုက်နာ နာခံနေကြရသည်ပါကလား' ဟူသော အင်္ဂုတ္တရနိကယ် အဘိဏှသုတ်တော်လာ တရားတော်သဘောအတိုင်း ဆင်ခြင်နှလုံးသွင်း၍ သံဝေဂဉာဏ် ပွားများကြရန်သာ ရှိပါတော့သတည်း။

တက္ကသိုလ်နေဝင်း

MOI ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013