DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်နိုင်ရေးဆွေးနွေး
DVB
·
July 18, 2016
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်နိုင်ရေးဆွေးနွေး
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ရေးအတွက် လက်တွေ့စဉ်းစားချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် အဖွဲ့ (UNFC) က ထုတ်ပြန်ပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ အမျိုးသားပြန်လည် သင့်မြတ်ရေး ငြိမ်းချမ်းရေးဗဟိုဌာန (ရန်ကုန်) ရုံးခွဲမှာ ဇူလိုင်လ ၁၇ ရက်နေ့ တွေ့ဆုံပွဲအပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲဟာ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တပ်ပေါင်းစုနဲ့ ဆွေးနွေးဖို့ ငြင်းဆန်ခဲ့တဲ့ ယခင်မြန်မာအစိုးရအဆက်ဆက်ရပ်တည်ချက်ကို ရုပ်သိမ်းပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ နောက်ဆုံး ဖြစ်ထွန်းတိုးတက်မှုဖြစ်ပါတယ်။

ခေါင်းဆောင်တွေက အားလုံးပါဝင်မှုရှိတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်ဖို့ နှစ်ဘက်စလုံးက ဆက်လက်ညှိနှိုင်းသွားမယ်လို့ ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အစပျိုးခဲ့တဲ့၊ တိုင်းသူပြည်သားတွေက အလွန်မျှော်လင့်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံနှင့်ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

မြောက်ပိုင်းဒေသတွေမှာ တပ်မတော်က တိုင်းရင်းသားလူမျိုးတွေကို ဆက်လက်ထိုး စစ်ဆင်နေ တာတွေကို ရပ်တန့်ပေးဖို့ အထူးပြောဆိုဆွေးနွေးခဲ့ကြတယ်၊ စစ်ပဋိပက္ခမှာပါဝင်နေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးက ‘စစ်မှန်တဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို တပြိုင်တည်း ကြေညာနိုင်မယ်လို့ မျှော်လင့်ကြောင်း UNFC ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ပတ်သက်လို့ UNFC က ဒီကနေ့မနက် သတင်းစာရှင်းလင်းခဲ့ရာမှာ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ခူးဦးရယ်က “ရှင်းရှင်းပြောရလို့ရှိရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီးတော့ အားလုံးသက်ဆိုင်သူ လက်နက်ကိုင် တော်လှန်တဲ့အဖွဲ့အစည်းအားလုံးပေါ့နော် ပါဝင်ခြင်းမရှိလို့ ရှိရင်ခြွင်းချန်ထားခြင်း ခံရရင် ဒီ ခြွင်းချန်ခံရတဲ့အဖွဲ့အစည်းတွေဟာ တနေ့မဟုတ်တနေ့ ပြဿနာနဲ့ပြန်ပြီးရင်ဆိုင် ရမယ့်သဘောရှိတယ်ဆိုတော့ ကျနော်တို့ မျှော်လင့်တောင့်တတဲ့ တနိုင်ငံလုံး ဘ၀လုံခြုံဖို့၊ အေးချမ်းဖို့၊ ဥပဒေစိုးမိုးဖို့ဆိုတဲ့ကိတ်စဟာ တော်တော်နဲ့ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ အဲဒီတော့ မနေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားတဲ့ အကြောင်းထဲမှာ မှတ်မှတ်ရရရှိတာကတော့ တရားဥပဒေစိုးမိုးရေးရှိဖို့လိုပါတယ်။ တရားဥပဒေစိုးမိုးရေးမရှိရင် ငြိမ်းချမ်းရေးဆိုတာ ဖြစ်မလာ နိုင်ပါဘူး။ အဲဒီတော့ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးရှိမှ ခိုင်မာတဲ့အခြေခံ ဥပဒေကောင်း တရပ်ကို ကျနော်တို့ ရေးဆွဲပြဌာန်းလို့ရမယ်ဆိုတဲ့သဘောကို ပြောသွားတာ ရှိပါတယ်။ ဒါ အရေးကြီးတယ်လို့လည်း ကျနော်တို့ဘက်က နားလည်ပါတယ်။ ဆိုတော့ အဲဒါကိုပဲ ကျနော်တို့ ဆိုလိုတာဖြစ်ပါတယ်”လို့ ပြောပါတယ်။

၂၁ ရာစုပင်လုံနဲ့ပတ်သက်လို့ နိုင်ငံရေးမူဘောင်ချမှတ်ရာမှာ အားလုံးပါဝင်ရေးဟာ အရေးကြီးပုံကို ခူးရ်ဦးရယ်က ရှင်းလင်းခဲ့ပါတယ်။

သူက “ကျနော်တို့ အချိန်နဲ့ပတ်သက်လို့ အကန့်အသတ်ရှိတယ်၊ အခက်အခဲရှိတယ်၊ ပြောရမယ်ဆိုရင် သြဂုတ်လမကုန်ခင် ညီလာခံကျင်းပဖြစ်ခဲ့မယ်ဆိုရင် (၂၁ ရာစုပင်လုံ ညီလာခံကို ဆိုလို) ဒီမတိုင်ခင်မှာ Frame Work က အားလုံးသဘောတူလက်ခံနိုင်တဲ့ Frame Work ဖြစ်ဖို့လိုပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ Framework review မှာ အားလုံး သာတူညီမျှ ပါဝင်နိုင်ခြင်းမရှိရင် အားလုံးက လက်ခံသဘောတူထားတဲ့ Framework ဖြစ်မလာဘူးဆိုရင် ညီလာခံကို ကျင်းပတဲ့အခါမှာ ကိုယ်စားလှယ်ပုံစံအနေအထားနဲ့ ပတ်သက်လို့ ညှိနှိုင်းအဖြေရှာတဲ့အခါမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်တယ်။ အဲဒီကိစ္စကို ကျနော်တို့ မနေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့တဲ့အခါမှာလည်း အဲဒီစိုးရိမ်မှုကိုလည်း ကျနော်တို့ ထည့်သွင်းတင်ပြပါတယ်” လို့ ပြောပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဟာ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ပေါ်ပေါက်သည်အထိ ညှိနှိုင်းရေးဆွဲတဲ့ထဲမှာ ပါခဲ့ပေမယ့် ယခင်အစိုးရ လက်ထက် လက်မှတ်ရေးထိုးကာနီးမှာ သမ္မတဦးသိန်းစိန်အစိုးရက တအာင်းတပ်မတော်၊ ကိုးကန့်တပ်မတော်နဲ့ ရခိုင်တပ်မတော်စတဲ့ အဖွဲ့တွေကို လက်မှတ်ရေးထိုးခွင့် ငြင်းပယ်ခဲ့တာ ကြောင့် အန်စီအေစာချုပ်မှာ ပါဝင်လက်မှတ်မထိုးကြပါဘူး။

အခုလက်ရှိအစိုးရသစ်လက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးဆောင်ပြီး ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်ရေးဆောင်ရွက်ကြဖို့နဲ့ လာမယ့်သြဂုတ်လနောက်ဆုံးပတ်ထက် နောက်မကျစေဘဲ ညီလာခံကျင်းပနိုင်ရေး ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

လွတ်လပ်ရေးရချိန်ကစလို့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့တာ နှစ်ပေါင်း ၇၀ နီးပါး ရှိခဲ့ပြီဖြစ်ပြီး တိုင်းပြည်လည်း အဖက်ဖက်က ချွတ်ခြုံကျနေပါတယ်။ နယ်စပ်မှာလည်း စစ်ပြေးဒုက္ခသည်တွေ တသိန်းကျော်ရှိနေဆဲဖြစ်သလို နိုင်ငံသား ငါးသန်းကျော်လောက်ဟာ နယ်စပ်တွေကိုဖြတ်ကျော်ပြီး သူတပါးနိုင်ငံမှာ သွားရောက်အလုပ်လုပ်နေကြရပါတယ်။

UNFC ကိုယ်စားလှယ်တွေနဲ့ အန်စီအေ လက်မှတ်ရေးထိုးထားကြပြီးသား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေဟာ လာမယ့်လကုန်ပိုင်းကျရင် ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံဆွေးနွေးပွဲ ကျင်းပပြီးနောက် အစိုးရ ကိုယ်စားလှယ်တွေနဲ့ ထပ်မံတွေ့ဆုံဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013